backup og meta

ပြင်းထန်ဆိုးရွားတဲ့ ရောဂါပိုးတွေရန်ကနေ ကာကွယ်ပေးနိုင်မယ့် အကောင်းဆုံးနည်းလမ်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပြင်းထန်ဆိုးရွားတဲ့ ရောဂါပိုးတွေရန်ကနေ ကာကွယ်ပေးနိုင်မယ့် အကောင်းဆုံးနည်းလမ်း

    ရောဂါပိုးတွေ ရန်ကနေ ဘယ်လိုကာကွယ်မလဲ? ဒီမေးခွန်းကို လူတိုင်း ဖြေတတ်မှာပဲပေါ့။ ကိုယ်ခံအား ကောင်းအောင် နေပါလို့လေ။ဒါပေမယ့် အဲဒီ ကိုယ်ခံအားကောင်းအောင် ဘာလုပ်ရမှာလဲ ရော သေချာသိကြပြီးပြီလား။

    ကိုယ်ခံအားကောင်းစေဖို့ ဂရုစိုက်ပေးရမယ့် အချက်တွေ ရှိနေပါတယ်နော်။ ဒါတွေကို မမေ့မလျော့ ထိန်းသိမ်းမှသာ ကိုယ်ခံအားစနစ် ကျန်းမာပြီး ရောဂါပိုးတွေကို ခုခံနိုင်မှာပါ။

    ဘယ်အချက်တွေလဲ ဆိုတာ ဆက်ပြီး ကြည့်ရအောင်…

    (၁) လက်ကို စင်ကြယ်အောင် ဆေးပါ

    လက်ကို ရေဆွတ်ရုံဆေးတာမျိုး မဟုတ်ဘဲ ဆပ်ပြာနဲ့ သေချာသန့်စင်ပြီး ဆေးကြောသင့်ပါတယ်။ လက်ကို လက်ဖဝါးအပြင် လက်ချောင်းကြား၊ လက်သည်း၊ လက်ဖနောင့်၊ လက်ကောက်ဝတ်အထိ ဆပ်ပြာနဲ့ စက္ကန့် ၂၀ လောက်ကြာအောင် သေချာပွတ်တိုက်ပြီး ဆေးကြောပါ။

    ဒါမှမဟုတ် လက်သန့်ဆေးရည်နဲ့ အထက်ပါအတိုင်း ပွတ်သပ်သန့်စင်ပါ။

    အစာမစားခင်၊ အစားအသောက်တွေကို မကိုင်တွယ်ခင် လက်ဆေးပါ။ အိမ်သာက ထွက်ရင် လက်ဆေးပါ၊ အမှိုက်တွေ ကိုင်ပြီးရင် လက်ဆေးပါ။ နေမကောင်းသူ နဲ့တွေ့ပြီးရင် လက်ဆေးပါ။ အိမ်မွေးတိရစ္ဆာန်ကို ကိုင်တွယ်ပြီးရင် လက်ဆေးပါ။

     (၂) အိပ်ရေး ဝအောင် အိပ်ပါ

    အိပ်ရေးပျက်ရင် ကိုယ်ခံအား နည်းစေပြီး ခန္ဓာကိုယ်ရဲ့တစ်နေ့တာ လုပ်ဆောင်ချက် တွေမှာ ဆုတ်ယုတ်မှုတွေ ရှိလာစေနိုင်ပါတယ်။ တော်တန်ရုံ ရောဂါမဖြစ်ဘဲ ကိုယ်ခံအားကောင်းနေချင်ရင် တစ်နေ့ကို အိပ်ချိန် ၆ နာရီကနေ ၈ နာရီအတွင်းရှိဖို့လိုပါတယ်။

     (၃) တစ်ကိုယ်ရေ သန့်ရှင်းမှု ဂရုစိုက်ပါ။

    ကိုယ်ခံအား တော့ ကောင်းချင်တယ် ရေတော့မှန်အောင် မချိုးဘူးဆိုရင် သိပ်မဟုတ်သေးဘူးနော်။ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိမှ ကိုယ်ခံအားစနစ်က ပိုးမွှားတွေကို အောင်နိုင်မှာပါ။ အရေပြားဆိုတာ ရောဂါပိုးမွှားတွေနဲ့ လူ့ခန္ဓာကိုယ်ကြားက အဟန့်အတားလေးတစ်ခုဖြစ်တာမို့ ကိုယ်ခံအားစနစ်အတွက် အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်နေလို့ပါပဲ။

     (၄) အာဟာရ နဲ့ စားသောက်ပုံ ကို ချိန်ညှိပါ။

    အရေးကြီးဆုံး အပိုင်းကို ရောက်လာပါပြီ။ ရှေ့ကပြောခဲ့တဲ့ အချက်တွေကို မေ့လို့မရသလို အဲဒီအချက်တွေပြည့်စုံပေမယ့် ဒီအာဟာရကို ပြည့်ဝအောင် မစားတတ်ရင် ကိုယ်ခံအား ကောင်းဖို့ ရည်ရွယ်ချက် မအောင်မြင်နိုင်ပါဘူး။

    ကျန်းမာတဲ့ စားသောက်ပုံ အာဟာရ မှာ –

    • အသား၊ ငါး၊ ပဲ၊ ဥ၊ အစေ့အဆန် တွေ ပါဝင်ရမယ်။ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အဆီလျှော့ နွားနို့နဲ့ နို့ထွက်ပစ္စည်း တွေ ပါသင့်တယ်။
    • ပြည့်ဝဆီ၊ အသွင်ပြောင်းဆီနဲ့ နဲ့ ကိုလက်စထရောတက်စေမယ့် အရာတွေ ရှောင်ရမယ်။
    • အငန်နဲ့ အချိုစားသုံးမှု မလွန်ကဲရဘူး ဆိုတဲ့ အချက်တွေက အခြေခံအရေးကြီးပါတယ်။

    ဒီအစားအစာ အုပ်စုတွေကို တစ်မျိုးတည်းလွန်ကဲတာမျိုးမဟုတ်ဘဲ အစုံအလင်ကို ညီညီမျှမျှ စားသုံးရပါမယ်။ ပြုပြင်စီမံထားတာတွေ၊ အသင့်စားတွေ၊ ကျန်းမာရေးနဲ့မညီတာတွေ၊ မသန့်ရှင်းတာတွေ၊ တာရှည်ခံဓာတုပစ္စည်းပါနေတာတွေ မစားမိဖို့ သတိထားပါ။

    အစားနည်းသူ၊ အာဟာရမလုံလောက်သူ၊ အသက်ကြီးသူတွေအတွက်တော့ ဖြည့်စွက်အာဟာရမှုန့်တွေ ရဲ့အကူအညီ လိုအပ်နိုင်ပါတယ်။ သူတို့က ခန္ဓာကိုယ်အတွက် လိုအပ်မယ့် မရှိမဖြစ်ဗီတာမင်တွေအပြင် အသားဓာတ်၊ အမျှင်ဓာတ်၊ ကယ်လ်စီယမ် စတဲ့ အာဟာရတွေကို ကူပြီး အားဖြည့်ပေးပါလိမ့်မယ်။ ညီညွတ်မျှတတဲ့ အာဟာရကို အချိုးအစားကျကျ သောက်လို့ရတာမို့ ဒီလူတွေအတွက် ပိုအဆင်ပြေပါတယ်။

    (၅) စိတ်ရဲ့ တင်းအားတွေ ဖြေလျှော့ပါ

    Tension လို့ပြောကြတဲ့ စိတ်ရဲ့တင်းအားတွေကို ဖြေလျှော့ဖို့ ကြိုးစားပါ၊ အဲဒီကနေ စိတ်ဖိစီးမှုတွေ ဖြစ်လာနိုင်လို့ပါ။ စိတ်ဖိစီးစေတဲ့အရာတွေကို ဖြေဖျောက်ဖို့ကြိုးစားပါ။ စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ်မှာထွက်လာတဲ့ ကော်တီဆောဟော်မုန်းက ကြာလာရင် အစားအသောက်မူမမှန်တာ၊ အအိပ်မမှန်တာ စတဲ့ဆိုးကျိုးတွေနဲ့ ခန္ဓာကိုယ်ကိုပါ ဖိစီးလာပြီး ကိုယ်ခံအားစနစ်ရဲ့ လုပ်ဆောင်ချက်တွေကို အနှောင့်အယှက်ပေးနိုင်ပါတယ်။

    ဒီလောက်ဆို ကိုယ်ခံအားစနစ်ကို ဘယ်လိုကျန်းမာအောင်၊ အားကောင်းအောင် စောင့်ရှောက်ရမလဲ သိလောက်ပြီပေါ့နော်။ ရောဂါကင်းဝေး ကျန်းမာစေဖို့ ကိုယ်ခံအားကောင်းအောင် ဂရုစိုက်ကြရအောင်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement