backup og meta

ရောဂါပိုးတွေကို ခုခံတိုက်ထုတ်ဖို့ ကိုယ်ခံအားကောင်းနေဖို့ လိုတယ်နော်


Ye Myo Myat မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရောဂါပိုးတွေကို ခုခံတိုက်ထုတ်ဖို့ ကိုယ်ခံအားကောင်းနေဖို့ လိုတယ်နော်

    ကမ္ဘာကြီးက အရင်ကထက် ပိုပြီးပူနွေးလာတယ်။ ရာသီဥတုတွေ ဖောက်လွဲဖောက်ပြန်ဖြစ်လာတယ်။ အဲ့လိုပဲ ရောဂါပိုးမွှားအသစ်အဆန်းတွေဆိုတာလည်း အရင်တုန်းကရော အခုရော နောင်ရော ထွက်ပေါ်နေဦးမှာပါ။ မှတ်မှတ်ရရ အရင်နှစ်တွေတုန်းကလည်း ကြက်ငှက်တုပ်ကွေး၊ ဆင်တုပ်ကွေး၊ ဝက်တုပ်ကွေးဆိုပြီး အမျိုးမျိုး ထွက်လို့ ပြည်သူလူထုက အထိတ်တလန့် ဖြစ်ကြရတယ်။ အခုတခါလည်း တရုတ်ပြည်ကနေ ဝူဟန်ဗိုင်းရပ်စ်ဆိုပြီး အဆုတ်ရောင်နမိုးနီးယားဖြစ်စေတဲ့ ဗိုင်းရပ်စ်အသစ်တွေ ထပ်ထွက်လာပြန်ပြီနော်။

    ရောဂါပိုးမွှားဆိုတာ အသစ်ပဲ ဖြစ်ဖြစ်၊ အဟောင်းပဲဖြစ်ဖြစ် အဓိက ကူးစက်နိုင်တာကတော့ ကိုယ်ခံအားနည်းသူတွေ၊ ကလေးတွေနဲ့ အသက်ကြီးပိုင်းအရွယ်တွေပါပဲ။ အရေပြားချင်းထိမိရာကနေ ကူးစက်တာတွေ ရှိတယ်၊ လေထဲကနေတစ်ဆင့် ကူးစက်တာတွေလည်း ရှိတယ်၊ အစားအစာ သို့မဟုတ် တိရစ္ဆာန်အသားကနေ ကူးစက်တာမျိုးလည်း ရှိတယ်။ ဘယ်လိုကြောင့်ပဲ ကူးစက်ခံရပါစေ ကိုယ်ခံအားနည်းတဲ့သူတွေသာလျှင် အဓိကရောဂါဖြစ်နိုင်ခြေ အများဆုံးဆိုတာတော့ မမေ့သင့်ပါဘူး။ ဒါကြောင့် ဘယ်လိုအချိန်မျိုးမှာမဆို ကိုယ့်ရဲ့ ကိုယ်ခံအားစနစ်က ကောင်းနေမှ ကိုယ်ခန္ဓာထဲ ဝင်လာနိုင်တဲ့ ရောဂါပိုးမွှားမှန်သမျှကို တိုက်ထုတ်ပေးနိုင်မှာပါ။

    ကိုယ်ခံအားကောင်းအောင် ဘာတွေလုပ်မလဲ။

    ကိုယ်ခံအားကောင်းစေဖို့ အဓိက လုပ်ပေးရမှာကတော့ ကိုယ့်ရဲ့ တစ်နေ့တာ နေထိုင်စားသောက်မှုပုံစံကို ကျန်းမာရေးရှုထောင့်မှ အကောင်းဘက်သို့ ပြောင်းလဲပစ်ဖို့ပါပဲ။ အဓိက ကျန်းမာအောင်နေမယ်၊ စားသောက်မယ်ဆိုရင် ကိုယ်ခံအားကျစရာ အကြောင်းမရှိပါဘူး။ ဘာတွေလုပ်ဖို့ လိုအပ်လဲဆိုရင်

    ၁။ အာဟာရဖြစ်တဲ့ အစားအစာတွေကို များများစားပေးပါ။

    လူတစ်ယောက်ရဲ့ ကိုယ်ခံအားစနစ်ကောင်းစေဖို့ တစ်နေ့တာ လိုအပ်တဲ့ အစာအာဟာရတွေကို အစုံအလင်ရရှိဖို့ အရေးကြီးပါတယ်။ ဒီလိုအာဟာရဓာတ်စုံလင်မှပဲ ကျွန်တော်တို့ ကိုယ်ခံအားစနစ်က အားအင်ပြည့်ဝနေပြီး တခြားရောဂါပိုးမွှားတွေကို တိုက်ထုတ်ပေးနိုင်မှာကိုး။ ဒီအတွက် မဖြစ်မနေ စားပေးသင့်တာက အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ဥ၊ ပဲ၊ အသီးအနှံ၊ နွားနို့နဲ့ နို့ထွက်ပစ္စည်းများ၊ အစေ့အဆန် စတာတွေကို စုံလင်စွာ စားပေးပါ။

    ဒီ့ထက်ပိုပြီး ကိုယ်ခံအားကောင်းစေချင်တယ်ဆိုရင် ဗီတာမင် စီ ပါတဲ့ အချဉ်ဓာတ်များတဲ့ အသီးအနှံတွေ (ဥပမာ- လိမ္မော်သီး၊ သံပရာသီး၊ ရှောက်ချိုသီး၊ စပျစ်သီး)၊ ချင်းပြုတ်ရည်၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်း အစရှိတဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ၊ အယ်လ်မွန်စေ့၊ ဒိန်ချဉ်၊ ကြက်သွန်ဖြူ၊ သင်္ဘောသီး စတာတွေကို ပိုစားပေးသင့်ပါတယ်။

    ၂။ အိပ်ချိန်ကို အမြဲပြည့်ဝနေစေဖို့ ဂရုစိုက်ပါ။

    လူတစ်ယောက်ရဲ့ တစ်နေ့အိပ်ချိန်ဟာ အနည်းဆုံး ၇နာရီမှ ၈နာရီအထိ ရှိသင့်ပါတယ်။ ဒါမှပဲ ကိုယ်ခံအားကောင်းပြီး လူက လန်းဆန်းတက်ကြွနေမယ်။ အိပ်ရေးမကြာခဏ ပျက်တယ်ဆိုရင် ကိုယ်ခန္ဓာက လုပ်ဆောင်မှုအားနည်းပြီး ခုခံအားစနစ်ကို ကျဆင်းစေနိုင်ပါတယ်။ တစ်နေ့တာ အိပ်ချိန်လို့ ဆိုရာမှာ ညအိပ်ချိန် တစ်ခုတည်းကိုသာ ဆိုလိုတာဖြစ်ပြီး ညမအိပ်ဘဲ မနက်မှအိပ်တာ၊ ညအိပ်ရေးမဝလို့ နောက်နေ့ နေ့ခင်းမှာ ပေါင်းအိပ်လိုက်တာ၊ တရေးတမော မှေးလိုက်တာတွေကို ထည့်မတွက်ပါဘူး။

    ၃။ ကျန်းမာရေးအတွက် မကောင်းတဲ့ အရာမှန်သမျှ အကုန်ရှောင်ထားပါ။

    လူတစ်ယောက် ကျန်းမာနေစေဖို့ ကိုယ့်ကိုဒုက္ခပေးနိုင်တဲ့ အရာမှန်သမျှ ရှောင်နိုင်သလောက် ရှောင်ဖို့ အရမ်းအရေးကြီးပါတယ်။ ဒီလို ကိုယ်ခံအားကို ထိခိုက်စေနိုင်တဲ့ မကောင်းတဲ့ အရာတွေထဲမှာ အရက်၊ ဆေးလိပ်၊ ကွမ်း၊ ကော်ဖီသောက်တာတွေ ရှောင်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။

    ၄။ စိတ်ဖိစီးမှုကို လျှော့ချပါ။

    လူတွေပေါ့ပေါ့ တွေးတတ်တဲ့ စိတ်ကျန်းမာရေးပြဿနာဟာ ကျန်းမာရေးနဲ့ ကိုယ်ခံအားစနစ်အပေါ် သက်ရောက်မှုအများကြီးရှိပါတယ်။ စိတ်ဖိစီးမှုတွေ များနေတဲ့လူတစ်ယောက်မှာ ကော်တီစော်ဟော်မုန်း (Cortisol) လို့ ခေါ်တဲ့ မကောင်းတဲ့ ဟော်မုန်းတွေ အများအပြားထွက်လာတတ်ပါတယ်။ ဒီဟော်မုန်းတွေဟာ ကျွန်တော်တို့ရဲ့ တစ်နေ့တာ လုပ်ဆောင်ရမယ့်တာဝန်တွေကို သွားပြီးအနှောင့်အယှက်ပေးနိုင်ပါတယ်၊ ဥပမာ- ညအိပ်မပျော်တာမျိုး၊ အစာစားချင်စိတ်နည်းသွားတာ၊ စားသောက်ပုံ မူမမှန်တာ၊ လူက လေးပင်ထိုင်းမှိုင်းနေတာမျိုးပေါ့။ ဒီလိုဖြစ်လာပြီဆိုတာနဲ့ နောက်ဆက်တွဲ ဆိုးကျိုးသက်ရောက်မှာက ကျွန်တော်တို့ရဲ့ ကိုယ်ခံအားစနစ်ပါပဲ။ အဲ့တော့ စိတ်ဖိစီးမှုကို တတ်နိုင်သလောက် လျှော့ချဖို့ တရားထိုင်ပါ၊ ယောဂလေ့ကျင့်ပါ၊ အားကစား၊ လေ့ကျင့်ခန်းများများလုပ်ပါ၊ တချို့သောလောကီကိစ္စတွေကို အကောင်းဘက်ကနေ ဖြည့်ပြီး တွေးဖို့ ကြိုးစားကြည့်ပါ။

    ၅။ လေ့ကျင့်ခန်း၊ အားကစားလုပ်ပါ။

    အမြဲတမ်းထိုင်နေတဲ့ လူတစ်ယောက်က အဝလွန်ပြီး ရေရှည်မှာလည်း ကျန်းမာရေးဆုတ်ယုတ်နိုင်တယ်ဆိုတာ အားလုံးလည်း သိမှာပါ။ ဒါကြောင့် ကိုယ့်ရဲ့ ကျန်းမာရေးအတွက် အမြဲတမ်း လေ့ကျင့်ခန်း၊ အားကစားလုပ်ပေးဖို့ လိုပါတယ်။ gym မှာ စနစ်တကျ လေ့ကျင့်ကစားတာ၊ လမ်းမြန်မြန်လျှောက်တာ၊ ပြေးတာ၊ စက်ဘီးစီးတာ၊ ရေကူးတာ၊ တောင်တက်တာ၊ Zumba အက လေ့ကျင့်တာ၊ ဘောလုံးကန်တာ စတဲ့ သွေးပူလေ့ကျင့်ခန်းမျိုးစုံ လုပ်ပေးလို့ရပါတယ်။ အိမ်မှာပဲ ငြိမ်ငြိမ်လေး ထိုင်နေလိုက်၊ လှဲနေလိုက်လုပ်တတ်တဲ့ အကျင့်ရှိရင်တော့ အခုကတည်းက ဖျောက်ထားဖို့ လိုမယ်နော်။

    ၆။ အမြဲတမ်း လက်ကို သန့်ရှင်းအောင်ထားပါ။

    အရာဝတ္ထုပေါင်းစုံနဲ့ အမြဲထိတွေ့နေရတဲ့ ကျွန်တော်တို့ရဲ့ လက်ပေါ်မှာ မမြင်နိုင်တဲ့ ရောဂါပိုးပေါင်းစုံ ကပ်ငြိနေနိုင်ပါတယ်။ ဒါကြောင့် လက်ကို နာရီဝက် သို့မဟုတ် တစ်နာရီခြားတစ်ခါလောက် ဆေးနေဖို့ လိုပါတယ်။ အကယ်လို့ အပြင်မှာရောက်နေလို့ လက်မဆေးနိုင်ဘူးဆိုရင်လည်း ရေမလို လက်သန့်စင်ဆေးရည်တွေကို ဆောင်ထားပြီး အသုံးပြုလို့ရပါတယ်။ မသန့်ရှင်းတဲ့ လက်နဲ့ မျက်လုံးပွတ်တာ၊ ပါးစပ်ထဲ ထည့်တာ၊ နှာခေါင်းတွေကို ပွတ်တာမျိုး လုံးဝမလုပ်ပါနဲ့။

    ၇။ ရေများများသောက်ပါ။

    ကျွန်တော်တို့ ကိုယ်ခန္ဓာက အချိန်နဲ့အမျှ ရေဓာတ်ကို ဆုံးရှုံးတတ်ပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ်နည်းလာတာနဲ့အမျှ လည်ချောင်း၊ နှာခေါင်းအတွင်း ချွဲတွေ၊ သလိပ်တွေ ထလာမယ်။ အပြင်ကနေ ဝင်လာနိုင်တဲ့ ရောဂါပိုးမွှားတွေက ဒီအချွဲအကျိတွေမှာ ကပ်သွားတဲ့အခါ ရောဂါပိုးတွေကို လျင်မြန်စွာ ပွားများစေနိုင်ပြီး ကိုယ်ခံအားစနစ်ကိုပါ ကျဆင်းစေနိုင်ပါတယ်။ ဒါကြောင့် ရေကို အနည်းဆုံး ၃လီတာသောက်ပေးရပါမယ်။ ရေဆာတဲ့အထိကို မစောင့်ပါနဲ့။ နာရီဝက်ခြားတစ်ခါလောက် အာစွတ်ရုံဖြစ်ဖြစ် ရေသောက်ပေးပါ။

    အပေါ်မှာ ပြောထားတာက ကိုယ်ခံအားကောင်းစေဖို့အတွက် မဖြစ်မနေလုပ်ပေးရမယ့်၊ ပြင်ဖို့လိုအပ်တဲ့ အချက်တွေပါပဲနော်။ လူတစ်ယောက်က ကိုယ်ခံအားကောင်းနေရင် ဘယ်လိုရောဂါပိုးတွေကိုမှ ကြောက်နေစရာ မလိုပါဘူးနော်။ ပြီးတော့ အခုလို ဝူဟန်ဗိုင်းရပ်စ် (Corona Virus) ကြောင့် အများပြည်သူ အထိတ်တလန့်ဖြစ်နေရတဲ့ အချိန်ကာလမျိုးမှာ ကိုယ့်ရဲ့ ကိုယ်ခံအားကို ကောင်းနေအောင် နေထိုင်စားသောက်မှုပုံစံတွေကို ပြင်ဖို့၊ လူထူထပ်တဲ့နေရာသွားတာ ရှောင်ကြဉ်ဖို့ ထပ်မံ အကြံပေးလိုက်ချင်ပါတယ်။

    Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement