backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

လက်သန့်စင်ဆေးရည်အသုံးပြုတဲ့အခါ ဘာတွေသတိထားသင့်လဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

လက်သန့်စင်ဆေးရည်အသုံးပြုတဲ့အခါ ဘာတွေသတိထားသင့်လဲ

ပုံမှန်အားဖြင့်တော့ လက်တွေ၊ ခြေတွေ ညစ်ပတ်ပြီဆိုရင် ကျွန်တော်တို့ ဆပ်ပြာနဲ့ ရေကို သေချာဆေးတတ်ကြပါတယ်။ ခေတ်က တိုးတက်ပြောင်းလဲလာပြီးတဲ့ နောက်မှာ နည်းပညာအသစ်အဆန်းတွေနဲ့ အလွယ်တကူ သန့်ရှင်းလို့ရတဲ့ လက်သန့်စင်ဆေးရည်ဆိုပြီး ပေါ်လာပါတယ်။

သူ့ရဲ့ အားသာချက်ကတော့ ကိုယ်က အပြင်ရောက်နေလို့ လက်ဆေးရမလွယ်ကူဘူးဆိုရင် လက်သန့်စင်ဆေးရည်ကို နည်းနည်းညှစ်ပြီး သုံးပေးရုံပါပဲ။ အယ်လ်ကိုဟော ပါဝင်လို့ ဘက်တီးရီးယားပိုးတွေ သေစေတယ်။ အနံ့လေးက သင်းတော့ လူအများစု တွင်တွင်ကျယ်ကျယ် သုံးလာကြပါတယ်။

လက်သန့်စင်ဆေးရည်ကို အပြင်မှာ အမြဲသွားလာနေရတဲ့ သူတွေ၊ ဆေးရုံဆေးခန်းမှာ လူနာနဲ့ အမြဲထိတွေ့ဆက်ဆံနေရတဲ့ ဆရာဝန်၊ သူနာပြုတွေ အများဆုံး သုံးတတ်ကြပါတယ်။ ဖုန်မှုန့်၊ အညစ်အကြေး၊ ဘက်တီးရီးယား ပိုးမွှားတွေကိုပါ သေစေတယ်။ လူတွေနဲ့ အမြဲထိတွေ့ဆက်ဆံနေရတော့ သူတို့ဆီကနေလည်း ရောဂါပိုးတွေ အလွယ်တကူ မကူးစက်နိုင်တော့ပါဘူး။

ဒါဆိုရင် သုံးရတာလည်း အဆင်ပြေလွယ်ကူတဲ့ လက်သန့်စင်ဆေးရည်နဲ့ ပတ်သက်ပြီး ဘာတွေ သတိထားဖို့ လိုမလဲ။ ဘာတွေ သိထားသင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်။

၁။ အရင်ဆုံး သိထားသင့်တာကတော့ လက်သန့်စင်ဆေးရည်မှာ အသားအရေကို ထိခိုက်ပျက်စီးစေတဲ့ အယ်လ်ကိုဟော အများအပြား ပါဝင်ပါတယ်။ အယ်လ်ကိုဟော ပမာဏ ၆၀ ရာခိုင်နှုန်း အနည်းဆုံးပါဝင်တဲ့ လက်သန့်စင်ဆေးရည်မှသာ ဘက်တီးရီးယားပိုးမွှားတွေကို ချက်ချင်းသေစေနိုင်ပါတယ်။ အသုံးပြုလိုက်တဲ့အချိန်မှာ အယ်လ်ကိုဟောတွေက အသားအရေပေါ်ကနေတစ်ဆင့် အငွေ့ပြန်သွားပါတယ်။ ဒီအခါမှာ အရေပြားပေါ်မှာ ရှိနေတဲ့ ရောဂါပိုးမွှားတွေကို သေစေတဲ့အပြင် အသားအရေကို ထိခိုက်မှုဖြစ်လာပါတယ်။

၂။ ကြာကြာအသုံးပြုမယ်ဆိုရင် အရေပြားကို ခြောက်သွေ့စေပါတယ်။ လက်သန့်စင်ဆေးရည်မှာ ပါဝင်တဲ့ အယ်လ်ကိုဟောအပြင် တခြားသော ဓာတုဗေဒပစ္စည်းတွေဟာ အသားအရေကို ယားယံပြီး ခြောက်သွေ့စေတယ်။ အသားအရေ အတွင်းပိုင်းထိ ရေဓါတ်ခမ်းခြောက်စေပြီး အရေပြားပြဿနာတွေပါ ဖြစ်လာစေနိုင်ပါတယ်။

၃။ အရေပြားခြောက်တာ ကြာလာတဲ့အခါ အသားအရေတွန့်လာမယ်။ အရေးအကြောင်းတွေ ထင်လာမယ်။ အသားမာတွေ တက်ပြီး ကွဲအက်လာမယ်။ အရေပြားရဲ့ သဘာဝအတိုင်း အစိုဓာတ်ထိန်းပေးနိုင်တဲ့ အာနိသင်ကို အဟန့်အတားဖြစ်စေပါတယ်။ အရေပြားဆဲလ်တွေကိုပါ ပျက်စီးစေပါတယ်။

၄။ လက်သန့်စင်ဆေးရည်အများစုမှာ အသားအရေနဲ့ ဓာတ်မတည့်စေတဲ့ ဓာတုဗေဒပစ္စည်းတွေ၊ အမွှေးနံ့သာတွေ ထည့်သွင်းအသုံးပြုထားတတ်ပါတယ်။ တချို့သော ဆေးရည်တွေမှာ ပါဝင်တဲ့ အယ်လ်ကိုဟောတွေဟာ အရေပြားဟော်မုန်းတွေကို ပျက်စီးစေသည်အထိ ပြင်းထန်နိုင်ပါတယ်။

၅။ ရောဂါပိုးမွှားတွေကို သန့်စင်ပေးဖို့ လက်သန့်စင်ဆေးရည်တွေကို အသုံးပြုတတ်ကြပါတယ်။ ပိုးသေစေတဲ့ အာနိသင်ရှိပေမဲ့ ပါးစပ်ထဲ မတော်တဆ ဝင်ရောက်သွားတဲ့အခါမှာ အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ကိုယ့်ရဲ့ လက်တွေ ညစ်ပေနေပြီဆိုရင် အကောင်းဆုံးကတော့ ဆပ်ပြာနဲ့ ရေကို အသုံးပြုပြီး သေချာဆေးကြောပါ။ ရေအလွယ်တကူ ဆေးမရနိုင်တဲ့ နေရာမျိုးမှာဆိုရင်တော့ အသုံးပြုပါ။ သုံးပြီးလို့ အိမ်ပြန်ရောက်ရင်လည်း လက်ကို သေချာပြန်ပြီး ဆေးပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement