backup og meta

ဘော်ဒီရော၊ အသားအရေပါလှစေဖို့ လေ့ကျင့်ခန်းမှန်မှန်လုပ်ကြစို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 10/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘော်ဒီရော၊ အသားအရေပါလှစေဖို့  လေ့ကျင့်ခန်းမှန်မှန်လုပ်ကြစို့

    ဘော်ဒီရော၊ အသားအရေပါလှစေဖို့ လေ့ကျင့်ခန်းမှန်မှန်လုပ်ကြစို့ …… လေ့ကျင့်ခန်းလုပ်တယ်ဆိုတဲ့နေရာမှာ ပိန်ချင်လို့၊ ဝချင်လို့၊ ကြွက်သားတွေကြီးချင်လို့၊ ကျစ်ချင်လို့၊ ခရီးသွားရင် ပိန်ပြီးလှနေဖို့ ဆိုပြီး အကြောင်းရင်းမျိုးစုံနဲ့ gym တွေသွားကြတယ်လေ။ ဘာကြောင့်ပဲ လေ့ကျင့်ခန်းလုပ်လုပ်၊ ဘယ်လိုလေ့ကျင့်ခန်းကိုပဲလုပ်လုပ် လေ့ကျင့်ခန်းကပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကိုတော့ ဘယ်သူမှပြောစရာမလိုအောင် များတယ်ဆိုတာလည်း သိပြီးကြပြီ။ အဲဒါတွေအားလုံးထဲကမှ လူသိနည်းနေကြတာက လေ့ကျင့်ခန်းလုပ်တာဟာ ခန္ဓာကိုယ်ကိုပဲ လှစေတာမဟုတ်ပဲ အသားအရေ၊ ဆံပင်တွေကိုလည်း လှစေတယ် ကျန်းမာစေတယ်ဆိုတာပါပဲ။

    ဘော်ဒီရော၊ အသားအရေပါလှစေဖို့ လေ့ကျင့်ခန်းမှန်မှန်လုပ်ကြစို့

    ဘော်ဒီရော၊ အသားအရေပါလှစေဖို့ လေ့ကျင့်ခန်းမှန်မှန်လုပ်ကြစို့ ….. ဘာကြောင့် ဒီလို ပြောရတာလဲဆိုတော့ –

    ၁။ အသားအရေကြည်လင်မယ်။

    အသားအရေကို ထိန်းသိမ်းရတာကြိုက်တဲ့သူတွေကြားထဲမှာ အရမ်းပြောတဲ့အသုံးအနှုန်းတစ်ခုရှိပါတယ်။ Skin glow စကင်း ဂလိုး ဆိုပြီး မျက်နှာအသားအရေက ကြည်လင်လွန်းလို့ ပြောင်လက်နေတယ်ဆိုတဲ့အဓိပ္ပါယ်ပါ။ အေရိုးဗစ်လေ့ကျင့်ခန်း (aerobic exercise) တွေလုပ်တဲ့ချိန်မှာ အသားအရေ စီကို အောက်စီဂျင်တွေနဲ့ပြည့်နေတဲ့ သွေးတွေက အရှိန်အဟုန်နဲ့ ရောက်ရှိလာပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်ပြီးပြီးချင်းဆို အသားအရေဟာ စိုလက်ပြီး ပြောင်တင်းနေတာ ဖြစ်ပါတယ်။

    ၂။ အရေးအကြောင်းကို လျော့နည်းစေမယ်။

    လေ့ကျင့်ခန်းလုပ်တာဟာ စိတ်ဖိစီးမှု ဟော်မုန်းဖြစ်တဲ့ ကော်တီစော (cortisol) ကိုလျှော့ချပေးနိုင်တယ်။ Cortisol ဟော်မုန်းများရင် မျက်နှာအဆီထုတ်လုပ်မှုများစေပြီးတော့ ဝက်ခြံထွက်စေတယ်။ မျက်နှာ အသားအရေထဲမှာ ရှိတဲ့ ကော်လဂျင် (collagen) ကိုလည်း ပြိုကွဲစေတော့ အသားအရေ လျော့ရဲတာတွေ ဖြစ်လာနိုင်တယ်။ လေ့ကျင့်ခန်းမှန်မှန် လုပ်ခြင်းအားဖြင့် collagen ထုတ်လုပ်တာကို အားပေးတယ်။ အရွယ်တင် နုပျိုစေပါတယ်။

    ၃။ ဝက်ခြံသက်သာမယ်။

    ပုံမှန်လေ့ကျင့်ခန်းလုပ်ရင် သွေးလည်ပတ်မှုကောင်းစေတယ်။ သွေးလည်ပတ်မှုကောင်းတဲ့အတွက် အသားအရေအတွက် အဆိပ်အတောက်ဖြစ်စေမယ့် အရာတွေအကုန်လုံးကို သွေးကသယ်သွားပြီး သန့်စင်ပေးတယ်။ ချွေးထွက်တဲ့အတွက် ချွေးပေါက်ထဲမှာရှိတဲ့ အညစ်အကြေးတွေကိုလည်း သန့်စင်ပေးနိုင်တယ်။ မှန်ကန်တဲ့လေ့ကျင့်ခန်းမျိုးဆိုရင် ဟော်မုန်းမညီမျှတာကြောင့်ဖြစ်တဲ့ လူကြီးဝက်ခြံကိုပါ သက်သာစေနိုင်တယ်။

    တချို့သူတွေကပြောကြတယ် gym သွားပြီးမှ ဝက်ခြံပိုပေါက်လာတယ်။ ဒါကဘာကြောင့်လဲဆိုတော့ မျက်နှာကို သေချာမသန့်စင်တာ၊ gym မှာလူစုံတော့ ဝက်ခြံပေါက်လက်စသူဆို ပိုးဝင်သွားတာတွေဖြစ်နိုင်တယ်။ ဒါတွေကို ကာကွယ်ဖို့အတွက် လုပ်ပြီးသွားရင် မျက်နှာကို သေချာသန့်စင်ပါ၊ အဆီထွက်၊ ဝက်ခြံထွက်တတ်တဲ့သူတွေနဲ့ သင့်တော်တဲ့ မျက်နှာသစ်ဆေးအပျော့ကိုသုံးပါ။ gym ဆော့နေချိန်မှာ မိတ်ကပ်အထူကြီးလိမ်းရင်လည်း ချွေးပေါက်တွေကို ပိတ်ဆို့သလိုဖြစ်ပြီး ချွေးတွေရယ် မိတ်ကပ်တွေရယ်နဲ့ပေါင်းပြီး ဝက်ခြံပိုထွက်တတ်ပါတယ်။

    ၄။ ကျန်းမာတဲ့ ဆံပင်တွေရရှိစေမယ်။

    သွေးလည်ပတ်မှုကောင်းတာဟာ ဆံပင်တွေကိုပါ ကျန်းမာသန်စွမ်းစေပါတယ်။ သွေးထဲမှာ ဆံပင်အတွက် လိုအပ်တဲ့ အာဟာရတွေပါတဲ့အတွက် ဆံပင်အသစ်ထွက်ဖို့၊ ဆံသားနုလေးတွေ ပိုသန်ဖို့ အားပေးပါတယ်။

    လေ့ကျင့်ခန်းလုပ်တာ စိတ်ဖိစီးမှုကိုလည်း လျော့ကျစေတဲ့အတွက် စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ ဆံပင်ကျွတ်တာကိုလည်း ကာကွယ်ပေးပါတယ်။

    အသားအရေလှဖို့အတွက် ဘယ်လိုလေ့ကျင့်ခန်းက အကောင်းဆုံးလဲလို့ မေးခွန်းထုတ်လာရင်တော့ ဘယ်လေ့ကျင့်ခန်းမဆို ကောင်းတယ်လို့ဖြေရမှာပဲ။ လေ့ကျင့်ခန်းကို gym ချည်းပဲသွားတာထက်စာရင် အဖွဲ့လိုက်လုပ်တဲ့ လေ့ကျင့်ခန်းအတန်းတွေ၊ ယောဂကျင့်တာ( yoga)  လက်ဝှေ့ထိုးတာစသဖြင့် အမျိုးမျိုး ပြောင်းပြီး ကစားတာကတော့ ပိုပြီးထိရောက်မှုရှိနိုင်ပါတယ်လို့လည်း အလှအပရေးရာ ပညာရှင်တွေက ပြောကြပါတယ်။ ဒါကြောင့်လည်း ဘော်ဒီလည်းအချိုးကျ အသားအရေလည်း ကြည်လင်ပြီး အတွင်းရော အပြင်ပါ လှပကြံ့ခိုင်တဲ့ လေဒီလေးတွေဖြစ်စေဖို့ လေ့ကျင့်ခန်းလုပ်တာကို မပျင်းကြဖို့ တိုက်တွန်းလိုက်ရပါတယ်နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 10/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement