အရေးပေါ်ဌာနကို ချက်ချင်းသွားရောက်သင့်တဲ့ အခြေအနေတွေကတော့
- မိနစ်(၂၀)ထက်ပိုပြီး နှာခေါင်းသွေး ဆက်တိုက်လျှံနေခြင်း
- သွေးပမာဏများပြီး သွေးခဲများစွာပါဝင်လာခြင်း
- အသက်ရှူရခက်လာခြင်း
- နှာခေါင်းသွေးလျှံနေရာမှ သွေးပမာဏအများအပြား မျိုချမိခြင်း
- ထိမိခိုက်မိ အခြေအနေတစ်ခုကြောင့် နှာခေါင်းသွေးလျှံခြင်း (ဥပမာ ကားတိုက်ခြင်း၊ အမြင့်မှ ပြုတ်ကျခြင်း စသည်)
နှာခေါင်းသွေးဘာလို့လျှံရလဲ
နှာခေါင်းအတွင်းမှာ သေးငယ်ပြီး နူးညံ့တဲ့ သွေးကြောလေးတွေနဲ့ ပြည့်နှက်နေတာပါ။ သွေးအလွယ်တကူ ထွက်နိုင်ပါတယ်။
အဖြစ်များတဲ့အကြောင်းတွေကတော့
- နှာခေါင်း မကြာခဏ ကလော်ခြင်း
- ထိမိခိုက်မိခြင်းနဲ့
- ပတ်ဝန်းကျင်ဟာ စိုထိုင်းဆနဲ့ အပူချိန်များတာကြောင့် နှာခေါင်းအတွင်းမှာ ခြောက်သွေ့ပြီး အက်ကွဲ တတ်ခြင်းတွေပဲ ဖြစ်ကြပါတယ်။
တစ်ခါတစ်လေမှာတော့ သွေးဟာ နှာခေါင်းရဲ့ အတော်နက်တဲ့နေရာကနေ ထွက်လာတတ်ပါတယ်။ ခေါင်းကို ပြင်းထန်စွာ ထိခိုက်မိခြင်း၊ မကြာသေးမီက နှာခေါင်းနဲ့ ပတ်သက်တဲ့ ခွဲစိတ်မှု ပြုလုပ် ထားခြင်းနဲ့ သွေးလွှတ်ကြောနံရံတွေ မာကြောခြင်း (arteriosclerosis)တို့ကြောင့် ဖြစ်နိုင်ပါတယ်။
ဘယ်သူတွေက နှာခေါင်းသွေးလျှံတတ်သလဲ
နှာခေါင်းသွေးလျှံခြင်းဟာ လူတိုင်းမှာဖြစ်နိုင်ပေမဲ့
- အသက် (၂)နှစ်နဲ့ (၁၀)နှစ်အကြားကလေးတွေ
- သက်ကြီးပိုင်းတွေ
- ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ
- သွေးကျဲဆေးသောက်နေရသူတွေ
- သွေးခဲပြဿနာရှိသူတွေမှာ ပိုအဖြစ်များနိုင်ပါတယ်။ သွေးပေါင်ချိန်တက်နေရင်လည်း သွေးမတိတ်ဘဲ ရှိတတ်ပါတယ်။
နှာခေါင်းသွေးလျှံတာ ကြောက်ရလား။
နှာခေါင်းသွေးလျှံတာဟာ သာမန်အားဖြင့် အလွန်စိုးရိမ်စရာမဟုတ်ပေမဲ့ အကြိမ်ရေ များလာပြီး သွေးထွက်များရင်တော့ စိုးရိမ်ရပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သွေးအားနည်းရောဂါ ဖြစ်လာတတ်ပါတယ်။ နှာခေါင်းသွေးလျှံတာဟာ သာမန်အနေအထားမဟုတ်ဘဲ အန္တရာယ်ရှိတယ်လို့ ဆရာဝန်က သတိပေးလိုက်ရင်တော့ နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်နဲ့ သွားရောက်ပြသသင့်နေပါပြီ။
နှာခေါင်းသွေးမလျှံအောင် ကာကွယ်နိုင်တဲ့နည်းလမ်းတွေကတော့
- နှာခေါင်းမနှိုက်ပါနဲ့
- လက်သည်းအရှည်မထားပါနဲ့။ ညှပ်ပါ။
- အိမ်ရဲ့ပတ်ဝန်းကျင်လေထုကို စိုထိုင်းဆညီမျှအောင်ထားပါ။
- နှာခေါင်းနဲ့ ဦးခေါင်း ထိခိုက်နိုင်တဲ့ အပြုအမူမျိုးတွေ ပြုလုပ်မယ်ဆိုရင် (ဥပမာ၊ စက်ဘီး၊ ဆိုင်ကယ်၊ စီးတော့မယ်ဆိုရင်) အကာအကွယ်နဲ့ ပြုလုပ်ပါ။ (ဆိုင်ကယ်ဦးထုပ်ဆောင်းပါ။)
- နှာခေါင်းလမ်းကြောင်းရှင်းအောင် ဖျန်းတဲ့ စပရေးတွေ အလွန်အမင်း အသုံးပြုခြင်းကို ရှောင်ကြဉ်ပါ။
- မကြာခဏဆိုသလို ပမာဏများစွာနှာခေါင်းသွေးလျှံလာရင်တော့ နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်ဆီသာ သွားရောက်ပြီး ဆေးကုသမှုခံယူပါ။
ရေးသားသူ-ဒေါက်တာမှူးခင်
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။