backup og meta

နှာခေါင်း အကြောင်း သောင်းပြောင်းထွေလာ စိတ်ဝင်စားစရာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 01/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နှာခေါင်း အကြောင်း သောင်းပြောင်းထွေလာ စိတ်ဝင်စားစရာ

    နှာခေါင်း ဆိုတာ အသက်ရှူဖို့ သက်သက်ပဲ မဟုတ်ပါဘူးနော်။ ဒါဆို အလှအပ အတွက်လား။ နှာခေါင်း၊  နှာတံ အစိတ်အပိုင်းတွေဟာ သွင်ပြင်ပုံသဏ္ဍာန်အတွက် အရေးပါသလို အောက်ဆီဂျင်ရရှိဖို့၊ ရောဂါပိုးတွေ ကာကွယ်ဖို့၊ အနံ့ခံနိုင်ဖို့ စတဲ့ လုပ်ဆောင်ချက်တွေ အများကြီးကို တာဝန်ယူထားပါတယ်။

    အခု ဒီနှာခေါင်းနဲ့ ပတ်သက်ပြီး လူသိနည်းတဲ့ အကြောင်းလေးတွေကို ပြောပြချင်ပါတယ်။

    ဒါတွေ သင်သိပါသလား –

    (၁) နှာခေါင်း ပုံစံ အမျိုးအစား အနည်းဆုံး ၁၄ မျိုး ရှိတယ်

    လူ့နှာခေါင်းပုံစံတွေက ၁၄ မျိုး အနည်းဆုံး ရှိတယ်လို့ Journal of Craniofacial Surgery မှာ ဖော်ပြခဲ့တဲ့ သုတေသနစစ်တမ်း က ဆိုပါတယ်။ ဒါပေမယ့် ပညာရှင်အတော်များများကတော့ ဒီဖော်ပြချက်က နှာခေါင်းပုံစံ အမျိုးအစား အားလုံးကို အကုန်မပါလောက်ဘူးလို့ ပြောကြပါတယ်။ နှာခေါင်းဆိုတာ အရိုးနု၊ အရိုးတွေရဲ့ရှုပ်ထွေးတဲ့ ဖွဲ့စည်းပုံနဲ့ တည်ဆောက်ထားတဲ့ အစိတ်အပိုင်း မဟုတ်လား။

    နှာခေါင်းရိုး နဲ့ နှာခေါင်း အရိုးနုတွေရဲ့ ပေါင်းစပ်မှုတိုင်းက နှာခေါင်းပုံစံကို သူများနဲ့မတူတဲ့ သီးခြားအသွင်သဏ္ဍာန်တွေ သတ်မှတ်ဖြစ်တည်စေတာ ဖြစ်တယ်လို့ University of Virginia Health System မှ တွဲဘက်ပါမောက္ခ Spencer Payne ကပြောပါတယ်။ နှာခေါင်း ပုံစံက လူမျိုးနဲ့လည်း မူတည်ပြီး ကွဲပြားတယ်လို့ သူက ပြောပါတယ်။

    (၂) နှာချေတဲ့ ပုံစံက မျိုးရိုးလိုက်တယ်

    ဟပ်ချိုး၊ အားချိုး၊ ဟပ်ချိ၊ စတဲ့ အသံပေါင်းစုံနဲ့ နှာချေလိုက်တာ ကိုယ့်စတိုင်နဲ့ကိုယ်ပဲ မဟုတ်လား။ ဘယ်လိုလဲဆိုတော့ ဥပမာ ဟိုးအိမ်ထောင့်မှာ ဖုန်ခါလိုက်တာ ၁၂ ပေလောက်ဝေးတဲ့နေရာမှာ နှာထချေတာမျိုး၊ တစ်ခါ ချေပြီးရင် မရပ်မနား တရစပ်ချေတော့တာမျိုး၊ နှာရည် မျက်ရည်ထွက်တဲ့အထိ နှာချေတာမျိုး။

    ဒီလို အလေ့အထမျိုး ကိုယ့်မိဘ သို့မဟုတ် မိသားစုဝင်ထဲမှာ ရှိတယ်ဆို ကိုယ့်မှာလည်း ပါတတ်ပါတယ်။ မယုံရင် အိမ်မှာ သေချာစောင့်ကြည့်။

    (၃) အသက်ကြီးလာတဲ့အခါ နှာခေါင်း က အောက်ဘက်ကို တွဲလာတယ်

    နှာခေါင်းရဲ့ ပုံစံ အနေအထားက အသက် ၁၀ နှစ်လောက်မှာ ဖွဲ့စည်းလာပြီး မိန်းကလေးတွေမှာ ၁၅ – ၁၇ နှစ်အတွင်း၊ ယောကျာ်းလေးတွေမှာ ၁၇ – ၁၉ နှစ်အတွင်း ဖြည်းဖြည်းချင်း ဆက်လက်ဖွံ့ဖြိုးလာပါတယ်။

    ဒါပေမယ့် အသက်အရွယ် ကြီးလာတာနဲ့အမျှ အရေပြားမှာ‌ ကော်လာဂျင်နဲ့ ကျုံ့ဆန့်နိုင်အား လျော့နည်းလာတာရယ်၊ ကမ္ဘာ့ဆွဲအားရယ်ကြောင့်  နှာခေါင်းက ရှည်ထွက်လာပြီး အရေပြား လျော့တွဲလာပါတယ်(အထူးသဖြင့် နှာခေါင်းထိပ်နားလေးပေါ့)။

    (၄) အသက်ရှူလမ်းကြောင်း အတွက် လေစစ်အကာ လည်းဖြစ်တယ်

    အသက်ရှူလမ်းကြောင်း ထဲ ဝင်ရောက်လာမယ့် လေတွေကို နှာခေါင်းလမ်းကြောင်းထဲမှာ စစ်ထုတ်ပေးပြီး အမှုန်တွေ၊ ပိုးမွှားတွေရန်က ကာကွယ်ပေးထားပါတယ်။ ပန်းဝတ်မှုန်၊ ဖုန်မှုန့် တို့ကို နှာခေါင်းတွင်းနံရံက အချွဲတွေမှာ ကပ်ငြိစေတဲ့နည်းနဲ့ စစ်ထုတ်ပေးပါတယ်။

    သူရဲ့ဒီလုပ်ဆောင်ချက်ကြောင့် ရှူသွင်းလိုက်တဲ့လေကို ပူနွေးစေပြီး အစိုဓာတ်ဖြစ်စေတဲ့နည်းနဲ့ အဆုတ်တစ်ရှူးကို ကာကွယ်ပေးပါတယ်။ ဒါ့ကြောင့် ရာသီဥတုအေးတဲ့အချိန် အသက်ရှူရင် ပါးစပ်နဲ့ မဟုတ်ဘဲ နှာခေါင်းနဲ့ ရှူတာ ပိုကောင်းပါတယ်။

    နှာခေါင်းနဲ့ နှာခေါင်းလမ်းကြောင်းမှာ အချွဲတွေ နေ့စဉ်ထုတ်ပေးပါတယ်။ အဲဒီအချွဲတွေမှာ ရောဂါပိုးခုခံနိုင်တဲ့ အင်ဇိုင်းတွေနဲ့ သွေးဖြူဥဆဲလ်တွေပါဝင်ပြီး သူတို့က ရှူသွင်းလေကို အစိုဓာတ်ပေးတယ်၊ စစ်ထုတ်ထားတဲ့ အမှုန်အမွှားတွေကို နှာခေါင်းလမ်းကြောင်းကနေ ဖယ်ရှားဖို့ ကူညီပေးတယ်။

    နေမကောင်းတဲ့အချိန် နှာရည်ကျတယ်ဆိုတာ ဝင်ရောက်လာတဲ့ ရောဂါပိုးတွေကို အချွဲတွေပိုထုတ်ပြီး တိုက်ဖျက်နိုင်ဖို့ နှာခေါင်းရဲ့စနစ်က ကြိုးပမ်းနေတာဖြစ်ပါတယ်။

    (၅) အနံ့ပေါင်း ၁၀၀၀၀ ကျော်ကို ခွဲခြားအနံ့ခံနိုင်တယ်

    လူတွေမှာ အနံ့အာရုံခံဆဲလ် ၁၂ သန်းလောက် ရှိပြီး အသက်ကြီးလာတဲ့အခါ လျော့နည်းလာတတ်တာဖြစ်ပါတယ်။ နှာခေါင်း ဟာ အနံ့ပေါင်း ၁၀၀၀၀ ကျော်ကို အနံ့ခံ၊ အာရုံခံပြီး သိရှိ၊ မှတ်သား နိုင်ပါတယ်တဲ့။

    တချို့ဆို အနံ့ခံအာရုံ ကောင်းလွန်းလို့ သေချာ သရုပ်ခွဲပြီး အနံ့တွေကို ခွဲခြားနိုင်ပါတယ်။ ဥပမာ ဟင်းချက်ကျွမ်းသူ တစ်ဦးဟာ အနံ့ရတာနဲ့ ဘယ်ချက်နည်းနဲ့ ဘယ်လိုချက်ပြုတ်ထားလဲ ချက်ပြုတ်ပုံအဆင့်ဆင့်ကို ခန့်မှန်းပြောနိုင်ပါတယ်။

    (၆) မှတ်ဉာဏ် ကဏ္ဍနဲ့ ဆက်နွှယ်နေတယ်

    အမြင်နဲ့ အထိအတွေ့ တို့လို တခြားအာရုံတွေအတွက် အာရုံကြောအချက်ပို့မှုတွေက thalamus ခေါ် ဦးနှောက်အပိုင်းကို ဖြတ်သန်းရတာဖြစ်ပေမယ့် အနံ့ခံအာရုံကတော့ ဦးနှောက်ရဲ့ hippocampus (မှတ်ဉာဏ်တည်ဆောက်တဲ့အပိုင်း) နဲ့ amygdala (စိတ်ခံစားချက်နဲ့ မှတ်ဉာဏ်ဆိုင်ရာအပိုင်း) တို့ဆီ တိုက်ရိုက် ဖြတ်သန်းတာပါ။

    ဒါ့ကြောင့် ကိုယ့်စိတ်ထဲ ခံစားမှုရှိခဲ့တဲ့ ဒါမှမဟုတ် အမှတ်တရရှိခဲ့တဲ့ ဖြစ်ရပ်တွေတုန်းက ရခဲ့တဲ့အနံ့တွေက မှတ်ဉာဏ်နဲ့ ဆက်နွှယ်နေပြီး အဲဒီအနံ့မျိုးရတိုင်း ဟိုတုန်းကခံစားချက်ကို ပြန်ရနိုင်ပါတယ်။ ဥပမာ မြေသင်းနံ့လေးရရင် မိုးဦးကာလ အမှတ်တရ တစ်ခုခုတွေးမိတာ၊ ပန်းနံ့ သို့မဟုတ် အစားအသောက်အနံ့ တစ်ခုခုရရင် သက်ဆိုင်ရာမှတ်ဉာဏ်တွေ ပေါ်လာတာတွေ ရှိတတ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 01/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement