backup og meta

ဆီလီနီယံချို့တဲ့ခြင်းအကြောင်း


Dr. Thant Zin မှ ရေးသားသည်။ · 12/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီလီနီယံချို့တဲ့ခြင်းအကြောင်း

    ဆီလီနီယံဟာ ကိုယ်ခန္ဓာအတွက် အရေးကြီးတဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်ပြီး သိုင်းရွိုက်ဟော်မုန်း ဖြစ်ပေါ်ခြင်း၊ ဒီအန်အေဖွဲ့စည်းခြင်း၊ မျိုးဆက်ပွားလုပ်ငန်းတာဝန်များ လုပ်ဆောင်ခြင်း၊ ရောဂါပိုးကူးစက်ခြင်းမှ ကာကွယ်ခြင်း စတာတွေအတွက် အရေးပါပါတယ်။ ကိုယ်ခန္ဓာထဲမှာ ဆီလီနီယံချို့တဲ့လာရင် ကျန်းမာရေးပြဿနာတွေ ကြုံတွေ့နိုင်ပါတယ်။

    ဟင်းသီးဟင်းရွက်တွေ၊ အသီးအနှံတွေမှာ ဆီလီနီယံဓာတ် ဘယ်လောက်ပါဝင်သလဲဆိုတာ သူတို့ကို စိုက်ပျိုးတဲ့ မြေဆီလွှာအရည်အသွေးပေါ်မှာ မူတည်ပါတယ်။ မိုးရေတိုက်စားခြင်း၊ ရေငွေ့ပျံခြင်း၊ pH ပမာဏ ပြောင်းလဲခြင်း စတာတွေဟာ အပင်တွေရဲ့ ဆီလီနီယံပါဝင်မုအပေါ် သက်ရောက်မှု ရှိပါတယ်။ ဒါကြော့်မို့ ကမ္ဘာ့နေရာဒေသအလိုက် ဆီလီနီယံချို့တဲ့မှု အနည်းအများ ကွာခြားတတ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုဟာလည်း အကျိုးသက်ရောက်မှု ဖြစ်စေနိုင်ပါတယ်။

    ဆီလီနီယံဟာ ဘာအတွက် အရေးပါသလဲ

    ဆီလီနီယံဟာ ကိုယ်ခန္ဓာရဲ့ အရေးကြီးလုပ်ငန်းတာဝန်တွေမှာ ပါဝင်ပါတယ်။ ဟော်မုန်းစနစ်၊ ကိုယ်ခံစွမ်းအားစနစ်၊ နှလုံးနဲ့သွေးကြောစနစ် စတာတွေမှာ အဓိကနေရာက ပါဝင်ပါတယ်။ ဟော်မုန်းစနစ်မှာ တစ်ခုအပါအဝင်ဖြစ်တဲ့ သိုင်းရွိုက်ဂလင်းဟာ တခြားအင်္ဂါအစိတ်အပိုင်းတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ဆီလီနီယံကို အများဆုံး အသုံးပြုတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ဒါ့အပြင် ပြုလုပ်ဆဲသုတေသနအချို့မှာ ဖော်ပြချက်အရ ဆီလီနီယံ ချို့တဲ့ခြင်းဟာ ကင်ဆာရောဂါအချို့ ဖြစ်ပွားခြင်းနဲ့ ပတ်သက်နေတယ်လို့ သိရပါတယ်။

    ဆီလီနီယံချို့တဲ့ရင် ဘာလက္ခဏာတွေ တွေ့နိုင်သလဲ

    ဆီလီနီယံချို့တဲ့ရင် လက္ခဏာမျိုးစုံပေါ်နိုင်ပါတယ်။ တွေ့ရအများဆုံးလက္ခဏာတွေကတော့

    ကြွက်သားများ အားနည်းခြင်း

    – ပင်ပန်းနွမ်းနယ်ခြင်း

    – ကလေးမရခြင်း

    – စိတ်ပိုင်းဆိုင်ရာ လေးလံထိုင်းမှိုင်းခြင်း၊ နိုးကြားမှုနည်းခြင်း

    – ဆံပင်များကျွတ်ခြင်း

    – ကိုယ်ခံအားနည်းခြင်း စတာတွေ ဖြစ်ပါတယ်။

    ဘယ်သူတွေမှာ ဖြစ်နိုင်ခြေပိုများလဲ

    ဆီလီနီယံရရှိနိုင်မှုနည်းပါးတဲ့ မြေဆီမြေနှစ်တွေရှိရာ အရပ်ဒေသတွေမှာ ဖြစ်နိုင်ခြေများပါတယ်။ အဆိုပါဒေသများကနေ စိုက်ပျိုးထုတ်လုပ်လိုက်တဲ့ အသီးအနှံတွေမှာ ဆီလီနီယံပါဝင်မှု နည်းပါးလို့ ဖြစ်ပါတယ်။ တစ်ဦးချင်းစီအနေနဲ့

    – ကျောက်ကပ်ဆေးနေသူများ

    HIV ရောဂါပိုးရှိသူများ

    – အစာအိမ်အူလမ်းကြောင်းရောဂါ (ဥပမာ ခရွန်းရောဂါ) ရှိသူများမှာ ဆီလီနီယံချို့တဲ့နိုင်ခြေ များပါတယ်။

    ဘယ်သူတွေမှာ ပိုမိုလိုအပ်သလဲ

    ဆီလီနီယံဟာ အောက်ပါလူပုဂ္ဂိုလ်တွေမှာ ပိုမိုလိုအပ်ပါတယ်။

    သိုင်းရွိုက်ရောဂါရှိနေသူများ

    – ကင်ဆာဖြစ်ပွားနေသူများ

    – ကိုယ်ခံအားနည်းသူများ

    – ကိုယ်ဝန်ဆောင်မိခင် စသူတွေ ဖြစ်ပါတယ်။

    ဘယ်လိုစစ်ဆေးကုသမလဲ

    ဆီလီနီယံချို့တဲ့မှုကို သိပ်ပြီး သတိမထားမိတတ်ကြပါဘူး။ စစ်ဆေးတဲ့နည်းလမ်းတွေလည်း သိပ်မရှိလှပါဘူး။ သင့်မှာ ဆီလီနီယံနည်းပါးတယ်လို့ ယူဆရင် သင့်ဆရာဝန်ဟာ glutathione peroxidase ဆိုတဲ့ အင်ဇိုင်းပမာဏကို စစ်ဆေးပါလိမ့်မယ်။ အဆိုပါ အင်ဇိုင်းဟာ ဆီလီနီယံအကူအညီနဲ့ လုပ်ငန်းလည်ပတ်ရတဲ့ အင်ဇိုင်းအမျိုးအစားဖြစ်ပါတယ်။

    ဆီလီနီယံနည်းပါးနေရင် ဆီလီနီယံပါတဲ့ အားဆေး၊ ဖြည့်စွက်စာတွေ သုံးစွဲရနိုင်ပါတယ်။ ဆီလီနီယံကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ ကြက်ဝက် အမဲသား၊ ကြက်ဆင်သား၊ ငါးအမျိုးမျိုး၊ ဥအမျိုးမျိုး၊ အခွံမာသီးများ၊ အစေ့အဆန်များ၊ ပဲအမျိုးမျိုး စတာတွေကို ပိုမိုစားသုံးနိုင်ပါတယ်။

    ပုံမှန်လူတယောက်အနေနဲ့ ဆီလီနီယံရရှိသင့်တဲ့ ပမာဏဟာ တစ်ရက်ကို ၅၅ မိုက်ခရိုဂရမ်ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများဆိုရင် တစ်နေ့တာလိုအပ်ချက်ဟာ ၇၀ မိုက်ခရိုဂရမ် ဖြစ်ပါတယ်။ ဆီလီနီယံချို့တဲ့ခြင်းဟာ တွေ့ရရှားပါတယ်။ ဒါပေမယ့် ဆီလီနီယံချို့တဲ့မှု ဖြစ်ပေါ်ရင်လည်း ကျန်းမာရေးအတွက် အရေးကြီးတာမို့ ဆရာဝန် ဒါမှမဟုတ် နားလည်တတ်ကျွမ်းသူများနဲ့ တိုင်ပင်ကုသသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 12/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement