backup og meta

သဘာဝအတိုင်း အသားအရေ လှပကျန်းမာဖို့ ဘာတွေက ကူညီပေးမလဲ


Ye Zon Aung မှ ရေးသားသည်။ · 21/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သဘာဝအတိုင်း အသားအရေ လှပကျန်းမာဖို့ ဘာတွေက ကူညီပေးမလဲ

    အရေပြားလေးကျန်းမာနေရင်၊ ကိုယ့်ရဲ့ အသားအရေလေး ကြည်လင်လှပနေရင် သိသာထင်ရှားတဲ့ အလှတရားတစ်ခုကို ပိုင်ဆိုင်ထားခြင်းလို့ မှတ်ယူကြတယ်။

    တကယ်လည်းဟုတ်တယ်လေ။ အရေပြားဟာ ခန္ဓာကိုယ်မှာ အကြီးမားဆုံး အစိတ်အပိုင်းလို့ ဆိုကြတယ်မဟုတ်လား။ ဒီတော့ ကိုယ့်ရဲ့ အရေပြားလေး ကျန်းမာလှပနေရင် မြင်သူတိုင်း နှစ်လိုသဘောကျတဲ့ ဆွဲဆောင်မှုတစ်မျိုးကို ပိုင်ဆိုင်ရတာပဲပေါ့။

    လူတိုင်းရဲ့ အရေပြားဟာ ညီညွတ်မျှတတဲ့ ဟန်ချက်တစ်ခုရှိနေဖို့ လိုအပ်တယ်လို့ အလှအပရေးရာ ကျွမ်းကျင်သူတွေက ဆိုကြတယ်။ မျှတလုံလောက်တဲ့ အာဟာရဓာတ်တွေ ဖြည့်တင်းထားနိုင်ဖို့ပေါ့။ ဒီလိုအာဟာရဓာတ်တွေ လုံလောက်ပြည့်ဝနေမှ ပြင်ပကနေလာမယ့် အန္တရာယ်တွေကနေ ခန္ဓာကိုယ်ကြီးတစ်ခုလုံးကို ကာကွယ်နိုင်စွမ်းနဲ့ ကြည်လင်လှပတဲ့ အသားအရည်ကိုပိုင်ဆိုင်နိုင်စွမ်းရှိနေမှာလေ။

    ကြည်လင်လှပတဲ့ အသားအရေနဲ့ ကျန်းမာတဲ့ အရေပြားကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင် ခန္ဓာကိုယ်မှာ မဖြစ်မနေ ဖြည့်တင်းပေးရမယ့် အာဟာရဓာတ်တွေရှိနေပါတယ်။

    အရေပြားလှပကျန်းမာဖို့ လိုအပ်တဲ့ အာဟာရဓာတ်တွေကတော့

  • Healthy Fats
  • အဆီဆိုလို့ “ဟင်” ခနဲ ဖြစ်မသွားပါနဲ့ဦး။ အဆီတိုင်းက လူကို ဒုက္ခဖြစ်စေတာမဟုတ်ပါဘူး။ ကျန်းမာစေတဲ့ အဆီလည်း ရှိပါသေးတယ်။ အထူးသဖြင့် ကောင်းမွန်တဲ့အဆီတွေဟာ အရေပြားကြည်လင်တောက်ပဖို့နဲ့ အမည်းစက်တွေကင်းဖို့၊ ပျော့ပြောင်းနူးညံ့ဖို့၊ အရေပြားမခြောက်သွေ့ဖို့ ပံ့ပိုးပေးပါတယ်။ သဘာဝအတိုင်း Glow ချင်တယ်ဆိုရင် Omega-3s နဲ့ omega-6s တို့လို ကောင်းမွန်တဲ့ အဆီတွေပါဝင်တဲ့ သံလွင်ဆီတို့၊ အစေ့အဆံတို့၊ ထောပတ်သီး၊ ဆယ်လ်မွန်၊ ဆာဒင်း၊ မက်ကရီယယ်တို့လို့ငါးမျိုးတွေကို မှီဝဲပေးဖို့ လိုအပ်ပါတယ်။

    အရေပြား ခိုင်မာအားကောင်းစေဖို့ ပရိုတိန်းဓာတ်လိုအပ်ပါတယ်။ ပရိုတိန်းမျိုးနွယ်ဝင် အမိုင်နိုအက်ဆစ်၊ ကော်လာဂျန်နဲ့ ကီရာတင်တို့လည်း လိုအပ်ပါတယ်။ ဒီပရိုတိန်းတွေက အိုမင်းရင့်ရော်မှုနဲ့ အရေးကြောင်းထတာတွေကို တားဆီးပေးပါတယ်။ နောက်ပြီး အမိုင်နိုအက်ဆစ်က နေရောင်ခြည်က ရောက်လာမယ့် ခရမ်းလွန်ရောင်ခြည်နဲ့ ဆေးလိပ်ငွေ့က ဓာတ်တုပစ္စည်းတွေကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။ ပရိုတိန်းကို အသား၊ ပဲနဲ့ နို့တွေကနေ ရရှိနိုင်ပါတယ်။

    • ဗီတာမင် A

    ဗီတာမင် A ဟာ အရေပြားရဲ့ အပေါ်ယံလွှာအတွက်ရော အောက်ခံလွှာအတွက်ပါ အထူးလိုအပ်ပါတယ်။ အဓိကအားဖြင့် နေရောင်ကြောင့် အရေပြားပျက်စီးမှုတွေကို ကာကွယ်ပေးတာပါ။ နောက်ပြီး ထိခိုက်နာကျင်မှုတွေကို လျောကျစေနိုင်သလို ဦးရေပြားကိုလည်း ကျန်းမာစေပါတယ်။ လိမ္မော်သီး၊ မုန်လာဥနီနဲ့ ဂေါ်ဖီထုပ်တွေမှာ ဗီတာမင် A ကြွယ်ဝစွာပါရှိပါတယ်။

    • ဗီတာမင် C

    ဗီတာမင် C ဟာ အစွမ်းထက်လှတဲ့ Antioxidant တစ်မျိုးပါ။ အရေပြားကင်ဆာကို ကာကွယ်ရေးမှာ အဓိကကျတဲ့ အခန်းကဏ္ဍကနေပါဝင်နေတဲ့ အာဟာရဓာတ်လည်းဖြစ်ပါတယ်။ ဗီတာမင် C ဓာတ်ချို့တဲ့ရင် ထိခိုက်ရှနာတွေ အလွယ်တကူဖြစ်တတ်ပြီး သွားဖုံးသွေးယိုစီးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဗီတာမင်စီကို လိမ္မော်၊ သံပုရာမျိုးနွယ်ဝင် သစ်သီးတွေကနေ ရရှိနိုင်သလို ငရုပ်ကောင်း၊ သင်္ဘောသီး၊ ကီဝီသီး၊ ဘရိုကိုလီ၊ ဟင်းနုနယ်နဲ့ ကညွတ်တွေကလည်း ရနိုင်ပါတယ်။

  • ဗီတာမင် E
  • သူလည်း Antioxidant တစ်မျိုးပါပဲ။ ဗီတာမင် E က နေရောင်ခြည်ကနေ စွမ်းအင်ကို စုပ်ယူပေးနိုင်တဲ့ သတ္တိရှိသလို အရေပြားပျက်ဆီးတာနဲ့ အရေးကြောင်းထတာတွေကို တားဆီးပေးနိုင်ပါတယ်။ ဗီတာမင် C နဲ့ ပေါင်းစပ်ပြီး စဲလ်တွေ ပိုမိုခိုင်မာလာအောင်လည်း အထောက်အကူပြုပါတယ်။ ဗီတာမင် E ကို ဟင်းရွက်ဆီတွေ၊ အဆေ့အစံတွေ၊ ဟင်းနုနယ်၊ ကညွတ်နဲ့ အစိမ်းရောင်ရှိတဲ့ အရွက်တွေကို မှီဝဲစားသုံးခြင်းဖြင့် ရနိုင်ပါတယ်။

    • Zinc

    Zinc လို့ ခေါ်တဲ့ သွပ်ဓာတ်ကိုတော့ အရေပြားရဲ့ အောက်ဘက်အလွှာက ပိုမိုလိုအပ်ပါတယ်။ Zinc ဟာ ထိခိုက်ဒဏ်ရာတွေကို အလျင်အမြန်ကျက်စေရာမှာ အရေးပါတဲ့ သက်စောင့်ဓာတ်တစ်မျိုးဖြစ်သလို Eczema လို ယားနာရောဂါတွေမဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

  • Selenium
  • ဆီလီနီယံကတော့ Antioxidants တွေ အရေပြားကို နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးနိုင်ဖို့ နောက်ကွယ်ကနေ ကူညီပေးတဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ ဆီလီနီယံဓာတ်လုံလောက်မျှတရင် အရေပြားကင်ဆာဖြစ်နိုင်ချေ နည်းပါးမှာဖြစ်ပါတယ်။ ဆီလီနီယံကိုတော့ အဆေ့အစံတွေ၊ မှိုတွေ၊ ပုဇွန်ဆိတ်၊ သိုးသား၊ ကဏန်း၊ ကမာ၊ ဂျုံ၊ ပင်လယ်ငါးတွေနဲ့ အမဲသားတို့လိုအရာတွေကနေ ရရှိနိုင်ပါတယ်။

    • ရေဓာတ်

    အဓိက အကျဆုံးလို့တောင် ဆိုလို့ရပါတယ်။ ရေဓာတ်ဟာ အသားအရည်လှပဖို့အတွက်ရော ကျန်းမာဖို့အတွက်ပါ အရေးကြီးပါတယ်။ အရေးကြောင်းမထဖို့၊ အသားအရည်တင်းရင်းဖို့၊ အဆိပ်အတောက်ကင်းဖို့၊ ကြည်လင်ဖို့၊ စသဖြင့် အမျိုးမျိုး အကျိုးပြုတဲ့အရာပါ။ တစ်နေ့ကို ရေ ၈ ခွက်ထက်မနည်းသောက်ပေးရင် သင့်ရဲ့ အရေပြားသာမက ခန္ဓာကိုယ်ပါ အကျိုးကျေးဇူးကောင်းတွေ ပိုင်ဆိုင်ရမှာဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 21/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement