backup og meta

သင့်အစားအစာများထဲမှာ ခိုအောင်းနေနိုင်သော ကပ်ပါးပိုးနှင့် ဘက်တီးရီးယားများ


Dr. Thant Zin မှ ရေးသားသည်။ · 23/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်အစားအစာများထဲမှာ ခိုအောင်းနေနိုင်သော ကပ်ပါးပိုးနှင့် ဘက်တီးရီးယားများ

    အစားအစာများကတစ်ဆင့် ကပ်ပါးပိုးနဲ့ ဘက်တီးရီးယားစတဲ့ ရောဂါပိုးတွေ ပျံ့နှံ့ခြင်းဟာ အသက်အန္တရာယ်ထိခိုက်နိုင်တဲ့အထိ ဒုက္ခပေးနိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ ဒါကြောင့်မို့ အစားအစာတွေကို လတ်ဆတ်စွာစားဖို့၊ ကောင်းစွာချက်ပြုတ်စားဖို့ သက်ဆိုင်ရာ ကျန်းမာရေးဌာနများက ဆော်သြနေခြင်း ဖြစ်ပါတယ်။

    အစားအစာများကတစ်ဆင့် ရောဂါပိုးကူးစက်ခြင်းဟာ အစုလိုက်အပြုံလိုက်လည်း ဖြစ်ပွားတတ်ပါတယ်။ ဥပမာ အလှူအတန်းပွဲ၊ မင်္ဂလာပွဲ စသဖြင့် ရောဂါပိုးကူးစက်ထားတဲ့ အစားအစာကိုစားမိပြီး အစုလိုက်အပြုံလိုက် ရောဂါဖြစ်တတ်တာမျိုး ဖြစ်ပါတယ်။ ရောဂါပိုးတိုင်းဟာ အသက်အန္တရာယ်မပေးပေမယ့် မိမိရဲ့ နေ့စဉ်နေထိုင်မှုပုံစံအပေါ် သက်ရောက်မှုရှိပါတယ်။

    ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ အစားအစာတွေထဲမှာ ခိုအောင်းနေတတ်တဲ့ ကပ်ပါးပိုးမွှားများနဲ့ ဘက်တီးရီးယားရောဂါပိုးတွေအကြောင်း ဖြစ်ပါတယ်။

    ၁။ E Coli ဘက်တီးရီးယားပိုး

    E Coli ဘက်တီးရီးယားကို ကောင်းစွာမချက်ပြုတ်ထားတဲ့ အသားတွေမှာ တွေ့ရတတ်ပါတယ်။ ဒီပိုးရှိနေကြောင်းကို အရောင်အဆင်း အနံ့အရသာအရ ဘယ်လိုမှ မသိရပါဘူး။ စားလိုက်ပြီးမှသာ အစာအိမ်အောင့်ခြင်း၊ အန်ခြင်း၊ ဖျားခြင်း၊ ဝမ်းသွားခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ ဒီရောဂါပိုး ကူးစက်ခြင်းမခံရအောင် အသားများကို ချက်ပြုတ်ရာမှာ ၁၆၀ ဒီဂရီဖာရင်ဟိုက်ထိ အပူပေးပြီး ကျက်အောင် ချက်ပြုတ်ရပါမယ်။ အသားစိမ်းများကို ကိုင်တွယ်ပြီးရင်လည်း လက်ကို စင်ကြယ်အောင်ဆေးခြင်း၊ အသုံးအဆောင်များကို ဆေးကြောခြင်းများ ပြုလုပ်ရပါမယ်။

    ၂။ Giardia ကပ်ပါးပိုး

    ရေကနေရော အစားအစာကပါ ကူးစက်နိုင်တဲ့ ပိုးမွှားဖြစ်ပါတယ်။ ရောဂါပိုးရှိတဲ့ လူ၊ တိရစ္ဆာန် စတာတွေရဲ့ မစင်နဲ့ ထိတွေ့မိတဲ့ရေထဲကို ရောက်သွားရာကနေ အဆိုပါရေနဲ့ထိတွေ့မိတဲ့ လူတွေကို ကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိနေတဲ့ ဝက်၊ သိုး စတာတွေကို သေချာစွာ မချက်ပြုတ်ရင်လည်း စားမိတဲ့သူကို ရောဂါပိုး ကူးစက်နိုင်ပါတယ်။ ရောဂါပိုး၊ လေပွခြင်း၊ ဝမ်းပျက်ခြင်း၊ အန်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ဒီရောဂါပိုး မကူးစက်ခံရအောင် လက်ကိုသေချာဆေးဖို့၊ မြစ်ချောင်းများထဲ ရေကူးနေစဉ် ရေမသောက်မိဖို့၊ အသားများကို ကောင်းစွာချက်ပြုတ်ဖို့ လိုအပ်ပါတယ်။

    ၃။ တုတ်ပြားကောင်

    တုတ်ပြားကောင်အမျိုးအစားများစွာရှိပြီး သားစိမ်းငါးစိမ်းများ၊ ကောင်းစွာ မကျက်တဲ့အသားငါးများကနေ ကူးစက်နိုင်ပါတယ်။ ကပ်ပါးပိုးအမျိုးအစားဖြစ်ပြီး ကိုယ်ခန္ဓာထဲရောက်ရှိပြီးချိန်မှာ လက္ခဏာမပြပါဘူး။ လူသားတို့ရဲ့ အစာအိမ်အူလမ်းကြောင်းထဲမှာ လနဲ့နှစ်နဲ့ချီပြီးနေထိုင်ကာ အာဟာရဓာတ်များကို ရယူစားသောက်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်ကျခြင်း၊ ဗိုက်အောင့်ခြင်း၊ စအိုဝယားယံခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ တုတ်ပြားကောင်များမဝင်ရအောင် အသားများကို သေချာစွာ ချက်ပြုတ်ရပါမယ်။ အသီးအနှံများကို မစားသုံးခင် ရေနဲ့သေချာဆေးကြောရပါမယ်။ ကလေးများ ဖုန်သဲများနဲ့ ဆော့ကစားပြီးရင် လက်ကို သေချာစွာ ဆေးကြောပေးရပါမယ်။

    ၄။ Toxoplasma gondii ကပ်ပါးပိုး

    Toxoplasmosis လို့ခေါ်တဲ့ ရောဂါဖြစ်စေတဲ့ ကပ်ပါးပိုး အမျိုးအစားဖြစ်ပါတယ်။ တိရစ္ဆာန်များကို ကိုင်တွယ်ရာကနေ ကူးစက်တတ်ပါတယ်။ အထူးသဖြင့် ကြောင်ဖြစ်ပါတယ်။ ကြောင်ရဲ့မစင်ကနေ ကူးစက်တတ်ပါတယ်။ ကြောင်များရဲ့ နေရာထိုင်ခင်းတွေကို သန့်ရှင်းရေးလုပ်ရင်း ကူးတတ်ပါတယ်။ ဒါ့အပြင် ကောင်းစွာ မချက်ပြုတ်ထားတဲ့ အသားများနဲ့ ရေထဲကနေလည်း ကူးစက်တတ်ပါတယ်။ ရောဂါပိုးမကူးအောင် လက်ကို မကြာခဏဆေးကြောဖို့၊ တိရစ္ဆာန်နဲ့ပတ်သက်တဲ့ ပစ္စည်းများကို ကိုင်တွယ်ရာမှာ လက်အိတ်စွပ်ဖို့ အကြံပြုထားပါတယ်။

    ၅။ Ascaris သန်လုံးကောင်

    သန်လုံးကောင်အမျိုးအစားဖြစ်ပြီး သူ့ရဲ့ဥတွေကို အစားအစာများကတဆင့် စားသုံးမိရင် ကူးစက်တတ်ပါတယ်။ သန်ဥရှိတဲ့ မြေကြီးကို ကိုင်တွယ်မိခြင်း၊ သန်ဥရှိရာမြေကြီးမှာ ပေါက်ရောက်တဲ့ အသီးအနှံ အသီးအရွက်များကို ရေသေချာမဆေးဘဲ စားမိခြင်း စတာတွေကြောင့် ဖြစ်ပါတယ်။ သန်လုံးကောင်ကြောင့် ပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်းအပြင် အသက်ရှူကြပ်ခြင်း၊ ချောင်းဆိုးခြင်း စတာတွေပါ ဖြစ်တတ်ပါတယ်။ ဒီပြဿနာကို ကာကွယ်ဖို့ လက်ကိုသေချာစွာ ဆေးကြောခြင်း၊ အသီးအနှံများ မစားသောက်မီ ရေဆေးခြင်း၊ လူ့မစင်ကို မြေသြဇာအနေနဲ့သုံးပြီး စိုက်ပျိုးထားတဲ့ အသီးအရွက်များကို ရှောင်ကြဉ်ခြင်း စတာတွေ ပြုလုပ်သင့်ပါတယ်။

    ၆။ Cryptosporidium ကပ်ပါးပိုး

    အခွံမာတဲ့ ကပ်ပါးပိုးတစ်မျိုးဖြစ်ပြီး နို့၊ အသီးဖျော်ရည် စတာတွေမှာ တွေ့ရှိနိုင်ပါတယ်။ ကူးစက်တဲ့အခါ အစာအိမ်နာခြင်း၊ ငွေ့ငွေ့ဖျားခြင်း၊ ပျို့အန်ခြင်း၊ အရည်ဝမ်းသွားခြင်း စတာတွေဖြစ်တတ်ပါတယ်။ ဒီရောဂါပိုး ကူးစက်မခံရအောင် အစားအစာများကို ဆေးကြောခြင်း၊ ပိုးသတ်ထားသော နို့၊ ဖျော်ရည်များသာ သောက်သုံးခြင်း၊ လက်ကို စင်ကြယ်အောင် ဆေးကြောခြင်း စတာတွေ ပြုလုပ်သင့်ပါတယ်။

    ၇။ တုတ်ကောင်

    ကလေးတွေမှာ အဖြစ်များပါတယ်။ ရောဂါပိုးရှိတဲ့ အစားအသောက်ကို စားမိရင်ဖြစ်စေ၊ တစ်ကိုယ်ရေသန့်ရှင်းရေး မကောင်းရင်ဖြစ်စေ တုတ်ကောင်ကူးစက်နိုင်ပါတယ်။ တုတ်ကောင်ဟာ ကူးစက်လွယ်ပါတယ်။ မိသားစုတွင်းမှာ တစ်ယောက်ဖြစ်ရင် ကျန်တဲ့သူတွေဆီပါ ပျံ့နှံ့တတ်ပါတယ်။ အဓိကလက္ခဏာအနေနဲ့ စအိုမှာ ယားယံနေတတ်ပါတယ်။ ကလေးများကို သန့်ရှင်းရေး ဂရုစိုက်ဖို့၊ အစာမစားမီ လက်ကို သေချာဆေးဖို့ သတိပြုရပါမယ်။

    …..

    အချုပ်အားဖြင့် ဆိုရရင် အသားများကို သေချာစွာချက်ပြုတ်စားဖို့၊ အသီးအနှံများကို မစားသုံးမီ ရေဖြင့် စင်ကြယ်စွာဆေးဖို့၊ မြေကြီးအပါအဝင် မသန့်ရှင်းတဲ့ အရာဝတ္တုများကို ကိုင်တွယ်ပြီးရင် လက်ကို သေချာဆေးကြောဖို့ ဂရုပြုရပါမယ်။ ဒီနည်းနဲ့ အစားအစာများကနေ ဝင်ရောက်နိုင်တဲ့ ဘက်တီးရီးယားများနဲ့ ကပ်ပါးပိုးများကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 23/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement