backup og meta

ရေခဲရေထက် ရေနွေးပိုသောက်ပေးသင့်တဲ့ အကြောင်းရင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 13/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရေခဲရေထက် ရေနွေးပိုသောက်ပေးသင့်တဲ့ အကြောင်းရင်း

    လူတော်တော်များများက ရေနွေးသောက်တာထက် ရေခဲရေ သောက်ရတာကို ပိုကြိုက်ကြပါတယ်။ အဓိက အကြောင်းရင်းဆိုရင်တော့ အေးကနဲ ဖြစ်သွားတဲ့ ခံစားချက်ရယ်၊ ပင်ပန်းခဲ့သမျှ အေးစိမ့်မှုကြောင့် အမောပြေသလို ခံစားရတာကြောင့်ပါပဲ။ ရေခဲရေမှာလည်း သူ့ဟာနဲ့သူ ကျန်းမာရေးအကျိုးကျေးဇူးတွေ ရှိသလို မဆင်မခြင် သောက်မယ်ဆိုရင်လည်း ပြဿနာတွေ ကြုံလာရနိုင်ပါတယ်။ ခုဆောင်းပါးမှာတော့ ရေခဲရေထက် ရေနွေးပိုသောက်ပေးသင့်တဲ့ အကြောင်းရင်း နဲ့ ရေနွေး သောက်တာကြောင့် ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိနိုင်လဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။

    ရေခဲရေထက် ရေနွေးပိုသောက်ပေးသင့်တဲ့ အကြောင်းရင်း

    ရေခဲရေထက် ရေနွေးပိုသောက်ပေးသင့်တဲ့ အကြောင်းရင်း တွေကတော့

    ၁။ နှာရည်ယို၊ နှာပိတ်တာကို သက်သာစေတယ်။

    ဒါဟာ ရှေးယခင်ကတည်းက ရှိနေခဲ့တဲ့ နှာစေးနှာပိတ် အိမ်တွင်းကုထုံးတစ်မျိုးပါ။ ရေနွေးကနေ ရတဲ့ အနွေးဓာတ်ဟာ လည်ချောင်းတစ်လျှောက်ကို ဖြတ်သန်းသွားတဲ့အခါ ဘက်တီးရီးယားပိုးမွှားတွေကို ဖယ်ရှားပေးတယ်။ နီရဲရောင်ရမ်းတာကို ကျစေပြီး တံတွေးများများ ထွက်စေတယ်။ ရေနွေးငွေ့ကို ရှူရှိုက်ပေးခြင်းဖြင့်လည်း ပိတ်နေတဲ့ နှာခေါင်းတွေကို ပွင့်သွားစေပြီး ပုံမှန် အသက်ပြန်ရှူလို့ ရအောင် ကူညီပေးနိုင်ပါတယ်။

    ၂။ အစာကြေစေတယ်။

    အစာကြေအောင် ရေသောက်ပေး ဆိုပြီး လူကြီးတွေ ပြောတာ ကြားဖူးကြမယ်ထင်ပါတယ်။ ဒီနေရာမှာ ရိုးရိုး ရေကျက်အေး၊ ရေခဲရေထက်စာရင် ရေနွေးနွေးလေးက အစာကောင်းကောင်း ချေဖျက်နိုင်အောင် ကူညီပေးနိုင်ပါတယ်။ အစာခြေလမ်းကြောင်းကို ကောင်းကောင်း အလုပ်လုပ်နိုင်အောင် လှုံ့ဆောင်ပေးနိုင်သလို အစိုဓာတ်ဟာ အစာချေဖျက်တဲ့နေရာမှာ ချောဆီအဖြစ်နဲ့ ပူးပေါင်းကူညီပေးပါတယ်။ အစာချေဖျက်နေစဉ်မှာလည်း ရေဓာတ်ကို ဖြည့်တင်းပေးခြင်းကြောင့် အစာမကြေတာ၊ ရင်ပြည့်တာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။

    ၃။ နာကျင်ကိုက်ခဲတာတွေ သက်သာစေတယ်။

    လူတွေ ညောင်းကိုက်လာပြီဆိုရင် အပြင်ကနေ ရေနွေးဝတ်ကပ်ပေးသလိုပါပဲ၊ ရေနွေးသောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်အတွင်းပိုင်းကနေ အနွေးဓာတ်ရစေပါတယ်။ ဒီအခါ ကြွက်သားနာကျင်ကိုက်ခဲတာ၊ ဇက်ကြောတက်တာ၊ ခါးနာတာတွေကို သက်သာစေပြီး အရောင်ကျစေဖို့ ကူညီပါတယ်။

    ၄။ ဝမ်းချုပ်တာကို အမြန်သက်သာစေတယ်။

    ရေနွေးသောက်ခြင်းဟာ အစာကို ကောင်းကောင်းချေဖျက်နိုင်အောင် ကူညီပေးနိုင်တယ်ဆိုတာ အပေါ်မှာလည်း ပြောပြခဲ့ပြီးပါပြီ။ များသောအားဖြင့် ဝမ်းချုပ်တယ်ဆိုတာ အစာအိမ်က စားလိုက်တဲ့အစားအစာတွေကို ကောင်းကောင်း မချေဖျက်နိုင်တာ၊ ချေဖျက်ဖို့ အားနည်းနေတာကြောင့် အမာတွေ အဖြစ်နဲ့ အထဲမှာ ပိတ်မိနေပြီး ဝမ်းချုပ်တာကို ဖြစ်စေပါတယ်။ ရေနွေးသောက်ခြင်းဖြင့် အစာချေဖျက်တဲ့ နေရာမှာလည်း ကူညီပေးသလို ဝမ်းသွားတဲ့အခါမှာလည်း ချောဆီအဖြစ်နဲ့ ကောင်းကောင်း စွန့်ထုတ်လို့ လွယ်ကူအောင် ကူညီပေးနိုင်ပါတယ်။

    ၅။ ရေဓာတ်ကို ပြည့်ဝစေတယ်။

    ဘယ်လိုရေပဲ ဖြစ်နေပါစေ၊ ရေကို လုံလောက်စွာ သောက်ပေးမယ်ဆိုရင်တော့ တစ်နေ့တာအတွက် ကျွန်တော်တို့ ကိုယ်တွင်းကလီစာတွေ ကောင်းကောင်း အလုပ်လုပ်နိုင်အောင်၊ ဦးနှောက်နဲ့ အာရုံကြောစနစ်တွေ ပုံမှန် အလုပ်လုပ်နိုင်စေဖို့၊ စိတ်ပေါ့ပါး လန်းဆန်းစေမှာပါ။

    ၆။ သွေးလည်ပတ်မှု ကောင်းစေတယ်။

    ရေကို တစ်နေ့တာ လိုအပ်သလောက် သောက်ပေးမယ်ဆိုရင် သွေးကြောတွေကို ကျယ်စေပြီး သွေးစီးဆင်းမှု ကောင်းစေပါတယ်။ သွေးတိုးရောဂါရှိသူတွေ၊ နှလုံးသွေးကြောကျဉ်း ရောဂါရှိသူတွေဆိုရင် ရေနွေး များများ သောက်ပေးသင့်ပါတယ်။

    ၇။ ကိုယ်ခန္ဓာတွင်း အဆိပ်အတောက်တွေကို လျှော့ချပေးတယ်။

    ရေနွေးသောက်ခြင်းဟာ ခန္ဓာကိုယ်ရဲ့ အပူချိန်ဟာ ခေတ္တခဏ မြင့်တက်စေပြီး ချွေးထွက်စေတယ်။ ချွေးထွက်လိုက်တဲ့အခါ ချွေးပေါက်ထဲမှာ ပိတ်နေတဲ့ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေ၊ ခန္ဓာကိုယ်ထဲမှာ အောင်းနေတဲ့ အဆိပ်အတောက်တွေကိုလည်း ချွေးနဲ့အတူ အပြင်ကို စွန့်ထုတ်ပစ်လိုက်တာကြောင့် ပေါ့ပေါ့ပါးပါး ဖြစ်သွားတယ်လို့ ခံစားရမှာပါ။

    ဘယ်အရာမဆို တန်ဆေး၊ လွန်ဘေးဆိုတာ ရှိတယ်ဆိုတာ မေ့ထားလို့တော့ မဖြစ်ပါဘူးနော်။ ရေသည်လည်း ထိုနည်းတူပါပဲ။ ကိုယ့်အတွက် တစ်နေ့တာ လိုအပ်သလောက် ပမာဏကိုသာ သောက်ပေးမယ်ဆိုရင်တော့ ခန္ဓာကိုယ်အတွက်ရော ကျန်းမာရေးအတွက်ပါ အကျိုးရှိစေနိုင်မှာပါ။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 13/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement