ဖိုးဖိုးဖွားဖွားတို့နဲ့ ကာကွယ်ဆေးထိုးနှံခြင်း ဆိုလို့ ကာကွယ်ဆေးက ကလေးတွေပဲ ထိုးရတာလေ လူကြီးတွေ ထိုးဖို့ လိုလို့လားဆိုတော့ လိုပါတယ်။။ ဥပမာ တုပ်ကွေး ကာကွယ်ဆေး၊ အသည်းရောင် အသားဝါ ဘီ ကာကွယ်ဆေး စသဖြင့်ပေါ့။
အသက်အရွယ် ရလာလေလေ ကိုယ်ခံအားစနစ် ကလည်း ပြောင်းလာလေလေပါ။ ဒီလို ကိုယ်ခံအားစနစ် ပြောင်းလဲလာမှုက ခန္ဓာကိုယ်ထဲကို ရောဂါတွေ အလွယ်တကူ ဝင်ရောက်နိုင်သလို ကာကွယ်ဆေးတွေ ထိုးနှံပြီးတဲ့ အခါမျိုးမှာလည်း လုံလောက်တဲ့ ကာကွယ်မှုကို မရရှိတာမျိုး ဖြစ်နိုင်ပါတယ်။
ဘာကြောင့် ဒီလို ဖြစ်ရတာလဲ ဆိုတာကို ဆောင်းပါးလေး ထဲမှာ ပြောပြပေးထားတာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော်။
အသက်အရွယ်ရလာတဲ့အခါ ကာကွယ်ဆေး ထိရောက်မှုက ပြောင်းလဲလာသလား။
အသက်အရွယ် ရလာတာ နဲ့အမျှ ကိုယ်ခံအားစနစ်ထဲမှာ ပြောင်းလဲမှုတွေ ဖြစ်လာတယ်။ ရောဂါတွေ အလွယ်တကူ ဝင်ရောက်ကူးစက်တာမျိုးနဲ့ ရောဂါတွေကို ကာကွယ်ပေးမယ့် ကာကွယ်ဆေးတွေရဲ့ ခုခံအားကို အပြည့်အဝ မရတာမျိုးပါ။ ဒီအခြေအနေကို immunosenescence လို့ ခေါ်ပါတယ်။
Innate immunity လို့ခေါ်တဲ့ မွေးရာပါ ကိုယ်ခံအား နဲ့ Adaptive immunity လို့ခေါ်တဲ့ အသက်ကြီးမှ ကိုယ်ခန္ဓာက ရောဂါပိုးတွေ နဲ့ ထိတွေ့ပြီးမှ ရရှိလာတဲ့ ကိုယ်ခံအား သို့မဟုတ် ကာကွယ်ဆေး ထိုးလို့ ရရှိလာတဲ့ ကိုယ်ခံအားဆဲလ်တွေက စွမ်းဆောင်ရည် ကျလာတာ၊ တုံ့ပြန်ပုံ မတူတာ၊ ကာကွယ်ဆေးထိုးတာကို သိရှိနိုင်စွမ်းမှာ အဟန့်အတား ဖြစ်စေတာလိုမျိုး အချက်တွေကြောင့် အသက်အရွယ် ရလာတဲ့အခါ ကာကွယ်ဆေးရဲ့ အစွမ်းအာနိသင်ကို ထင်သလောက် မရတာမျိုး ဖြစ်နိုင်ပါတယ်။
ဖိုးဖိုးဖွားဖွားတို့နဲ့ ကာကွယ်ဆေးထိုးနှံခြင်း
နောက်တစ်ချက်က ဖိုးဖိုးဖွားဖွားတွေကို ကာကွယ်ဆေးထိုးပေးတဲ့အခါ သူတို့ရဲ့ ကိုယ်ခံအားမှာရှိတဲ့ ပြင်ပကဝင်လာတဲ့ ရောဂါပိုးတွေကို မှတ်သားထားတဲ့ ဆဲလ်လေးတွေက ကောင်းစွာ အလုပ်မလုပ်နိုင်တာ၊ မှတ်မိနိုင်စွမ်း ကျလာတဲ့အခါမျိုးမှာ ကာကွယ်ဆေးရဲ့ သက်ရောက်မှုက အားသိပ်မကောင်းတာမျိုး ဖြစ်နိုင်ပါတယ်။
ရန်သူကို ရန်သူမှန်းမသိတဲ့အခါ တိုက်ခိုက်မိဖို့ နောက်ကျနေရင်း တိုက်ပွဲမှာရှုံးသလိုမျိုးပေါ့။ နောက်တစ်ခုက ကိုယ်ခံအားဆဲလ်တွေက မမှတ်မိတဲ့အတွက် ကာကွယ်ဆေးအတွက် လိုအပ်တဲ့ ထပ်ဆောင်း ကာကွယ်ဆေး ထိုးတဲ့အခါ ခုခံတိုက်ထုတ်တာမျိုးပါ။
နောက်တစ်ချက်က ကိုယ်ခံအားဆဲလ်တွေက ရောဂါကို တိုက်ထုတ်ရမယ့်အစား ကိုယ်ခံအား အချင်းချင်း မှားယွင်းတိုက်ခိုက်တာပါ။ ဒါတွေရဲ့ ရလဒ်ကတော့ ကာကွယ်ဆေးထိုးထားတဲ့ ဖိုးဖိုးဖွားဖွားတွေရဲ့ ပဋိပစ္စည်းတွေ တုံ့ပြန်မှု အားနည်းတာ အစွမ်းအာနိသင် လျင်လျင်မြန်မြန် ကျဆင်းတာမျိုးဖြစ်ပြီး ကာကွယ်ဆေးရဲ့ အာနိသင် ကြာရှည်မခံတာမျိုး ဖြစ်နိုင်ပါတယ်။
Immunosenescence ဖြစ်တာက လူကြီးတွေမှာ ရောဂါ ကူးစက်နိုင်ခြေ တိုးလာနိုင်သလို ကင်ဆာ နဲ့ အခြား autoimmune ရောဂါတွေ ဖြစ်နိုင်ခြေလည်း ပိုများပါတယ်။ ကိုယ်ခံအား လုပ်ဆောင်မှုတွေ အားနည်းလာတာ၊ နှေးလာတာတွေကြောင့် လူကြီးတွေမှာ ကာကွယ်ဆေးရဲ့ သက်ရောက်မှုက နည်းနေတာဖြစ်သလို လုံလောက်တဲ့ ခုခံအား တည်ဆောက်ဖို့လည်း ကြာနေတာပါ။
ကာကွယ်ဆေးတွေကတော့ အာနိသင် အတူတူပါပဲ။ အသက်အရွယ်ကြောင့် ကိုယ်ခံအား တုံ့ပြန်မှု ကွာသွားတဲ့အပေါ်မှာ ကာကွယ်ဆေးရဲ့ ခုခံအား တည်ဆောက်နိုင်စွမ်း နဲ့ ခုခံအား တည်ဆောက်တဲ့ အချိန်တွေ ကွာသွားတာပါ။
ဒါကြောင့် ကာကွယ်ဆေးကြောင့် ဖျားတာမျိုး ဖြစ်တဲ့အခါ လူကြီးတွေက လူငယ်တွေထက် အချိန်ပို ကြာတာမျိုး ဖြစ်နိုင်ပါတယ်။
အသက်အရွယ်ရလာတဲ့အခါ ရောဂါတွေ ရန်ကနေ ကာကွယ်ဖို့ဆိုရင် ကာကွယ်ဆေးက မဖြစ်မနေ ထိုးဖို့ လိုပါမယ်။ ဒါပေမယ့် ကာကွယ်ဆေးက ဖေဖေမေမေ၊ ဖိုးဖိုးဖွားဖွားတို့အတွက် အဆင်ပြေပါ့မလား စိတ်ပူနေတယ်ဆိုရင်တော့ကာကွယ်ဆေး ထိုးနှံဖို့ ဆရာဝန်နဲ့ အရင်ဆုံး သေချာတိုင်ပင်ပြီးမှ ထိုးတာအကောင်းဆုံးဖြစ်မှာပါ။
[embed-health-tool-bmi]