ဗြိတိန်ကျန်းမာရေးအာဏာပိုင်တွေရဲ့ တရားဝင် ထုတ်ဖော်ပြောဆိုချက်တွေအရ Pfizer/BioNTech ဆေးဝါးဟာ ဓာတ်မတည့်ဝေဒနာခံစားဖူးသူတွေကို ထိုးနှံပေးလို့မရဘူးလို့ သိရပါတယ်။
လက်ရှိမှာ Pfizer/BioNTech က ထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးကို ဗြိတိန်နိုင်ငံမှာ စတင်စမ်းသပ်ထိုးနှံမှုပြုလုပ်နေပြီး ပထမအသုတ်အဖြစ် ဆေးအလုံးရေ ၈ သိန်းကို ထိုးနှံနေတာပါ။ ဒါ့အပြင် FDA ရဲ့ အရေးပေါ်ခွင့်ပြုချက်ကိုလည်း မကြာသေးခင်ကမှ ပူပူနွေးနွေးရရှိထားတဲ့ အဆိုပါဆေးဝါးကို အမေရိကန်နိုင်ငံမှာလည်း ဒီဇင်ဘာလ ၁၄ ရက်နေ့ကနေ စတင်ပြီး ထိုးနှံနေပါပြီ။
ကမ္ဘာ့ပထမဆုံး COVID-19 ကာကွယ်ဆေးဖြစ်လာတဲ့ Pfizer/BioNTech ရဲ့ ဆေးဝါးဟာ ထိရောက်မှုရှိသလို ဘေးထွက်ဆိုးကျိုးလည်းနည်းပါးပေမယ့် လုံးဝမရှိခဲ့တာတော့မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးက စောင့်ကြည့်နေကြတဲ့ ဒီဆေးဝါးဟာ အလုပ်ဖြစ်တယ်လို့ ပထမဆုံး ဆေးဝါကိုအသုံးပြုခဲ့တဲ့ ဗြိတိန်အာဏာပိုင်တွေက ကြေညာထားပေမယ့် ဘေးထွက်ဆိုးကျိုးတချို့ရှိနေတာကိုလည်း ဝန်ခံခဲ့ပါတယ်။
အစောပိုင်းသတင်းတွေအရ ကာကွယ်ဆေးတွေရဲ့ ကိုယ်ခံအားစနစ်ကို တုန့်ပြန်အောင် နှိုးဆော်မှုတွေကြောင့် အောက်ပါ အပေါ့စား ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်တယ်လို့ သိထားရပါတယ်။
- ဆေးထိုးထားတဲ့ နေရာတစ်ဝိုက်မှာ နာကျင်ကိုက်ခဲတာ၊
- မောပန်းနွမ်းနယ်တာ၊
- ခန္ဓာကိုယ်တစ်ခုလုံး ယားယံတာ၊
- ခေါင်းကိုက်တာ၊
- ဖျားနာတာတွေဖြစ်နိုင်တယ်လို့လည်း သူတို့က ဆိုထားပါတယ်။
ရောဂါကာကွယ်ဆေးတွေဟာ ရောဂါပိုးဝင်ရောက်မလာအောင် ကာကွယ်ဖို့အတွက် ကိုယ်ခံအားစနစ်ကို ပိုမိုအလုပ်များစေတာမို့ အအေးမိ၊ တုပ်ကွေး၊ ဖျားနာလို လက္ခဏာမျိုးတွေ ပေါ်ထွက်လာတာဖြစ်ပါတယ်။
ခုနောက်ပိုင်းမှာတော့ ဗြိတိန်အာဏာပိုင်တွေက နောက်ထပ် ကိစ္စတစ်ခုကို ထပ်မံထုတ်ဖော်ပြောဆိုလာပါတယ်။ ဒါကတော့ ဒီဆေးဝါးဟာ ဓာတ်မတည့်ဝေဒနာခံစားနေရသူတွေကို ထိုးနှံလို့မရဘူးဆိုတာပါပဲ။
ဓာတ်မတည့်ဝေဒနာ (Allergic) ရှိရင် ဆေးထိုးလို့မရဘူးလား
ဗြိတိန်မှာ အမှန်တကယ် ကာကွယ်ဆေးထိုးနှံခဲ့သူတွေကတော့ ကာကွယ်ဆေးထိုးနှံပြီးချိန်မှာ လက်မောင်းနာကျင်မှုဝေဒနာကို သိသာထင်ရှားစံာ ခံစားရတယ်လို့ ဆေးထိုးပြီးကာစမှာ ဆိုခဲ့ကြပါတယ်။ ဆေးအရှိန်ကြောင့် လက်မောင်းမြှောက်လို့မရတာမျိုးတွေ ကြုံခဲ့ကြရတာပါ။ ဒါပေမယ့် သိသိသာသာ ဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုးမျိုးတော့ မရှိခဲ့ကြဘူးလို့ ဆိုကြပါတယ်။
ဒါပေမယ့် သိပ်မကြာခင်မှာပဲ Pfizer/BioNTech ရဲ့ ဆေးဝါးဟာ ဓာတ်မတည့်ဝေဒနာရှိသူတွေကိုတော့ ထိုးပေးဖို့ မသင့်လျော်ဘူးလို့ ဗြိတိန်ကျန်းမာရေး အာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ အကြောင်းကတော့ ဓာတ်မတည့်ဝေဒနာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတစ်ချို့ ပြင်းထန်တဲ့ဝေဒနာတွေ ခံစားခဲ့ရတာကြောင့် ခုလိုထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။
ဓာတ်မတည့်ဝေဒနာအခံရှိတဲ့ ကျန်းမာရေးဝန်ထမ်း ၂ ဦးဟာ ကာကွယ်ဆေးထိုးနှံပြီးတဲ့နောက်မှာ ပြင်းထန်တဲ့ ဓာတ်မတည့်ဝေဒနာ လက္ခဏာတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ ကျန်းမာရေးအာဏာပိုင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ MHRA က Allergy ရှိသူတွေကို ဆေးမထိုးဖို့ ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဓာတ်မတည့်ဖြစ်ခဲ့တဲ့ ဝန်ထမ်း ၂ ဦးကတော့ပြန်လည်သက်သာလာနေပြီဖြစ်ပါတယ်။ ဒါပေမယ့် ဓာတ်မတည့်မှုရဲ့ နောက်ကွယ်က အကြောင်းတရားကိုတော့ မသိရသေးသလို ဘယ်လိုဓာတ်မတည့်မှုမျိုးတွေနဲ့ ဆေးနဲ့ အဆင်မပြေတာလည်းဆိုတာကိုလည်း တိတိကျကျ မသိရှိရသေးပါဘူး။
ဗြိတိန်မှာကတော့ ဆေးဝါး၊ အစားအစာ၊ ထိုးဆေးစတဲ့အရာတွေနဲ့ ဓာတ်မတည့်သူတွေကို ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးဦးမှာ မဟုတ်သေးပဲ ဆိုင်းငံ့ထားဦးမှာဖြစ်ပါတယ်။ လက်ရှိအချိန်အထိ လေ့လာသုံးသပ်ချက်တွေမှာတော့ ကိုယ်ခံအားစနစ်က ကာကွယ်ဆေးနဲ့ မပေါင်းစပ်နိုင်တာလို့ သုံးသပ်ထားပါတယ်။
တရုတ်ဆေးဝါးကုမ္ပဏီတစ်ခုဖြစ်တဲ့ Sinovac ရဲ့ Phase 2 trial စမ်းသပ်မှုပြုလုပ်စဉ်တုန်းကလည်း ခုလိုမျိုး ဓာတ်မတည့်တဲ့ ပြဿနာကြုံဆုံခဲ့ရဖူးတာမို့ WHO ကတော့ တရားဝင်ခွင့်ပြုချက်မရခင်မှာ ကာကွယ်ဆေးတွေကို သတိထားအသုံးပြုဖို့ သတိပေးထားပါတယ်။
အားကောင်းနေဆဲ မျှော်လင့်ချက်များ
COVID-19 ကပ်ဘေးရဲ့ ဆိုးရွားလှတဲ့ ဒုက္ခဘေးတွေကြောင့် ဆေးဝါးထိုးနှံခြင်းခံခဲ့ရသူတွေဟာ သာမန်အပရိက ဘေးထွက်ဆိုးကျိုးအနည်းငယ်အပေါ် ငြီးငြူတွေဝေနေခြင်းမရှိကြတော့ပဲ ဝမ်းသာပျော်ရွှင်နေကြသလို ဓာတ်မတည့်ဝေဒနာရှိသူတွေအနေနဲ့လည်း အဆင်ပြေပြေဆေးဝါးထိုးနှံခွင့်ရရှိမယ့်အချိန်ကို စောင့်မျှော်ရတော့မှာပါ။
လက်ရှိအချိန်အထိ တစ်ကမ္ဘာလုံံးမှာ COVID-19 ရောဂါပိုး ကူးစက်ခံခဲ့ရသူပေါင်း ၇၂ သန်းကျော်ရှိထားပြီး ရောဂါကြောင့် သေဆုံးသွားသူပေါင်း ၁.၆ သန်းကျော်အထိ ရှိနေတာမို့ ထိရောက်ပြီး အမှန်တကယ်ရောဂါကို ကာကွယ်ပေးနိုင်တဲ့ ကာကွယ်ဆေးတွေ ပေါ်ထွက်လာဖို့ လူတိုင်းက မျှော်လင့်ချက်ထားနေကြတာပါ။
ဘေးထွက်ဆိုးကျိုးနဲ့ ဓာတ်မတည့်မှု အနည်းငယ်ရှိနေမယ်ဆိုရင်တောင်မှ COVID-19 ကပ်ဘေးကို ကျော်လွန်နိုင်ဖို့ လူတိုင်းက ကာကွယ်ဆေးတွေကို အသုံးချဖို့ စိတ်ဆန္ဒပြင်းပြနေကြတာကတော့ အမှန်တရားပါပဲ။
117,946
97,819
2,484
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။