home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

Wolfram syndrome (ဝိုးဖရမ်းစင်ဒရုန်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်|ရောဂါလက္ခဏာများ|ဖြစ်ပွားမှုအကြောင်းရင်းများ|ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ|ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း|လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

အဓိပ္ပါယ်ဖွင့်ဆိုချက်

ဝိုးဖရမ်းစင်ဒရုန်း ဆိုတာဘာလဲ။

ဝိုးဖရမ်းစင်ဒရုန်းဆိုတာ ငယ်ငယ်ရွယ်ရွယ်ဖြင့် ဆီးချိုသွေးချိုခံစားရကာ အမြင်အာရုံပျက်သုန်းခြင်းဖြစ်သော မွေးရာပါနာတာရှည်ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဝိုးဖရမ်းစင်ဒရုန်းလူနာတွေဟာ ငယ်ရွယ်စဉ်ကတည်းက ဆီးချိုသွေးချိုဖြစ်ကြပြီး အမြင်အာရုံကြောတဖြည်းဖြည်းနဲ့ ပျက်စီးပါတယ်။ ၃၀ရာခိုင်နှုန်းသော ဝိုးဖရမ်းစင်ဒရုန်းကလေးတွေဟာ ထိုရောဂါကြောင့် အကြားအာရုံဆုံးရှုံးတတ်ကြပါတယ်။ ဒိုင်ရာဘိတိစ် အင်စိပိဒပ်စ်လည်း ဖြစ်နိုင်ပါသေးတယ်။

ထိုစင်ဒရုန်းကို DIDMIAD လို့လည်းခေါ်ခဲ့ပါတယ်။ ဆိုလိုတာက ဒိုင်ရာဘိတိစ် အင်စိပိဒပ်စ်၊ ဆီးချိုသွေးချို၊ အမြင်အာရုံပျက်သုန်းခြင်းနှင့် အကြားအာရုံမကောင်းခြင်းပါ။

ဝိုးဖရမ်းစင်ဒရုန်းမှာ အမျိုးအစား၁နဲ့ အမျိုးအစာ၂ဆိုပြီး ၂မျိုးရှိပါတယ်။ မျိုးရိုးဗီဇချို့ယွင်းမှုဖြင့် ခွဲခြားထားတာပါ။

ဝိုးဖရမ်းစင်ဒရုန်းဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ရောဂါလက္ခဏာများ

ဝိုးဖရမ်းစင်ဒရုန်းရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

ဝိုးဖရမ်းစင်ဒရုန်းမှာ အမျိုးအစား၁နဲ့ အမျိုးအစာ၂ဆိုပြီးရှိပါတယ်။ ရောဂါလက္ခဏာတွေ ထပ်နေတာလည်း ရှိတတ်ပါတယ်။

ဝိုးဖရမ်းစင်ဒရုန်းအမျိုးအစား၁မှာ ဒိုင်ရာဘိတိစ်အင်စိပိဒပ်စ် (DI)၊ ငယ်ရွယ်သူတွင်ဖြစ်သောဆီးချိုသွေးချို (DM)၊ အမြင်အာရုံတဖြည်းဖြည်းချင်းပျက်သုန်းခြင်း (OA)နှင့် နားကန်းခြင်း (D) တို့ပါဝင်ပါတယ်။ ၆၅ရာခိုင်နှုန်းသောလူနာတွေက ထိုရောဂါလက္ခဏာ၄မျိုးလုံးရှိကြပြီး အခြားသူတွေကတော့ ဆက်စပ်ရောဂါလက္ခဏာအချို့သာ ခံစားကြရပါတယ်။

ဝိုးဖရမ်းစင်ဒရုန်းအမျိုးအစား၁ရဲ့ အခြားရောဂါလက္ခဏာတွေက အောက်ပါတို့ဖြစ်ပါတယ်။

  • ဆီးလမ်းကြောင်းချို့ယွင်းခြင်း
  • အေတက်စီးယား (ကိုယ်ခန္ဓါပူးပေါင်းလုပ်ဆောင်မှုနှင့်မျှခြေ ပျက်ယွင်းခြင်း)]
  • အနံ့ခံအာရုံမကောင်းတော့ခြင်း
  • လည်ချောင်းထဲလက်ထိုးထည့်သော်လည်းမပျို့တော့ခြင်း
  • ကြွက်တက်ခြင်း
  • အပြင်ပိုင်းအာရုံကြောစနစ်မကောင်းခြင်း
  • တက်ခြင်း
  • စိတ်ဓါတ်ကျခြင်း
  • စိတ်ဆက်ခြင်း၊ ရန်လိုခြင်း
  • စိတ်ဖောက်ခြင်း
  • အစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများရှိခြင်း
  • ပညာမသင်ကြားနိုင်ခြင်း
  • အသက်ရှုရပ်ခြင်း၊ အသက်ရှုစနစ်ပျက်စီးခြင်း
  • အမျိုးသားလိင်စွမ်းရည်ကျခြင်း (ကျားဟော်မုန်းနည်းခြင်း)

ဝိုးဖရမ်းစင်ဒရုန်းအမျိုးအစာ၂လူနာတွေမှာ အမျိုးအစား၁မှာတွေ့ရသော ရောဂါလက္ခဏာတွေအပြင် အစာအိမ်နှင့်အူလမ်းကြောင်းအနာဖြစ်ခြင်းများ၊ ဒဏ်ရာရပြီးသွေးအလွန်ထွက်ခြင်းများရှိတတ်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

သင့်ဆီမှာ သို့မဟုတ် သင်ချစ်ရသူတစ်ဦးဦးမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

ဖြစ်ပွားမှုအကြောင်းရင်းများ

ဘာတွေက ဝိုးဖရမ်းစင်ဒရုန်း ဖြစ်ပွားစေသလဲ။

ဝိုးဖရမ်းစင်ဒရုန်းအမျိုးအစား၁နှင့်၂ဆိုပြီး ယင်းတို့ရဲ့ မျိုးရိုးဗီဇချို့ယွင်မှုတွေဖြင့် ခွဲခြားထားပါတယ်။

၉၀ရာခိုင်နှုန်းသော ဝိုးဖရမ်းစင်ဒရုန်းအမျိုးအစား၁အတွက် WFS1 မျိုးရိုးဗီဇက တာဝန်ရှိပါတယ်။ ထိုမျိုးရိုးဗီဇက ဝိုဖရာမင်လို့ခေါ်တဲ့ ပရိုတင်းတစ်မျိုးထုတ်လုပ်မှုအတွက် အရေးကြီးပြီး ယင်းပရိုတင်းကို ဆဲလ်တစ်လုံး၏ လုပ်ငန်းဆောင်တာအတွက် အရေးပါသော အန်ဒိုပလက်စမစ်ရက်တီကူလမ် ပုံမှန်အလုပ်လုပ်နေနိုင်ဖို့ လိုအပ်ပါတယ်။ ဝိုဖရာမင်က ဆဲလ်လုပ်ငန်းအမျိုးမျိုးအတွက် အရေးကြီးသော ကယ်စီယမ်ပမာဏကိုလည်း ထိန်းညှိပေးပါတယ်။ WFS1 မျိုးရိုးဗီဇချို့ယွင်းသွားတဲ့အခါ ဝိုဖရင်မင်လည်း ချို့ယွင်းသွားပြီး သူရဲ့လုပ်ငန်းတွေ မလုပ်ဆောင်နိုင်တော့ပါဘူး။ ယင်းကြောင့်ပဲ ဆဲလ်တွေ အလိုအလျောက်သေဆုံးရပါတယ်။ ခန္ဓါကိုယ်အနှံ့ဆဲလ်တွေ သေဆုံးမှုကြောင့် ဝိုးဖရမ်းစင်ဒရုန်းအမျိုးအစား၁ရဲ့ ရောဂါလက္ခဏာတွေ ပေါ်ပေါက်လာပါတယ်။

CISD2 မျိုးရိုးဗီဇချို့ယွင်းခြင်းက ဝိုးဖရမ်းစင်ဒရုန်းအမျိုးအစား၂ကို ဖြစ်လာစေပါတယ်။ ထိုမျိုးရိုးဗီဇရဲ့ အဓိကလုပ်ငန်းဆောင်တာကို မသိကြသော်လည်း ဆဲလ်အတွက် စွမ်းအင်ထုတ်ပေးသော မိုက်တိုကွန်ဒရီးယားမှာ အရေးပါလိမ့်မယ်လို့တော့ ထင်ကြပါတယ်။ CISD2 မျိုးရိုးဗီဇပြောင်းလဲမှုကြောင့် မိုက်တိုကွန်ဒရီးယားတွေ ဆုံးရှုံးသွားပြီး ဆဲလ်အတွက် စွမ်းအင်ရရှိမှု နည်းပါးလာပါတယ်။ ဆဲလ်တွေစွမ်းအင်အလုံအလောက်မရတဲ့အခါ သေဆုံးကြရပါတယ်။ ဝိုးဖရမ်းစင်ဒရုန်းအမျိုးအစား၂မှာ သူနဲ့ဆက်စပ်နေမယ့်ရောဂါလက္ခဏာတွေဟာ ခန္ဓါကိုယ်အနှံ့ ဆဲလ်များသေဆုံးမှုကြောင့် ဖြစ်ပေါ်လာပါတယ်။ ရှားရှားပါးပါး မိုက်တိုကွန်ဒရီးယားDNA ပြောင်းလဲမှုကြောင့်လည်း ဝိုးဖရမ်းစင်ဒရုန်းရရှိနိုင်ပါသေးတယ်။

ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ

ဘယ်အရာတွေက ဝိုးဖရမ်းစင်ဒရုန် ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

ဝိုးဖရမ်းစင်ဒရုန်းကို ငုတ်လျှိုးမျိုးရိုးဗီဇပုံစံဖြင့် ရရှိပါတယ်။ ဆိုလိုတာက ရောဂါဖြစ်ဖို့ ချို့ယွင်းမျိုးရိုးဗီဇ၂ခုလုံးလိုအပ်တာပါ။ မိဘ၂ပါးလုံးက ချို့ယွင်းမျိုးရိုးဗီ၁ခုဆီကို ပိုင်ဆိုင်ထားကြပြီး သယ်ဆောင်သူများလို့ ခေါ်ကြပါတယ်။ သယ်ဆောင်သူတွေမှာ များသောအားဖြင့် ရောဂါလက္ခဏာတွေ မပြတတ်ပါဘူး။ သယ်ဆောင်သူ၂ယောက်လုံးကလေးရှိမယ်ဆိုရင် ကလေးတစ်ယောက်ဆီမှာ ရောဂါဖြစ်နိုင်ခြေ ၂၅ရာခိုင်နှုန်းနဲ့ သယ်ဆောင်သူဖြစ်နိုင်ခြေ ၅၀ရာခိုင်နှုန်းရှိပါတယ်။ ၂၅ရာခိုင်နှုန်းက ရောဂါဖြစ်မှာလည်းမဟုတ်သလို၊ သယ်ဆောင်သူလည်းဖြစ်မှာ မဟုတ်ပါဘူး။ နောက်ထပ်သိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

ဝိုးဖရမ်းစင်ဒရုန်း ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

ဝိုးဖရမ်းစင်ဒရုန်းရဲ့ အဖြေရှာအတည်ပြုမှုက ထင်ရှားတဲ့ရောဂါလက္ခဏာပါရှိမှုအပေါ်မှာ အခြေခံပါတယ်။ WFS1 မျိုးရိုးဗီဇနဲ့ CISD2 မျိုးရိုးဗီဇ ပြောင်းလဲမှုရှာဖွေခြင်းက ရောဂါအတည်ပြုပေးနိုင်ပါတယ်။

ဝိုးဖရမ်းစင်ဒရုန်းအမျိုးအစား၁အတွက် WFS1 မျိုးရိုးဗီဇပြောင်းလဲမှု၊ ဝိုးဖရမ်းစင်ဒရုန်းအမျိုးအစား၂အတွက် CISD2 မျိုးရိုးဗီဇပြောင်းလဲမှုတို့ကို မျိုးရိုးဗီဇစစ်ဆေးနည်းတွေနဲ့ သိနိုင်ပါတယ်။ ရောဂါဖြစ်စေတဲ့ မျိုးရိုးဗီဇပြောင်းလဲမှု၂ခု မိသားစုထဲမှာ တွေ့ရှိလာပြီဆိုရင် သယ်ဆောင်သူတွေလည်း မျိုးရိုးဗီဇစစ်ဆေးရနိုင်ပါတယ်။

ဝိုးဖရမ်းစင်ဒရုန်းကို ဘယ်လိုကုသလဲ။

ဝိုးဖရမ်းစင်ဒရုန်းရဲ့ ကုသမှုက ကူညီထောက်ပံ့အားပေးဖို့ဖြစ်ပြီး တစ်ဦးတစ်ယောက်ချင်းဆီရဲ့ ရောဂါလက္ခဏာတွေပေါ်မှာ မူတည်ပါတယ်။ ဥပမာပြောရမယ်ဆိုရင် လူနာတော်တော်များများက ဆီချိုရောဂါဖြစ်ကြတဲ့အတွက်ကြောင့် ယင်းအတွက် အင်ဆူလင်လိုအပ်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ ဝိုးဖရမ်းစင်ဒရုန်းကို ကုသရမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Wolfram syndrome https://rarediseases.info.nih.gov/diseases/7898/wolfram-syndrome Accessed February 7, 2018

Wolfram Syndrome https://rarediseases.org/rare-diseases/wolfram-syndrome/ Accessed February 7, 2018

What is Wolfram Syndrome: Causes, Symptoms, Treatment https://www.epainassist.com/genetic-disorders/wolfram-syndrome Accessed February 7, 2018

စာရေးသူ ဓာတ်ပုံbadge
Phyo Wai Yan မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။