backup og meta

အရပ်ရှည်အောင် ခွဲစိတ်လို့ရလား။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 23/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရပ်ရှည်အောင် ခွဲစိတ်လို့ရလား။

    တိုးတက်လာတဲ့ ဆေးပညာအရ ပိန်တဲ့သူဝအောင်၊ ဝတဲ့သူပိန်အောင် လုပ်နိုင်သလို ပုတဲ့သူကိုလည်း  အရပ်ရှည်အောင် လုပ်နိုင်ပါတယ်။ Limb lengthening surgeryလို့ ခေါ်တဲ့ ခွဲစိတ်နည်းနဲ့ ဆိုရင်တော့ ဒါဟာ မဖြစ်နိုင်စရာ မရှိပါဘူး။

    အရပ်ရှည်အောင် ဘယ်သူတွေ ခွဲစိတ်လို့ရသလဲ။

    • အရပ်ရှည်ချင်တဲ့သူတွေ
    • အရိုးကျိုးပြီး ကောင်းကောင်း ပြန်မဆက်လို့ ခြေထောက်နှစ်ချောင်း မညီတဲ့သူတွေ
    • မွေးရာပါ အရိုးပြဿနာကြောင့် ခြေထောက် မညီတဲ့သူတွေကို ခွဲစိတ်တဲ့ နေရာမှာ သုံးပါတယ်။

    အသက်တွေ၊ အရပ်တွေ ကန့်သတ်ချက်ရှိသလား။

    အရပ်ရှည်ဖို့ဆိုရင်တော့ ကျန်းမာပြီး ဆေးလိပ်မသောက်တဲ့သူ၊ လူကြီးအရိုးဖြစ်ပြီးသား လူတွေဖြစ်ရပါမယ်။ အရပ်အားဖြင့်တော့ သီးသန့်ကန့်သတ်ထားတာမျိုး မရှိပါဘူး။ လူနာတစ်ယောက်ချင်းစီအပေါ် မူတည်ပါတယ်။

    ခြေထောက် နှစ်ဖက် မညီလို့ ခွဲစိတ်မယ်ဆိုရင်တော့ လူကြီးပါ ကလေးပါ ခွဲစိတ်နိုင်ပါတယ်။ ၂၀ကျော်ကစပြီး တချို့နိုင်ငံတွေဆို ၆၀ကျော်ထိ ခွဲစိတ်နေကြတုန်းပါပဲ။ ကလေးတွေကို ခွဲစိတ်မယ်ဆိုရင်တော့ သူတို့အရိုးမှာ ရှိတဲ့ growth plateလို့ ခေါ်တဲ့ နေရာလေးကို သတိထားရပါတယ်။ ဒါမှ အရပ်ဆက်ရှည်မှာမို့လို့ပါ။

    ဘယ်လောက်လောက် ထပ်ရှည်လာမှာလဲ။

    ပေါင်ရိုးအတွက်ဆိုရင်တော့ ၂လက်မ ၃လက်မလောက် အလွန်ဆုံးပါပဲ။ ၃လက်မကျော်လာရင်တော့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ထပ်ရှည်ချင်တဲ့ဆိုရင်တော့ ညို့သကျည်းရိုးမှာ သက်သက်ထပ်ခွဲစိတ်ပြီး နောက်ထပ် ၂လက်မ ၃လက်မလောက် ထပ်ရှည်အောင် လုပ်လို့ရပါတယ်။

    အရပ်ရှည်အောင် ဘယ်လိုခွဲစိတ်တာလဲ။

    အရပ်ရှည်အောင် ခွဲစိတ်ပြီး ပစ္စည်း အစားထိုးလိုက်တာမျိုး မဟုတ်ဘဲ ခန္ဓာကိုယ်မှာ ရှိတဲ့ အရိုးဆဲလ်တွေ၊ တစ်ရှူးတွေ၊ သွေးကြောတွေ ပွားလာအောင်၊ အသစ်ဖြစ်လာအောင် အပြင်ကနေ လှုံ့ဆော်ပေးလိုက်တာပါ။

    အရင်ဆုံး ရှည်စေချင်တဲ့ အရိုးကို osteotomyလို့ခေါ်တဲ့ နည်းနဲ့ ဖြတ်လိုက်ပါတယ်။ ပြီးမှ အရိုးစနှစ်ခုကို fixatorလို့ ခေါ်တဲ့ အထိန်းလေးနဲ့ ဆက်ထားလိုက်ပါတယ်။

    ပြီးရင် ခွဲထားတဲ့အရိုးကို ဖြည်းဖြည်းချင်း ဆွဲဆန့်ပါတယ်။ တစ်ခါဆွဲရင် 1/4မီလီမီတာ တစ်နေ့ကို ၄ခါ ဆွဲပါတယ်။ စုစုပေါင်း တစ်နေ့ကို တစ်မီလီမီတာ ဆွဲဆန့်ပါတယ်။ ဆွဲဆန့်လို့ ဟလာတဲ့ ကြားနေရာလေးမှာ တစ်ရှူးအသစ်တွေ ဖြစ်လာမှာပါ။ အစကတည်းက ပုံစံမမှန်တဲ့ အရိုးတွေ ဆိုရင်တော့ လှလှပပလေး ရှည်ထွက်လာအောင် ဘေးကနေ ကူညီပေးရပါတယ်။

    ဒီလိုဆွဲဆန့်ပြီးလို့ နောက်တစ်ဆင့်ရောက်သွားရင်တော့ အရိုးက မာလာပြီး အသားတက်လာမှာပါ။ တဖြည်းဖြည်းနဲ့ ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းတွေလုပ်၊ လမ်းလျှောက်ပြန်လျှောက်လို့ ရလာပါပြီ။

    ဘယ်လောက်ကြာမှ ပြန်ကောင်းလာမှာလဲ။

    တစ်ယောက်နဲ့ တစ်ယောက်တော့ မတူနိုင်ပါဘူး။ လူကြီးတွေဆိုရင်တော့ ကလေးတွေထက် ၂ဆလောက် ပိုကြာပါတယ်။ ဥပမာ တစ်လက်မခွဲလောက် ရှည်ဖို့ ကလေးတွေမှာ ၃လလောက်စောင့်ရတယ်ဆိုရင် လူကြီးတွေမှာ ၆လလောက် ကြာနိုင်ပါတယ်။ ဒီအတောအတွင်းမှာ အရိုးတွေ ပုံကောင်းကောင်းနဲ့ ထွက်လာဖို့ fixatorဆိုတဲ့ အထိန်းကို တပ်ဆင်ထားရမှာပါ။

    လိုချင်သလောက် ရှည်လာပြီဆိုရင်တော့ ၆လကနေ ၈လအထိ လတိုင်းနီးပါး ဆရာဝန်နဲ့ ရက်ချိန်းပြန်ပြရပါမယ်။ ဒါမှ အရိုးကောင်းကောင်း ကျက်မကျက် သိနိုင်မှာပါ။ တချို့တွေဆို ကောင်းကောင်း မကျက်လို့ နောက်တစ်ကြိမ်ခွဲခန်းဝင်ရတာမျိုး ရှိနိုင်ပါတယ်။

    ပြန်ကောင်းဖို့ ကြိုးစားနေချိန်အတွင်းမှာ ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းတွေကလည်း အရေးကြီးပါတယ်။ အဆစ်တွေ တောင့်မနေအောင်၊ ကြွက်သားတွေ တင်းမနေအောင် လေ့ကျင့်ခန်း လုပ်ရပါမယ်။ ဒါ့ပြင် အရိုးတွေ သန်မာအောင် ဗီတာမင်ဒီနဲ့ ကယ်ဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေလည်း စားပေးဖို့ လိုပါတယ်။

    ခွဲစိတ်မှုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက

    ရှားပေမယ့် ဖြစ်နိုင်ခြေရှိတာလေးတွေက

    • အာရုံကြောထိတာ
    • ကြွက်သားနဲ့ အရွတ်တွေ ထိပြီး အဆစ်တောင့်တင်းတာ
    • အရိုးက ကောင်းကောင်း မဆက်တာကြောင့် ပြန်ပြီး ခွဲစိတ်ဖို့ လိုတာ စတာတွေ ဖြစ်တတ်ပါတယ်။

    ဒါကြောင့် ပုလို့ပဲ ဖြစ်ဖြစ်၊ ခြေထောက်မညီတာဖြစ်ဖြစ် စိတ်ညစ်စရာ မလိုတော့ပါဘူး။ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ခွဲစိတ်ဖို့ အကောင်းဆုံး နည်းလမ်းကို ရှာဖွေနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 23/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement