backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အရပ်ရှည် ဖို့ကလေးဘဝကတည်းကသေသေချာချာဂရုစိုက်ကြမယ်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 08/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အရပ်ရှည် ဖို့ကလေးဘဝကတည်းကသေသေချာချာဂရုစိုက်ကြမယ်။

ဒီနေ့ခေတ်ကြီးမှာ အရပ်ရှည် ခြင်းဟာလည်း လာဘ်တစ်ပါးပါပဲ။ ယောကျ်ားလေးတွေရော၊ မိန်းကလေးတွေအတွက်ပါ အရပ်မြင့်ခြင်းက အခြားသူတွေထက် တစ်ပန်းသာတဲ့ ခေတ်ကြီးမှာ မေမေတို့အနေနဲ့ မိမိတို့ကလေး အရပ်ရှည်လာနိုင်ဖို့အတွက် ဂရုစိုက်ပေးရမယ့် တာဝန်ရှိပါတယ်။ အရပ်မြင့်ခြင်း မမြင့်ခြင်းဟာ မျိုးရိုးဗီဇ ပေါ်မူတည်တယ်ဆိုတာ မှန်ပေမယ့် မျိုးရိုးဗီဇ တစ်ခုတည်းနဲ့ သတ်ဆိုင်တာတော့ မဟုတ်ပါဘူး။ အစားအသောက်နဲ့ နေထိုင်မှုပုံစံတွေကလည်း အရပ်မြင့်အောင် ကူညီပေးနိုင်ပါတယ်။ ဒါပေမယ့် အခုအစားအသောက်၊ အနေအထိုင် ပြောင်းလိုက်ရုံနဲ့ ခုချက်ချင်း အရပ်မြင့်လာမှာ မဟုတ်ပါဘူး။ ကလေးငယ်ဘဝတည်းက သေသေချာချာ စားသောက်နေထိုင်မှုပုံစံတွေ ကောင်းမွန်အောင် ဂရုစိုက်ထားမှသာ ဖွံ့ဖြိုးကြီးဖွားတဲ့ အရွယ်ရောက်တဲ့အခါ တစ်ဖြည်းဖြည်းနဲ့ အကျိုးခံစားလာရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာတော့ မိမိကလေးအတွက် အရပ်ရှည်လာစေဖို့ ငယ်ဘဝထဲက ဘယ်လို ကျွေးမွေး၊ပြုစုသင့်တယ် ဆိုတာလေးတွေကိုမျှဝေပေးသွားပါမယ်။

၁။ နေ့စဉ်အစားအစာတွေကို မျှတအောင် ကျွေးပါ။

ကလေးကို အသက်၆လအထိ မိခင်နို့တစ်မျိုးတည်းတိုက်ပြီး ၆လ ကျော်တဲ့အခါမှာလည်း သူ့အသက်အရွယ်နဲ့ သူ မျှတတဲ့ အာဟာရဓာတ်တွေပါအောင် ကျွေးပေးရပါမယ်။ ပရိုတင်းဓာတ်နဲ့ ကြီးထွားဖို့အတွက် လိုအပ်တဲ့ ဗီတာမင်တွေ၊ အထူးသဖြင့် ဗီတာမင် D နဲ့ ကယ်လ်ဆီယမ် စတဲ့ သတ္တုဓာတ်တွေ၊ အာဟာရဓာတ်တွေ ကြွယ်ဝတဲ့ ပဲအမျိုးမျိုး၊ ကြက်သား၊ ဗာဒံစေ့ကဲ့သို့သော အစေ့အဆံများ၊ အစိမ်းရင့်ရောင်အရွက်များ၊ ကန်စွန်းဥ၊ ကြက်ဥ၊ဘဲဥ စတဲ့ ဥအမျိုးမျိုး နဲ့ နို့၊ ဆယ်လမွန်ငါး၊ အသီးအနှံများ စတာတွေက မေမေတို့အတွက် ကလေးတွေကို အရပ်ရှည်လာစေဖို့ ကူညီပေးနိုင်တဲ့ အစားအစာလေးတွေဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီအစားအစာလေးတွေကို နေ့စဉ်အစားအစာတွေထဲမှာ ပါအောင် ဂရုတစိုက် ထည့်ကျွေးဖို့ မမေ့ပါနဲ့နော်။

၂။ အိပ်ရေး၀၀ အိပ်ပါစေ။

အိပ်တဲ့အချိန်မှာ human growth hormone လို့ခေါ်တဲ့ ကြီးထွားမှုကို ဖြစ်စေတဲ့ ဟော်မုန်းလေးတွေထွက်ပါတယ်။ ဒါ့ကြောင့် သူ့အသက်အရွယ်အလိုက် လိုအပ်တဲ့ အိပ်စက်ခြင်းရဖို့ လိုအပ်ပါတယ်။ အိပ်ချိန်ဟာ ကလေးတွေဆို အနည်းဆုံး ၁၀နာရီကျော်အိပ်သင့်ပြီး အရွယ်ရောက်ပြီးသားသူတွေဆိုရင်တော့ အနည်းဆုံး ရှစ်နာရီ အိပ်စက်သင့်ပါတယ်။

၃။ တက်တက်ကြွကြွ နေပါ။

တက်တက်ကြွကြွ လှုပ်လှုပ်ရှားရှား နေတာကလည်း အရပ်ရှည်အောင် အထောက်အကူဖြစ်စေပါတယ်။ ကလေးတွေဆိုရင်လည်း အိမ်မှာ ကစားပေးတာမျိုးအပြင်၊ ကျောင်းနေအရွယ် ကလေးတွေဆိုရင်လည်း အနည်းဆုံး တစ်နေ့ကို တစ်နာရီလောက်တော့ ကစားတာ၊ ကြိုးခုန်၊ ဘောလုံးကန်၊ စက်ဘီးစီး၊ လမ်းလျှောက် စတဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်သင့်ပါတယ်။ ဖုန်းတွေ၊ တီဗီဂိမ်းတွေနဲ့ပဲ အမြဲထိုင်ပြီး အချိန်မကုန်နေဖို့နဲ့ ကျန်းမာတဲ့ နေထိုင်မှုပုံစံဖြစ်ဖို့ကိုလည်း ငယ်ငယ်ကတည်းက မိဘတွေက ကူညီလေ့ကျင့်ပေးထားသင့်ပါတယ်။ ဒါ့အပြင် နည်းနည်းအရွယ်ရောက်လာတဲ့အခါ yoga ဆော့တာ၊ push-up နဲ့ အခြားနှစ်သက်ရာ လေ့ကျင့်ခန်းတွေလုပ်နိုင်ပါတယ်။

၄။ ကိုယ်ဟန်အနေအထားမှန်အောင် ဂရုစိုက်ပေးပါ။

မတ်တပ်ရပ်တဲ့အခါ၊ ထိုင်တဲ့အခါ နဲ့ အိပ်နေတဲ့အခါမှာတောင် ပုံစံမှန်ဖို့လိုအပ်ပါတယ်။ ပုခုံ၊ လက်ပြင်၊ ကျော စတဲ့ နေရာတွေ ကုန်းပြီးနေတာမျိုးကဲ့သို့ ကိုယ်ဟန်အနေအထား မမှန်တာ အကျင့်တစ်ခုလို ဖြစ်လာတဲ့အခါမှာလည်း အရပ်ရှည်သင့်သလောက် မရှည်တော့ပါဘူး။ ဒါ့ကြောင့် အနေအထားမှန်အောင်၊ မတ်မတ်လေးဖြစ်အောင် ဂရုစိုက်ပေးသင့်ပါတယ်။

ဘယ်အသက်အရွယ်ထိ အရပ်ရှည် နိုင်လဲ။

ပုံမှန်အားဖြင့် အရွယ်ရောက်ပြီးသွားတဲ့အခါ လူတစ်ယောက်ရဲ့ အရိုး၊ အဆစ်ကြီးထွားမှုတွေ ရပ်တန့်သွားတဲ့ အတွက် အရပ်ဆက်မရှည်နိုင်တော့ပါဘူး။ အသက် ၂၅နှစ်ထိ အရပ်ရှည်နိုင်ဖို့ အခွင့်အရေးရှိသေးတယ် ဆိုပေမယ့် များသောအားဖြင့် မိန်းကလေးတွေမှာဆို အသက် ၁၆ ပတ်ဝန်းကျင် နဲ့ ယောကျ်ားလေးတွေမှာဆို အသက် ၁၈၊ ၁၉နှစ် ပတ်လည်ကို ကျော်လွန်သွားတဲ့အခါ ကြီးထွားမှုတွေ နှောင့်နှေးလာပါတယ်။ ဒါ့ကြောင့် အဲဒီအချိန်မှ အရပ်ရှည်အောင် အစားအစာနဲ့ နေထိုင်မှုပုံစံတွေ ပြောင်းလဲမယ်ဆိုရင် အကျိုးမရှိပါဘူး။

ကြိုတင်ပြင်ဆင် အောင်ပွဲဝင်” ဆိုတဲ့အတိုင်း မေမေတို့အနေနဲ့ ဖော်ပြပါ အချက်လေးတွေကို  ကလေးရဲ့ ငယ်ဘဝထဲက ကြိုတင်လေ့ကျင့်ပေးထားပြီး အောင်ပွဲဝင်နိုင်ကြဖို့ ဒီဆောင်းပါးလေးက ကူညီပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။

ရေးသားသူ – Khine Phoo Ngon

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 08/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement