backup og meta

ပူပြင်းတဲ့ရာသီဥတုကြောင့် ကိုယ်ခန္ဓာမှာဖြစ်လာနိုင်တဲ့ အန္တရာယ် အရှိဆုံး ၃ ချက် ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 13/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပူပြင်းတဲ့ရာသီဥတုကြောင့် ကိုယ်ခန္ဓာမှာဖြစ်လာနိုင်တဲ့ အန္တရာယ် အရှိဆုံး ၃ ချက် ။ ။

    ဒီနှစ် နွေရာသီဟာ အခြားနှစ်တွေကထက် အပူချိန်ပြင်းတယ်ဆိုသာ အားလုံးသိကြမှာပါ။ ဆောင်းကသာ မအေးပေမယ့် နွေကတော့ အမြဲသစ္စာရှိပါတယ်။ ပြီးတော့ ဒီလိုပူပြင်းတဲ့နွေရာသီဆိုတာလည်း ရက်ပိုင်းလောက်မဟုတ်ဘဲ ၃လလောက်တောင်ကြာတာဆိုတော့ ကျန်းမာရေးကို ထိခိုက်တာတွေဖြစ်လာတော့တာပေါ့။ အားလုံးထဲကမှ ပူပြင်းတဲ့ရာသီဥတုကြောင့် ကိုယ်ခန္ဓာမှာဖြစ်လာနိုင်တဲ့ အန္တရာယ် အရှိဆုံး ၃ ချက် ကို ဆက်ပြီး ပြောပြပေးတော့မှာပါ။

    ပူပြင်းတဲ့ရာသီဥတုကြောင့် ကိုယ်ခန္ဓာမှာဖြစ်လာနိုင်တဲ့ အန္တရာယ် အရှိဆုံး ၃ ချက် ။ ။

    ပူပြင်းတဲ့ရာသီဥတုကြောင့် ကိုယ်ခန္ဓာမှာဖြစ်လာနိုင်တဲ့ အန္တရာယ် အရှိဆုံး ၃ ချက်ကတော့

    ( ၁ ) အပူလျှပ်ခြင်း (Heat stroke)

    အပူလျှပ်တယ်ဆိုတဲ့ စကားလုံးနဲ့ စိမ်းမယ့်သူတွေ မရှိဘူးလို့ ထင်ပါတယ်။ နွေရောက်ပြီဆိုတာနဲ့ အဖြစ်အများဆုံးနဲ့ အန္တရာယ်အရှိဆုံး ကျန်းမာရေး အခြေအနေတစ်ခုပါ။ လူတစ်ယောက်ရဲ့ သာမာန် အပူချိန်က ၉၈.၇ ဒီဂရီ ဖာရင်ဟိုက်ဘဲ ရှိသင့်တာပါ။ ဒီထက်ကျော််ာရင်တော့ ခန္ဓာကိုယ် အပူချိန်ကို ပြန်ထိန်းထားဖို့နဲ့ များနေတဲ့ အပူတွေကို ပြန်ထွက်စေဖို့ ကိုယ်ခန္ဓာကနေ ချွေးထွက်ပေးရပါတယ်။

    အပူလျှပ်တဲ့အခါကျရင်တော့ ခန္ဓာကိုယ်က အပူချိန်မြင့်လွန်းတာကြောင့် အပူချိန်ထိန်းတဲ့စနစ်ပျက်စီးပြီး  ချွေးမထွက်နိုင်တော့ပါဘူး။ ဒီပြဿနာကို နေပူထဲမှာသွားလာလှုပ်ရှားနေရတဲ့သူတွေ၊ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေက အများဆုံးခံစားရပါတယ်။

    အပူလျှပ်ခြင်းရဲ့ လက္ခဏာတွေကတော့

    • ခန္ဓာကိုယ် အပူချိန်တက်လွန်းတာ
    • မူးလဲတာ
    • ခေါင်းမူးတာ
    • ချွေးမထွက်နိုင်တာ
    • ပျို့အန်တာ
    • အသက်ရှူမြန်ပြီး အသက်ရှူမဝတာနဲ့
    • ခေါင်းကိုက်တို့ပဲ ဖြစ်ပါတယ်။

    အပူလျှပ်တဲ့ ပြဿနာဟာ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တာကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် ကိုယ်ကိုယ်တိုင်ပဲဖြစ်ဖြစ် အပူလျှပ်ခဲ့ရင် ဆေးရုံပို့ဖို့ လိုပါတယ်။ လတ်တလောမှာတော့ ရှေးဦးသူနာပြုစုတဲ့အနေနဲ့

    • ပူနေတဲ့ နေရာကနေ အမြန်ဆုံး ထွက်ခွာပြီး အေးတဲ့ အရိပ်ရတဲ့နေရာတစ်ခုကို သွားပါ။
    • ပူကျစ်နေတဲ့ကိုယ်ခန္ဓာ ကြီးအေးသွားအောင်လို့ ခေါင်း၊ လည်ပင်းနဲ့ လက်မောင်းအောက်နေရာတွေမှာ ရေခဲဝတ်ကပ်ပါ။ ရေပတ်တိုက်ပါ။
    • ဘေးနားကနေ ပန်ကာ‌တွေ ဖွင့်ထားပါ။ ယပ်ခတ်ပါ။

    ( ၂ ) Heat Exhaustion (အပူငုပ်ခြင်း )။ ။

    အပူလျှပ်တာလောက် မပြင်းပေမယ့် အပူငုပ်တာကလည်း ကျန်းမာရေးအပေါ် ဆိုးကျိုးတွေ ဖြစ်စေတဲ့ အရာတစ်ခုပါ။ ပူပြင်းတဲ့ရာသီဥတုကြောင့် ကိုယ်အပူချိန်များလာတယ်ဆိုပေမယ့် အပူငုပ်ခြင်းကတော့ ရေဓာတ်ခမ်းခြောက်ခြင်းနဲ့ တွဲနေပါတယ်။

    အပူငုပ်တဲ့အခါ ချွေးထွက်လွန်နေတတ်ပါတယ်။ ဒါ့ကြောင့်ပဲ အပူငုပ်တာနဲ့ ရေဓာတ်ခမ်းခြောက်ခြင်းက တွဲနေတာဖြစ်ပါတယ်။ နေပူထဲ အလုပ်လုပ်နေရတဲ့သူတွေ၊ အပြင်ထွက်လေ့ကျင့်ခန်းလုပ်သူတွေ ရေများများပြန်မသောက်တဲ့အခါမှာ အပူငုပ်တတ်ပါတယ်။

    အပူငုပ်ခြင်းရဲ့ လက္ခဏာတွေကတော့

    • ခေါင်းကိုက် မူးဝေတာ
    • ရေအရမ်းဆာတာ
    • ပျို့အန်ပြီး ဝမ်းလျှောတာနဲ့
    • မောပန်းလွယ်ပြီး နှလုံးခုန်မြန်နေတာတို့ပဲ ဖြစ်ပါတယ်။

    အပူငုပ်တဲ့သူတစ်ယောက်ကို ပြုစုဖို့ဆိုရင်တော့ ပူနေတဲ့ပတ်ဝန်းကျင်ကနေ အေးတဲ့နေရာကို အရင်ဆုံးပြောင်းရပါလိမ့်မယ်။ ရေများများသောက်ပြီး ကျပ်နေတဲ့ အဝတ်အစားတွေကို ချွတ်ကာ အေးနေအောင် နေရပါမယ်။

    ( ၃ ) မိတ်ပေါက်ခြင်း ( Heat Hives )

    ပူတဲ့ ရာသီဥတုမှာ တစ်ကိုယ်လုံး မိတ်ပေါက်ပြီး ယားယံတာမျိုး လူတိုင်းခံစားဖူးကြမှာပါ။ ဒီလို မိတ်ပေါက်တာကို ဆေးပညာအရ cholinergic urticaria လို့ခေါ် ပြီး ကိုယ်တွင်းအပူချိန်မြင့်တက်လာတဲ့အါ ဖြစ်လေ့ရှိတဲ့အရေပြား ပြဿနာတစ်ခုပါ။ ချွေးထွက်လေ ပိုးယားလေဖြစ်ပြီး လေ့ကျင့်ခန်းလုပ်ရာက ချွေးထွက်များတဲ့သူတွေ အပူအစပ်တွေ စားမိတဲ့သူတွေနဲ့ ပူပန်မှုများတဲ့သူတွေမှာ ပိုဖြစ်တတ်တဲ့ အရေပြား ပြဿနာတစ်ခုပါ။ ဒီလို မိတ်ပေါက်တာဟာ အရေပြားပေါ်ကို သက်ရောက်လာတဲ့ပြင်ပက အပူချိန်နဲ့ ဓာတ်မတည့်မှုဖြစ်ပြီး တုံ့ပြန်ရာကနေ ထွက်လာတဲ့ ဓာတ်မတည့်မှုတစ်မျိုးပါ။

    ကိုယ်ခန္ဓာနေရာ အနှံ့အပြားမှာ ပေါက်နိုင်တယ်ဆိုပေမယ့် ရင်ဘတ်၊ ကျောကုန်းအပေါ်၊ မျက်နှာနဲ့ လက်မောင်းတို့မှာ ပိုတွေ့ရတတ်ပါတယ်။ အပူနဲ့ ထိတွေ့တာနဲ့ချက်ချင်းပေါ်လာတတ်ပြီး ကိုယ်တွင်းအပူချိန်ပြန်ကျသွားတဲ့အခါ သူ့ဘာသာပြန်ပျောက်သွားတတ်ပါတယ်။

    ဒီပြဿနာ ၃ခုကတော့ နွေရာသီဆိုတာနဲ့ အဖြစ်များတဲ့၊ သတိထားရမဲ့ ကျန်းမာရေးပြဿနာ ၃ခုပဲ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 13/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement