အမျိုးအစား (၂) ဆီးချို ခံစားရတဲ့အခါ
- ရေတအားငတ်တာ
- မကြာခဏ ဆီးသွားတာ
- ခဏခဏ ဆာတာ
- အကြောင်းအရင်း မရှိဘဲ ဝိတ်ကျသွားတာ
- ပင်ပန်းနွမ်းနယ်တာ
- အမြင်အာရုံ ဝေဝါးတာ
- အနာကျက် နှေးတာ
- မကြာခဏ ပိုးဝင်ကူးစက်တာ
- လက်မောင်း၊ ဂုတ် စတဲ့နေရာက အရေပြားတွေ မည်းလာတာ ဒါမှမဟုတ် အရောင်ရင့်လာတာတွေ ခံစားရနိုင်ပါတယ်။
ဒီလက္ခဏာတွေ ခံစားနေရမယ်ဆိုရင် အမျိုးအစား(၂) ဆီးချိုရှိနေလားဆိုတာကို စစ်ဆေးဖို့ လိုပါမယ်။

အမျိုးအစား (၂) ဆီးချိုက အင်ဆူလင်ကို မတုံ့ပြန်နိုင်ရာကနေ စဖြစ်လာတာပါ။ ပန်ကရိယ (မုန့်ချိုအိတ်) က အင်ဆူလင်ကို လုံလောက်စွာ မထုတ်နိုင်တဲ့ အခြေအနေပါ။
ဒီလို ဖြစ်ရတာက အချို စားတာ များလို့ပဲလား ဆိုတော့ မဟုတ်ပါဘူး။ အချို အစားများတာက ဆီးချိုကို တိုက်ရိုက် ဖြစ်စေနိုင်တဲ့ အကြောင်းအရင်း မဟုတ်ပါဘူး။ အချိုစားများတာက ဆဲလ်တွေကို ရောင်ရမ်းစေတာ၊ အဝလွန်စေတာတွေ ဖြစ်စေပြီး ဒီကနေမှ ဆီးချိုရောဂါဖြစ်နိုင်ခြေကို တိုးစေတာပါ၊ ဒါ့ပြင် ဒီအချက်တွေကြောင့်လည်း အမျိုးအစား (၂) ဆီးချို ဖြစ်နိုင်ပါတယ်။
- မျိုးဗီဇ။ နားလည်လွယ်အောင် ပြောရရင် မျိုးရိုးလိုက်တာပေါ့။ ဥပမာ မိဘတွေ ဘိုးဘွားတွေမှာ ဆီးချိုဖြစ်ဖူးမယ်ဆိုရင် ကိုယ်တိုင်မှာလည်း ဆီးချိုဖြစ်နိုင်ပါတယ်။ မျိုးဗီဇ (DNA) က ခန္ဓာကိုယ်ရဲ့ အင်ဆူလင် ထုတ်လုပ်မှုအပေါ်မှာ သက်ရောက်နေလို့ပါ။
- ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတာ၊ အဝလွန်နေတာတွေကလည်း သွေးတွင်းသကြားဓာတ်အပေါ်မှာ သက်ရောက်မှုရှိစေနိုင်ပြီး ဆီးချို ဖြစ်စေနိုင်ပါတယ်။
- ဇီဝကမ္မဖြစ်စဉ် ပုံမှန် မဟုတ်တာ။ ခန္ဓာကိုယ်က စားသုံးလိုက်တဲ့ အချိုဓာတ် နဲ့ အခြားသော အာဟာရဓာတ်တွေကို စွမ်းအင်အဖြစ် ပြောင်းလဲပေးတဲ့ ဇီဝကမ္မဖြစ်စဉ် ပုံမှန် မဟုတ်တဲ့ အခြေအနေကလည်း ဆီးချိုရောဂါခံစားရစေနိုင်တဲ့ အချက်တစ်ခုပါ။
- အသည်းက ဂလူးကို့စ်တွေကို လိုတာထက် ပိုထုတ်နေတဲ့ အခြေအနေကြောင့်လည်း ဆီးချိုရောဂါ ခံစားရနိုင်ပါတယ်။
- ဆဲလ်တွေကြားက ချိတ်ဆက် လုပ်ဆောင်မှုတွေ မကောင်းတာကြောင့်လည်း ဆီးချို ခံစားရနိုင်ပါတယ်။
- အင်ဆူလင်ထုတ်တဲ့ ဘီတာဆဲလ်တွေ ပျက်စီးတာကြောင့်လည်း ဆီးချို ဖြစ်နိုင်ပါတယ်။
- သွေးတိုးရောဂါ ခံစားနေရတာကလည်း ဆီးချို ဖြစ်စေနိုင်တဲ့ အချက်တစ်ခုပါပဲ။
- ကိုယ်လက်လှုပ်ရှားမှု နည်းတာ၊ အထိုင်များတဲ့ အလုပ်ခွင် အနေအထားတွေကလည်း ဆီးချို ဖြစ်စေနိုင်ပါတယ်။
- အသက်အရွယ်ကလည်း ဆီးချို ဖြစ်နိုင်ခြေအပေါ်မှာ သက်ရောက်နေတဲ့ အချက် တစ်ခုပါပဲ။
- စားသောက်နေထိုင်မှုပုံစံ မှားယွင်းနေတာကလည်း ဆီးချို ဖြစ်စေနိုင်တဲ့ အချက်တစ်ခုပါ။
ကဲ …. အချို စားလို့ ဆီးချိုဖြစ်တာလား ဆိုပြီး ဆီးချို ဖြစ်မှာစိုးတယ်ဆိုပြီး အချိုတော့ လျှော့စားပါရဲ့။ ဒါပေမယ့် အခုပြောခဲ့တဲ့ အလေ့အထတွေကိုတော့ လုပ်မိနေတယ်ဆိုရင် အခုကစပြီး ပြုပြင်လို့ရတာတွေကို ပြုပြင်လို့ ဆီးချိုကို ကာကွယ်လိုက်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။