backup og meta

ဥပုသ်စောင့်တဲ့အခါ ကြုံရတတ်တဲ့ ကျန်းမာရေးပြဿနာများနဲ့ ဖြေရှင်းနည်းများ

ဥပုသ်စောင့်တဲ့အခါ ကြုံရတတ်တဲ့ ကျန်းမာရေးပြဿနာများနဲ့ ဖြေရှင်းနည်းများ

ဥပုသ်စောင့်တာက ဘာသာရေးအရရော ကျန်းမာရေးအရရော အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ ဗုဒ္ဓဘာသာအများစုက ဝါတွင်း၃လနဲ့ အခြားအခါကြီးရက်ကြီးတွေမှာ ဥပုသ်စောင့်တတ်ကြပါတယ်။ ဥပုသ်စောင့်တာက အမြဲတမ်း အန္တရာယ်ကင်းတာတော့ မဟုတ်ပါဘူး။ အချိန်ကြာကြာ အစာမစားရတာနဲ့ ကိုယ့်ရဲ့ နေထိုင်ပုံတွေကြောင့် ကျန်းမာရေးပြဿနာလေးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဥပုသ်စောင့်တဲ့အခါ ကြုံရတတ်တဲ့ ကျန်းမာရေးပြဿနာများနဲ့ ဖြေရှင်းနည်းများ ကို သိထားသင့်ပါတယ်။

ဥပုသ်စောင့်ခြင်းရဲ့ အကျိုးကျေးဇူး

ဥပုသ်စောင့်တယ်ဆိုတာက ခုခေတ်မှာ ခေတ်စားနေတဲ့ Intermittent fastingလို့ ခေါ်တဲ့ အချိန်အပိုင်းအခြားနဲ့ အစာအငတ်ခံတာနဲ့ ဆင်တူပါတယ်။ နေ့လယ်၁၂နာရီလောက်ကစပြီး နောက်နေ့အရုဏ်တက် ၄-၅နာရီအထိ  ဘာမှမစားဘဲ နေကြတာဆိုတော့ ၁၆:၈ Intermittent fastingနဲ့ တူပါတယ်။

လေ့လာချက်တွေအရ ဒီလိုမျိုး အချိန်အပိုင်းအခြားနဲ့ အစာအငတ်ခံတာက

  • ကယ်လိုရီ လောင်ကျွမ်းစေတယ်။

အချိန်အတော်ကြာအစာမစားဘဲ နေတဲ့အခါကျတော့ ကယ်လိုရီလောင်ကျွမ်းမှာ အသေအချာပါပဲ။ ဒါပေမယ့် တစ်နေ့တာ စားတဲ့ ကယ်လိုရီနဲ့လည်း ဆိုင်ပါသေးတယ်။ စားလို့ရတဲ့ ၈နာရီမှာ တစ်နေ့တာ လိုအပ်တဲ့ ပမာဏထက် ပိုစားမိရင်တော့ ဝလာမှာပါ။

ဒါ့ပြင် ဥပုသ်စောင့်နေချိန်မှာ တရားထိုင်တာ၊ စင်္ကြန်လျှောက်တာတွေ လုပ်နေရတဲ့အတွက် ကိုယ်ရော စိတ်ပါ အနားရပြီး

  • စိတ်ဖိစီးမှုသက်သာတာ
  • အာရုံစူးစိုက်မှုကောင်းတာ
  • မှတ်ဉာဏ်တက်လာတာ
  • စိုးရိမ်ပူပန်မှုတွေ နည်းသွားတာ
  • ညအိပ်ပျော်တာ စတဲ့ စိတ်ပိုင်းဆိုင်ရာကောင်းကျိုးတွေလည်း ရပါတယ်။

ဥပုသ်စောင့်တဲ့အခါ ကြုံရတတ်တဲ့ ကျန်းမာရေးပြဿနာများ နဲ့ ဖြေရှင်းနည်းများ

ဒါပေမဲ့လည်း ဥပုသ်စောင့်တာက အခါခပ်သိမ်းတော့ အန္တရာယ်ကင်းတာမျိုးမဟုတ်ပါဘူး။ ရောဂါအခံရှိရင်ပဲဖြစ်ဖြစ်၊ ဥပုသ်စောင့်နေစဉ်အတွင်း ကိုယ့်ရဲ့ စားသောက်မှုပုံစံ မမှန်ရင် ဖြစ်ဖြစ် ကျန်းမာရေးပြဿနာလေးတွေ ဖြစ်တတ်ပါတယ်။ ဥပမာပြောရရင်

  • ဗိုက်ဆာပြီး အောင့်တာ

ဒါကတော့ အလေ့အကျင့်မရှိတဲ့သူတွေမှာ အများဆုံးတွေ့ရပါတယ်။ ဘာမှမစားဘဲ အချိန်အကြာကြီးနေရတော့ ဗိုက်ဆာမှာ၊ ဗိုက်အောင့်မှာ သေချာသလောက်ပါပဲ။ နောက်ပိုင်း ဥပုသ်စောင့်တာ အကျင့်ဖြစ်သွားရင် မဆာတော့ဘူးဆိုပေမယ့် အဲ့အချိန်မတိုင်ခင်တော့ ဂရုစိုက်ရမှာပါ။

ဖြေရှင်းနည်း- ဗိုက်ဆာတတ်တယ်ဆိုရင် မွန်းလွဲခါနီးအချိန်မှာ နေ့လယ်စာကို ကပ်စားပါ။ မွန်းလွဲသွားရင်လည်း ဗိုက်မဆာအောင် ရေများများသောက်တာ၊ ဓာတ်ဆားဖြည့်ဖျော်ရည်တွေ၊ သစ်သီးဖျော်ရည်လေးတွေ သောက်ပေးနိုင်ပါတယ်။ အစာအိမ်ရောဂါအခံရှိရင်တော့ သောက်နေကျ ဆေးတွေ ဆောင်ထားပြီး သောက်ပေးပါ။

  • ခေါင်းကိုက်တာ

ဒါကလည်း ဥပုသ်စောင့်တတ်သူတွေ ဖြစ်လေ့ရှိတဲ့ ပြဿနာပါ။ ခေါင်းကိုက်ရတဲ့ အကြောင်းရင်းကတော့ များပါတယ်။ သွေးတွင်းသကြားဓာတ်ကျတာ၊ ရေသောက်ဖို့ မေ့တာ၊ ချွေးထွက်များတာ၊ အထိုင်များပြီး ဇက်ကြောတက်တာ စတဲ့ အကြောင်းရင်းတွေကြောင့် ခေါင်းကိုက်တတ်ပါတယ်။

ဖြေရှင်းနည်း- သွေးတွင်းသကြားဓာတ်ကျတာကို ကာမိစေဖို့ မွန်းလွဲချိန်မှာ ဓာတ်ဆားဖြည့်ဖျော်ရည်တွေ၊ သစ်သီးဖျော်ရည်တွေ၊ သကြားလုံးတွေ စားပေးပါ။ မကြာခဏ ရေသောက်ပါ။ တရားထိုင်တလှည့် စင်္ကြန်လျှောက်တာ တလှည့် မျှတအောင် နေပေးပါ။

  • သွေးတွင်းသကြားဓာတ်ကျတာ

ဘာမှမစားရတာ အချိန်ကြာလာရင် သွေးတွင်းသကြားဓာတ်က တဖြည်းဖြည်းကျလာမှာပါ။ ဆီးချိုရောဂါရှိတဲ့သူတွေဆိုရင် ပိုဆိုးပါတယ်။ သွေးတွင်းသကြားဓာတ်ကျတဲ့အခါ ခေါင်းမူးတာ၊ ရင်တလှပ်လှပ်တုန်တာ၊ ဗိုက်ဟာတာ၊ ခြေဖျားလက်ဖျားတွေ အေးစက်တာတွေ ခံစားရတတ်ပါတယ်။

ဖြေရှင်းနည်း– သွေးတွင်းသကြားဓာတ် ကျတဲ့လက္ခဏာတွေ ပေါ်လာပြီဆိုတာနဲ့ ဓာတ်ဆားဖြည့်ဖျော်ရည် ဒါမှမဟုတ် တခြားအချိုပါတာ တစ်ခုခုကို အမြန်သောက်ပေးပါ။ ဆီးချိုရှိတဲ့သူတွေဆိုရင် ဆရာဝန် ညွှန်တဲ့အတိုင်း သွေးတွင်းသကြားဓာတ်ဖောက်စစ်ပါ။ ဆေးတွေပြန်ညှိပါ။

သွေးတွင်းသကြားဓာတ်ကျတယ်လို့ ယူဆတယ်ဆိုရင် လက်ထိပ်ဖောက်စစ်ဖို့ စောင့်မနေပါနဲ့။ အန္တရာယ်ရှိတာကြောင့် အချိုပါတာတစ်ခုခုကိုသာ အမြန်ဆုံးစားလိုက်ပါ။

  • ချွေးထွက်များတာ

ဥပုသ်စောင့်တဲ့အခါ ဝတ်ရတဲ့ ယောဂီဝတ်စုံတွေကြောင့် ပူနိုင်သလို တရားစခန်းမှာ ဥပုသ်စောင့်ရတယ်ဆိုရင်လည်း လူများတာကြောင့် ပိတ်လှောင်နေတတ်ပါတယ်။ ဒီတော့ ချွေးထွက်များပြီး  ရေဓာတ်ဆုံးရှုံးတာကြောင့် နေထိုင်မကောင်းဘဲ နုံးတတ်ပါတယ်။

ဖြေရှင်းနည်း– ယောဂီဝတ်စုံချုပ်တဲ့အခါ ချွေးစုပ်ပြီး အေးတဲ့အသားကို ချုပ်ပါ။ လေဝင်လေထွက် ကောင်းတဲ့နေရာမှာ နေပါ။ ချွေးထွက်များတာကို ကာမိစေဖို့ ရေ၊ ဓာတ်ဆားဖြည့်ဖျော်ရည်တွေ သောက်ပေးပါ။

  • ဝမ်းချုပ်တာ

ဥပုသ်စောင့်တဲ့အခါ အစားအသောက်နည်းသွားတာကြောင့် နောက်ရက်မှာ ဝမ်းချုပ်ပြီး ဝမ်းသွားရခက်နိုင်ပါတယ်။ ဒါ့ပြင် ပျို့တာ၊ လေပွတာတွေလည်း ဖြစ်နိုင်ပါတယ်။

ဖြေရှင်းနည်း– အစာစားလို့ရတဲ့အချိန်မှာ ကြေလွယ်တဲ့ အစားအစာတွေကို စားပါ။ ဝမ်းချုပ်တယ်ဆိုရင် အမျှင်ဓာတ်ပါတာတွေ စားပေးပါ။ မွန်းလွဲချိန်မှာလည်း ရေ၊ ဓာတ်ဆားဖြည့်ဖျော်ရည်၊ သစ်သီးဖျော်ရည် စသဖြင့် အရည်များများသောက်ပေးပါ။ ဒါမှ နောက်နေ့ ဝမ်းသွားရလွယ်ပြီး လေပွတာတွေ မဖြစ်မှာပါ။

  • အစာစားချင်စိတ်လွန်ကဲတာ

ဥပုသ်စောင့်ချိန်မှာ အစာမစားဘဲ အချိန်ကြာကြာနေရတာကြောင့် ဦးနှောက်က အစားအစာတွေကို တမ်းတနေပါလိမ့်မယ်။ နောက်နေ့ ဥပုသ်လည်း ထွက်ရော၊ အထိန်းအကွပ်မရှိ စားမိတတ်ပါတယ်။ ဒါက သွေးတွင်းသကြားဓာတ် ထိုးတက်တာ၊ အစာမကြေတာတွေ ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ဆီးချိုရောဂါရှိသူတွေဆို ပိုပြီး ဂရုစိုက်သင့်ပါတယ်။

ဖြေရှင်းနည်း– ဥပုသ်စောင့်နေချိန်မှာ သွေးတွင်းသကြားဓာတ်ငြိမ်နေဖို့ အချိုပါတာလေးတွေ စားပေးနိုင်ပါတယ်။ ဓာတ်ဆားဖြည့်ဖျော်ရည်၊ သစ်သီးဖျော်ရည်၊ စတုမဓူ၊ ချင်းသုပ် စသဖြင့် အချိန်ခြားပြီး ပမာဏအနည်းငယ် စားပေးတာက သွေးတွင်းသကြားဓာတ်ကို ငြိမ်စေပြီး နောက်နေ့မနက်မှာ အလွန်အကျွံ မစားမိအောင် ထိန်းပေးနိုင်ပါတယ်။

အကျဉ်းချုပ်

ဥပုသ်စောင့်တာက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာတွေကို သိထားသင့်ပါတယ်။ လူတိုင်းဥပုသ်စောင့်လို့ရတယ်ဆိုပေမယ့် မိမိမှာ ရောဂါအခံရှိတယ်ဆိုရင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။ ဥပုသ်စောင့်ရင်း နေထိုင်မကောင်းဖြစ်လာရင် (ဥပမာ သွေးတွင်းသကြားဓာတ်ကျပြီး သတိလစ်တာ၊ ဗိုက်အောင့်လွန်းတာ) ဥပုသ်ဖျက်လို့ လိုအပ်တယ်ဆိုတာကိုလည်း အကြံပြုလိုပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

References: 

Intermittent Fasting: What is it, and how does it work? https://www.hopkinsmedicine.org/health/wellness-and-prevention/intermittent-fasting-what-is-it-and-how-does-it-work Accessed date Sep 14, 2023

What is intermittent fasting? Does it have health benefits? https://www.mayoclinic.org/healthy-lifestyle/nutrition-and-healthy-eating/expert-answers/intermittent-fasting/faq-20441303 Accessed date Sep 14, 2023

Meditation: A simple, fast way to reduce stress https://www.mayoclinic.org/tests-procedures/meditation/in-depth/meditation/art-20045858 Accessed date Sep 14, 2023

4 intermittent fasting side effects to watch out for https://www.health.harvard.edu/staying-healthy/4-intermittent-fasting-side-effects-to-watch-out-for#:~:text=Intermittent%20fasting%20may%20make%20you,lethargy%2C%20crankiness%2C%20and%20constipation. Accessed date Sep 14, 2023

Intermittent fasting: Fad or valid weight-loss solution? https://www.mayoclinichealthsystem.org/hometown-health/speaking-of-health/intermittent-fasting-fad-or-solution#:~:text=Intermittent%20fasting%20can%20have%20unpleasant,go%20away%20within%20a%20month. Accessed date Sep 14, 2023

ယခုပုံစံ

18/09/2023

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဖျားတဲ့အခါ ရေနဲ့ ဓာတ်ဆားဆုံးရှုံးမှု ပိုဖြစ်ပါတယ်

ခန္ဓာကိုယ်မှာ ရေနဲ့ဓာတ်ဆားဓာတ် လိုအပ်နေကြောင်း ပြသနေတဲ့ လက္ခဏာများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 18/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement