backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အကိုက်အခဲပျောက်ဆေး အကြောင်း တစေ့တစောင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အကိုက်အခဲပျောက်ဆေး အကြောင်း တစေ့တစောင်း

နေ့စဉ်နဲ့အမျှ ကြုံတွေ့ရနိုင်တာကတော့ ကိုက်ခဲနာကျင်မှုတွေပါ။ ကိုက်ခဲနာကျင်မှုတွေက သက်သောင့်သက်သာမဖြစ်ဘဲ နေ့စဉ်အလုပ်တွေကို ထိခိုက်စေတာကြောင့် တတ်နိုင်သမျှ မြန်မြန်သက်သာလေ ကောင်းလေလေပါပဲ။ ဒါကြောင့် အကိုက်အခဲပျောက်ဆေး တွေကို ကြည့်လိုက်ရင် အများကြီး ရှိနေတာပါ။

အကိုက်အခဲပျောက်ဆေး အမျိုးအစားများ

အကိုက်အခဲပျောက်ဆေးတွေကို အဓိက ၂မျိုး ခွဲထားပါတယ်။ အလွယ်ပြောရရင် ဘိန်းပါတာနဲ့ မပါတာပါ။ Opioidနဲ့ Non-opioid analgesicsဆိုပြီး ခေါ်ကြပါတယ်။

ဘိန်းမပါတဲ့ အကိုက်အခဲပျောက်ဆေးတွေမှာမှ ၂မျိုးထပ်ခွဲထားပါတယ်။

  • ပါရာစီတမောရယ်
  • NSAIDsလို့ ခေါ်တဲ့ nonsteroidal anti-inflammatory drugs (ဥပမာ- အက်စပရင်၊ ibuprofen, diclofenac, celecoxib) တို့ပါ။ သူကကျတော့ အရောင်ပါ ကျစေပါတယ်။

၂မျိုးလုံးကတော့ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေနိုင်ပါတယ်။ WHO ရဲ့ နာကျင်မှု ကုထုံးအရ သာမန်နာကျင်မှုတွေကနေ ပြင်းထန်ကိုက်ခဲမှုတွေအထိ သုံးလို့ရပါတယ်။

နောက်တစ်မျိုးက ဘိန်းကို အခြေခံပြီး ထုတ်ထားတဲ့ အမျိုးအစားပါ။ သူ့မှာလည်း

  • သဘာဝကရတဲ့ မော်ဖင်းလိုဟာမျိုးတွေ
  • သဘာဝနဲ့ လူလုပ်ပေါင်းထုတ်ထားတဲ့ hydrocodoneလို
  • ဓာတ်ခွဲခန်းမှာ ထုတ်တဲ့ fentanyl လိုမျိုးတွေ ရှိပါတယ်။
  • သူကတော့ ထိန်းချုပ်ဆေးဝါးတွေ ဖြစ်ပြီး ဆရာဝန်လက်မှတ်နဲ့မှ ဝယ်လို့ရတာမျိုးတွေ ဖြစ်ပါတယ်။

    အကိုက်အခဲပျောက်ဆေးတွေကို ဘာအတွက် သုံးနိုင်သလဲ။

    နာကျင်ကိုက်ခဲမှု တော်တော်များများကို သက်သာစေဖို့ သုံးနိုင်ပါတယ်။ ရုတ်တရက် နာကျင်ကိုက်ခဲတာကနေ နာတာရှည်ကိုက်ခဲတာတွေအထိ သုံးလို့ရပါတယ်။

    • ခွဲစိတ်ပြီး ချုပ်ရိုးက နာတာတွေ
    • ထိခိုက်ဒဏ်ရာကြောင့် နာတာတွေ (ဥပမာ အရိုးကျိုးတာ)
    • သာမန် ခေါင်းကိုက်တာ
    • လေ့ကျင့်ခန်း လုပ်ပြီး ကြွက်သားတွေနာတာ
    • ရာသီလာချိန်မှာ ကိုက်ခဲတာ
    • အရိုးအဆစ်တွေ ရောင်ရမ်းတာ စတာတွေမှာ သုံးလို့ရပါတယ်။

    အကိုက်အခဲပျောက်ဆေး ရဲ့ ဘေးထွက်ဆိုးကျိုးတွေက

    အကိုက်အခဲပျောက်ဆေး တွေက ညွှန်းထားတဲ့အတိုင်းပဲ သောက်မယ်ဆိုရင် ဘေးကင်းပါတယ်။ ခဏခဏ သောက်မယ်၊ စွဲသောက်မယ်၊ လိုတာထက် အများကြီး သောက်မယ်ဆိုရင်တော့ အောက်ပါ ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။

    • ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်တာ (ဥပမာ အသည်း၊ ကျောက်ကပ်)
    • ဝမ်းလျှောတာ ဒါမှမဟုတ် ဝမ်းချုပ်တာ
    • နှလုံးထိခိုက်တာ
    • ဓာတ်မတည့်တဲ့ လက္ခဏာ ခံစားရတာ
    • ပျို့အန်တာ၊ ဗိုက်အောင့်တာ၊ ရင်ပူတာ
    • နားအူတာ (တချို့စွဲသောက်တဲ့သူတွေမှာ နားပင်းသွားတတ်ပါတယ်)
    • အစာအိမ်အနာဖြစ်တာ
    • သွေးခဲဖို့ ခက်ခဲပြီး သွေးထွက်လွယ်တာတွေ ဖြစ်တတ်ပါတယ်။

    ဘိန်းကို အခြေခံပြီး ထုတ်ထားတဲ့ အကိုက်အခဲပျောက်ဆေးတွေကလည်း ဒီလိုမျိုး ဘေးထွက်ဆိုးကျိုးတွေ ရနိုင်ပါတယ်။ ဒါတွေအပြင် စွဲတာ၊ အလွဲသုံးစားလုပ်တာတွေလည်း ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ထိန်းချုပ်ဆေးဝါးထဲမှာ ထည့်ထားတာပါ။

    အကိုက်အခဲပျောက်ဆေး သောက်တဲ့အခါ သတိထားရမယ့် အချက်များ

    အကိုက်အခဲပျောက်ဆေးတွေက သောက်ရင်း သောက်ရင်းနဲ့ မသက်သာဘူးလို့ ပြောကြပါတယ်။ ဒါက ဆေးယဉ်သွားတာပါ။ ဒါဆို နောက်ပိုင်းမှာ ဆေးများများနဲ့ ခဏခဏ သောက်ရတတ်ပါတယ်။ ဒီလိုနဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။

    နောက်တစ်ချက်က အကိုက်အခဲပျောက်ဆေးက နာကျင်ကိုက်ခဲမှု ‘လက္ခဏာ’ ကိုပဲ သက်သာစေတာပါ။ ကိုက်ခဲစေတဲ့ အကြောင်းရင်းကို သက်သာစေတာ မဟုတ်တဲ့အတွက် ဖြစ်တဲ့ အကြောင်းရင်းကို ရှာပြီး ကုဖို့ လိုပါတယ်။

    အကိုက်အခဲပျောက်ဆေးတွေက တကယ်ကို အစွမ်းထက်တဲ့ ဆေးတွေပါ။ တချို့က ဆရာဝန်ညွှန်ကြားချက်မလိုဘဲ ဝယ်လို့ရသလို တချို့ကျ ဆရာဝန်ညွှန်ကြားချက်နဲ့ အညီသောက်ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အကိုက်အခဲပျောက်ဆေးသောက်တဲ့အခါ ဘေးထွက်ဆိုးကျိုးကင်းကင်းနဲ့ ကိုက်ခဲမှုတွေ ပျောက်အောင် သောက်တတ်ဖို့ အရေးကြီးပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ad iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    ad iconadvertisement
    ad iconadvertisement