backup og meta

တည်ကြည်ခန့်ညားပြီး ဆွဲဆောင်မှုရှိတဲ့ အမျိုးသားဖြစ်စေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 13/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တည်ကြည်ခန့်ညားပြီး ဆွဲဆောင်မှုရှိတဲ့ အမျိုးသားဖြစ်စေဖို့

    လှချင်၊ ပချင်တယ်ဆိုတာ မိန်းကလေးတွေအတွက်ပဲလို့ ထင်နေရင် ကိုယ့်လူတို့ မှားသွားပါလိမ့်မယ်။ ဒီဘက်ခေတ်ကြီးထဲမှာ အမျိုးသားတွေဟာလည်း ဆွဲဆောင်မှုရှိပြီး ကြည့်ကောင်းဖို့ အလှအပရေးရာမှာ ပိုပြီး စိတ်ဝင်စားလာကြတယ်။ အားကစားကိုလည်း သေချာလိုက်နာပြီး ကျန်းမာရေးကို ပိုပြီး ဂရုစိုက်လာကြပါတယ်။ ဒါဟာ ကောင်းတဲ့ အလေ့အကျင့်တစ်ခုပါပဲ။

    ကိုယ့်ရဲ့ လိင်စိတ်တိမ်းညွတ်မှုဟာ မည်သို့ပင်ဖြစ်နေစေကာမူ ကိုယ်သဘောကျတဲ့ သူတစ်ယောက်ကို ကိုယ့်နောက်ကို ကောက်ကောက်ပါအောင် ကြွေကျသွားစေဖို့ ပြုပြင်သင့်တဲ့ အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။ အသိနောက်ကျလေသည် မရှိရလေအောင် ကိုယ့်လူတို့လည်း ဒီအချက်တွေကို သေချာလိုက်နာကြည့်ဖို့တော့ လိုမယ်နော်။

    ၁။ တစ်ကိုယ်ရေ သန့်ရှင်းမှုကို အလေးထားပါ။

    • ဆွဲဆောင်မှုရှိတဲ့ အမျိုးသားတစ်ယောက် ဖြစ်ဖို့ အရေးကြီးဆုံး အချက်ကတော့ တစ်ကိုယ်ရေသန့်ရှင်းမှုပါပဲ။ တစ်ကိုယ်ရေသန့်ရှင်းမှုဟာ ကျန်းမာရေးအတွက်သာမက ပတ်ဝန်းကျင်က လူတွေကို ကိုယ့်ကို စိတ်ဝင်စားလာစေနိုင်တဲ့ အဓိကသော့ချက်ပါပဲ။
    • အမျိုးသားတွေဟာ အမြဲ လှုပ်ရှားလုပ်ကိုင်သွားလာနေရတာကြောင့် အမျိုးသမီးတွေထက် ပိုပြီး ချွေးထွက်သန်ပြီး အနံ့အသက် ပြင်းနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်ပုံမှန် ရေချိုးပေးပါ။ တစ်နေ့ အနည်းဆုံး ၁ကြိမ်ဖြစ်ဖြစ် ရေပူရေအေးနဲ့ ချိုးဖို့တော့ လိုပါတယ်။
    • ရေမွှေးသုံးပေးပါ။ ကိုယ့်ဆီက မွှေးရနံ့ ရလိုက်တာနဲ့ ဘယ်သူမှန်း တန်းပြီး သိသွားစေလောက်အောင် ရေမွှေးတွေက စွမ်းဆောင်နိုင်ပါတယ်။ ပြင်းလွန်းတဲ့ အနံ့တွေထက် လူကို စွဲလမ်းစေလောက်တဲ့ ရေမွှေးအမြဲစွတ်ပေးပါ။
    • မနက်အိပ်ရာထရင် တစ်ကြိမ်၊ ညအိပ်ခါနီး တစ်ကြိမ် ကိုယ့်အသားအရေနဲ့ ကိုက်ညီမယ့် မျက်နှာသစ်ဆပ်ပြာ အပျော့နဲ့ မျက်နှာသစ်ပါ။ သွားကို နည်းစနစ်မှန်မှန် တိုက်ပါ။ အစာစားပြီးတိုင်း သွားပွတ်ကြိုးနဲ့ သွားကြားထဲကို သန့်ရှင်းရေးလုပ်ပေးပါ။
    • မျက်နှာနဲ့ ကိုယ်ခန္ဓါပေါ်က အမွေးအမျှင်တွေဟာ ကြည့်ရဆိုးစေတဲ့အပြင် လူကိုပိုပြီး အိုမင်းရင့်ရော်စေလို့ ပုံမှန် သေချာရိတ်ပေးသင့်ပါတယ်။
    • ခြေသည်း၊ လက်သည်းတွေ ရှည်နေတဲ့အခါ ကိုယ့်ကိုယ်ကို ထိခိုက်စေနိုင်တဲ့အပြင် အလွန်ကြည့်ရဆိုးတာကြောင့် ညှပ်ပေးဖို့ လိုအပ်ပါတယ်။

    ၂။ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ပါ။

    • ကျန်းမာတဲ့ ကိုယ်အလေးချိန်တစ်ခုကို ရဖို့၊ ယောက်ျားတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရပ်အမောင်း၊ ကိုယ်ခန္ဓါအချိုးအစား ပိုင်ဆိုင်ရဖို့၊ ကျန်းမာရေးကောင်းဖို့ ကိုယ့်ရဲ့ နေ့စဉ်စားသုံးတဲ့ အစားအစာကို ဂရုစိုက်ဖို့ အရေးကြီးပါတယ်။
    • လေ့ကျင့်ခန်းလုပ်ခြင်း၊ အလေးမခြင်းဟာ ယောက်ျားပီသစေဖို့နဲ့ ကိုယ်ခန္ဓါတောင့်တင်းကြံ့ခိုင်စေဖို့ ကူညီပေးနိုင်ပါတယ်။ စိတ်ကျန်းမာရေးအပေါ်မှာလည်း သက်ရောက်မှု ရှိစေပြီး မိမိကိုယ်ကို ယုံကြည်မှုတိုးလာစေနိုင်ပါတယ်။
    • အဆီ၊ အငန်၊ အချိုဓါတ် ပါဝင်မှုများတဲ့ အစားအစာတွေ၊ ကျန်းမာရေးနဲ့ မညီညွတ်၊ အာဟာရမဖြစ်စေတဲ့ အစားအစာတွေ ရှောင်ကြဉ်သင့်ပါတယ်။

    ၃။ ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာကို ပြောင်းလဲလိုက်ပါ။

    • ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုဟာ လူတွေကို ကိုယ့်ကို ပိုပြီးစိတ်ဝင်စားလာစေတဲ့ အကြောင်းရင်းတွေထဲမှာ ပါဝင်ပါတယ်။ ကိုယ်ခန္ဓါက အမွေးအမျှင်တွေကို ပုံမှန်ရိတ်ပေးသလိုမျိုး ကိုယ့်ရဲ့ ဆံပင်ကိုလည်း အမြဲညှပ်ပေးဖို့ လိုအပ်ပါတယ်။
    • ဆံပင်ညှပ်ရာမှာ ကိုယ့်ရဲ့ မျက်နှာအချိုးအစားနဲ့ လိုက်ဖက်ညီတဲ့ ဆံပင်ပုံစံ၊ ခေတ်စားနေတဲ့ ပုံစံတွေကို အမြဲ တီးခေါက်လေ့လာကြည့်ဖို့ အရေးကြီးပါတယ်။ ခေတ်ရေစီးကြောင်းနဲ့ အညီ ပြောင်းလဲနေထိုင်ခြင်းဟာ အမျိုးသားတစ်ယောက်ကို ဆွဲဆောင်မှုပိုပြီး တိုးစေနိုင်ပါတယ်။
    • အမျိုးသားတစ်ယောက်ရဲ့ မျက်နှာဟာ စင်းလုံးချောနေဖို့ မလိုအပ်ပေမယ့် သူ့နေရာနဲ့ သူ ကြည့်ကောင်းဖို့ အရေးကြီးပါတယ်။ ဒါကြောင့် မျက်နှာကို ပုံမှန်သစ်ပေးပါ။ မိန်းကလေးတွေလောက် မဟုတ်ရင်တောင် ကိုယ့်အသားအရေကို မပျက်စီးစေဖို့ ဂရုစိုက်ပေးပါ။ ရေများများသောက်ပါ။ အပြင်ထွက်တိုင်း နေပူကာခရင်မ် လိမ်းပေးပါ။

    ၄။ အဝတ်အစားကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။

  • ဈေးကြီးပေးဝယ်ရတာထက်စာရင် သက်တောင့်သက်သာ ဖြစ်စေတယ်။ ကိုယ်နဲ့လည်း လိုက်ဖက်ညီတယ်။ လူတွေကြားမှာ ထင်ပေါ်စေတယ်။ လူတွေရဲ့ အာရုံစိုက်တာ ခံရစေတယ်။
  • ကိုယ်သွားမယ့်နေရာပေါ် မူတည်ပြီး အဝတ်အစားကို ပြောင်းလဲဝတ်ဆင်ပါ။ သပ်ရပ်ပြီး ကြည့်လို့ကောင်းနေရင် အဆင်ပြေပါတယ်။
  • ခေတ်ရေစီးကြောင်းပေါ် မူတည်ပြီး အဝတ်အစားဒီဇိုင်းအသစ်တွေ အမြဲဝယ်ယူပါ။ လေ့လာပါ။ ကိုယ့်ရဲ့ ပုံစံကို အကုန်မဟုတ်သည့်တိုင် တချို့နေရာတွေ ပြောင်းလဲလိုက်ရင် အဆင်ပြေပါတယ်။
  • အဝတ်ပွပွကြီးတွေ၊ ကျပ်သိပ်နေတဲ့ အဝတ်အစားတွေ ဝတ်ဆင်တာမျိုး မလုပ်သင့်ပါဘူး။ အဝတ်အစားကို မဝယ်ခင်မှာ ကိုယ်တိုင်ဝတ်ဆင်ကြည့်ပြီး အဆင်ပြေ၊ မပြေ လေ့လာပါ။
  • ကိုယ့်ရဲ့ ကိုယ်ခန္ဓါမှာ ဘယ်အစိတ်အပိုင်းက ကြည့်ကောင်းလဲဆိုတာ သိထားပါ။ အဲ့ဒီအစိတ်အပိုင်းတွေကို ပေါ်စေမယ့်၊ သိသာထင်ရှားစေမယ့် ပုံစံမျိုး၊ ကိုယ့်ကို လူတွေစိတ်ထဲ မှတ်မိစေလောက်အောင် လိုက်ဖက်ညီတဲ့ အရောင်မျိုး ဝတ်ဆင်ပါ။
  • အဝတ်တွေကို အမြဲလျှော်ပါ။ အမျိုးသားတွေဟာ ချွေးပိုထွက်တဲ့အတွက် အဝတ်အစားတွေကို ပုံမှန်လျှော်ပေးဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် အတွင်းခံဘောင်းဘီတွေကို မလျှော်ပဲ ထပ်ကာတလဲလဲ ဝတ်ဆင်တာမျိုး မလုပ်သင့်ပါဘူး။
  • ၅။ ယောက်ျားပီသပါစေ။

  • ယောက်ျားပီသခြင်း၊ မပီသခြင်းဆိုတာ ရုပ်ပိုင်းဆိုင်ရာနဲ့သာမက ကိုယ်ပြုမူလိုက်တဲ့ အပြုအမူ၊ စိတ်ဓါတ်ပိုင်းဆိုင်ရာနဲ့လည်း များစွာ သက်ဆိုင်မှုရှိပါတယ်။
  • အမြဲတမ်း ပြုံးနေပါ။ ရယ်မောနေတာမျိုး မဟုတ်ပဲ ပုံမှန်အတိုင်း ပြုံးနေခြင်းဟာ ကိုယ့်ကို လူတွေ သတိထားမိလာစေနိုင်တဲ့ အချက်ထဲမှာ ပါဝင်ပါတယ်။
  • ခါးမတ်မတ်နေပါ။ ခါးကိုင်းနေတဲ့ ယောက်ျားတွေဟာ ဘယ်လိုမှ ကြည့်လို့ ကောင်းမနေတာ သိကြမှာပါ။ မိမိကိုယ့်ကို ယုံကြည်မှုရှိပါ။
  • လူတစ်ယောက်ကို စကားပြောတဲ့အခါ၊ အထူးသဖြင့် ကိုယ်သဘောကျတဲ့သူနဲ့ စကားပြောနေရတဲ့အခါ မျက်လုံးချင်းကြည့်ပါ။
  • ယောက်ျားပီသပါ။ မလိုအပ်ပဲ ဆဲဆိုတာ၊ အော်ဟစ်တာ၊ သူတစ်ပါးနဲ့ ပတ်သက်ပြီး မကောင်းကြောင်း ပြောတယ်ဆိုတာ ယောက်ျားကောင်းတစ်ယောက် ပြုမူရမယ့် အလုပ်မဟုတ်ပါဘူး။
  • စကားပီပီသသပြောပါ။ ကမူးရှူးထိုးနဲ့ စကားအမြန်ပြောတာထက် ဖြည်းဖြည်းနဲ့ မှန်မှန် အသက်ရှူပြီး စကားပြောပါ။ ကိုယ်ပြောချင်တဲ့ အကြောင်းအရာကို တစ်ဖက်သား နားလည်အောင် သေချာပြောဆိုပါ။
  • Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 13/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement