backup og meta

ပိန်ချင်လို့ Gymဆော့ မှ ကိုယ်အလေးချိန်ပိုတက်လာတဲ့ ပျိုမေတွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပိန်ချင်လို့ Gymဆော့ မှ ကိုယ်အလေးချိန်ပိုတက်လာတဲ့ ပျိုမေတွေ

    တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကြီးထဲမှာ မိန်းကလေးတွေသာမက ယောက်ျားလေးတွေပါ ကိုယ်ခန္ဓာ၊ အလှအပနဲ့ ကျန်းမာရေးကို ဂရုစိုက်လာကြပါတယ်။ ဒါဟာ ကောင်းတဲ့ အလေ့အထ တစ်ခုပါပဲ။ ပိန်ချင်လို့ Gymဆော့ တဲ့ မိန်းကလေးတွေ ကိုယ်အလေးချိန် ချိန်ပြီးတော့မှ “ဆရာရယ် သမီး ၃ပေါင်တောင် ထပ်တက်လာတယ်” ဆိုပြီး ညည်းနေကြတာ ကြားဖူးကြမယ် ထင်ပါတယ်။ ဒါဆိုရင် သေချာလည်း ကစားပါရက်နဲ့ ဘာလို့ ကိုယ်အလေးချိန် မကျဘဲ ပိုတောင် တက်လာရတာလဲ။ ပျိုမေတွေကြား အမေးများနေတဲ့ ဒီပြဿနာလေးရဲ့ တရားခံအကြောင်းရင်းတွေကို ပြောပြပေးမယ်နော်။

    Gymဆော့မှ ဘာလို့ အလေးချိန်ပိုတက်လာတာလဲ၊၊

    ၁။ ညစာမစားဘဲ နေခြင်း

    ညစာတစ်နပ် လျှော့စားလိုက်လို့ ကိုယ်အလေးချိန် ကျသွားမှာပါဆိုပြီး ထင်ဖူးကြမှာပါ။ တကယ်တော့ ဒါဟာ မှားယွင်းတဲ့ ကိစ္စတစ်ခုပါပဲ။ ညစာကို ဘာဆို ဘာမှမစားပဲ နေလိုက်တဲ့အခါ ခန္ဓာကိုယ်ကလည်း အစာကို ပိုပြီးတောင့်တပါတယ်။ ဒီတော့ နောက်တစ်နေ့ ရောက်တဲ့အခါ မနက်စာနဲ့ နေ့လည်စာကို ပုံမှန်ထက်ပိုပြီး အတိုးချ စားလိုက်တာပါ။

    ကျွန်တော်တို့ စားလိုက်တဲ့ အစားအစာတွေကို ကောင်းကောင်း ချေဖျက်နိုင်မှ လိုအပ်တဲ့ အာဟာရဓာတ်တွေကို ကောင်းစွာ စုပ်ယူနိုင်မယ်။ အစာကြေလွယ်စေလို့ ဝမ်းမှန်စေတယ်။ ကိုလက်စထရောနဲ့ အဆီဓာတ်ကိုလည်း စုပုံသလို ဖြစ်မနေစေတော့ပါဘူး။ ဒါကြောင့် ပိန်ချင်တယ်ဆိုရင် ညစာ လုံးဝမစားပဲ နေမယ့်အစား အစာကြေလွယ်စေမယ့် အစားအစာ၊ အမျှင်ဓာတ်များတဲ့ အစားအစာတွေ၊ ရင်မပြည့်စေမယ့် အစားအစာတွေကို ရွေးစားပါ။ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်ကို ပိုစားပေးပါ။

    ၂။ အစား မဆင်ခြင်ခြင်း

    ကျန်းမာတဲ့ ကိုယ်အလေးချိန်တစ်ခု ရဖို့အတွက် နေ့စဉ် ကိုယ်လက်လှုပ်ရှားရုံသာမက သင့်တင့်မျှတတဲ့ အစာအာဟာရကို ရဖို့ အရေးကြီးပါတယ်။ ကိုယ်က Gymဆော့ နေပါတယ်ဆိုပြီး အဆီ၊ အငန်၊ အချိုဓာတ်များတဲ့ အစားအစာတွေ၊ အကြော်အလှော်တွေပဲ စားနေမယ်ဆိုရင်တော့ ဆော့သလောက် အကျိုးထူးမှာ မဟုတ်ပါဘူး။

    ဒါကြောင့် နေ့စဉ် လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။ အာဟာရမျှတဖို့အတွက် အသား၊ ငါး၊ ပင်လယ်စာဟင်းသီးဟင်းရွက်၊ ပဲ၊ ဥ၊ နို့ထွက်ပစ္စည်း၊ အစေ့အဆန်တွေကို စုံလင်စွာ စားပေးပါ။ သရေစာအနေနဲ့ အချိုများတဲ့ မုန့်တွေ၊ ဖျော်ရည်တွေအစား သစ်သီးတွေကို လှီးစိတ်ပြီးဖြစ်စေ၊ ကြိတ်ပြီး ဖျော်ရည်အနေနဲ့ ဖြစ်စေ စားပေးလို့ ရပါတယ်။

    ၃။ လေ့ကျင့်ခန်း သေချာမလုပ်ခြင်း

    Gym မှာ အားရပါးရ လေ့ကျင့်ခန်းလုပ်ပြီး ချွေးထွက်မယ့်အစား ကစားလိုက်၊ နားလိုက်၊ ပတ်ဝန်းကျင်က လူတွေနဲ့ အကြာကြီး စကားပြောလိုက် လုပ်နေတာဟာ သိပ်တော့ အဆင်မပြေပါဘူး။ လူငယ်တွေဆိုရင်လည်း အားကစားလုပ်တာ နည်းနည်း၊ ဖုန်းဖွင့်ပြီး ဓာတ်ပုံရိုက်တာ၊ အင်တာနက် သုံးတာနဲ့ပဲ အချိန်ကုန်နေပြီး သေချာ ထိထိရောက်ရောက် မကစားဖြစ်ပါဘူး။

    တချို့တွေကလည်း လေ့ကျင့်ခန်းပုံစံ တစ်မျိုးတည်းကိုပဲ အားစိုက်ပြီး လုပ်တယ်။ တခြားလေ့ကျင့်ခန်းတွေကိုသေချာမလုပ်ဘူး။ ဒီတော့ တစ်နေရာထဲမှာပဲ အဆီကွက်ပြီး ကျသွားတာ၊ လေ့ကျင့်ခန်းလုပ်ပေမယ့် ထိရောက်မှု မရှိတာဖြစ်နိုင်ပါတယ်။

    ဒီတော့ ပိုက်ဆံနဲ့ အချိန်တွေကို အလကားဖြုန်းလိုက်တာနဲ့ အတူတူပါပဲ။ Gym ရောက်ပြီဆိုရင် ကိုယ့်ရဲ့ ပစ္စည်းတွေကို ပေးထားတဲ့ locker တွေထဲမှာ ထည့်သိမ်းထားလိုက်ပါ။ သေချာအာရုံစိုက်ပြီး လေ့ကျင့်ခန်းကို လုပ်ပါ။ နည်းပြဆရာ ညွှန်ကြားတဲ့အတိုင်း ထိထိရောက်ရောက်လုပ်ပေးပါ။

    ၄။ အိပ်ချိန်မမှန်ခြင်း

    လူတစ်ယောက် ကျန်းမာနေစေဖို့ အိပ်ချိန်မှန်ရမယ်ဆိုတာ သိထားကြပြီး ဖြစ်ပါတယ်။ အထူးသဖြင့် Gymဆော့ သူတွေမှာဆိုရင် ကြွက်သားကို ပိုပြီး အသုံးချရတဲ့အတွက် အိပ်ချိန်ပိုပြီးတောင် လိုအပ်ပါတယ်။ အိပ်ရမယ့် အချိန်မှာ မအိပ်ဘဲ ရုပ်ရှင်ကြည့်နေတာ၊ ညနောက်ကျတဲ့အထိ ဖုန်းသုံးနေမယ်ဆိုရင်တော့ ကိုယ်သွားမယ့် ပန်းတိုင်နဲ့ ဆန့်ကျင်ဘက်တွေ ဖြစ်ပြီး ကျန်းမာရေးပါ ထိခိုက်လာနိုင်ပါတယ်။

    ဒါကြောင့် တစ်နေ့ကို အနည်းဆုံး အိပ်ချိန် ၇နာရီခန့် ပြည့်ဝစွာ အိပ်စက်ပေးပါ။ ပိတ်ရက်တွေမှာ အိပ်ချိန် ပိုရအောင် အိပ်ပါ။ ကောင်းစွာ အနားယူပါ။ အလှအပအတွက်သာမက ကျန်းမာရေးအတွက် အိပ်ချိန်ပြည့်ဝနေဖို့ အလွန်အရေးကြီးပါတယ်။

    ကျား၊ မ မရွေး ဘာလို့ Gymဆော့ ပေးသင့်တာလဲ။

    အားကစားလုပ်ခြင်း၊ ကိုယ်ကာယ လေ့ကျင့်ခန်း ပြုလုပ်ခြင်းဟာ အလှအပအတွက်သာမက ကျန်းမာရေးအတွက်ပါ အကျိုးထူး အများကြီး ရှိစေပါတယ်။ ပိန်တဲ့သူတွေဆိုရင် ကိုယ်ခန္ဓာကြီးထွားသန်စွမ်းစေတယ်။ ဝနေတဲ့သူတွေအတွက်လည်း ကိုယ်အလေးချိန်ကို ကျစေပြီး ခန္ဓာကိုယ်အချိုးအစား သွယ်လျစေတယ်။

    Gym မှာ စနစ်တကျ ကစားခြင်းဖြင့် ကြွက်သားနဲ့ အရိုးအဆစ်ကို သန်စွမ်းကြံ့ခိုင်စေတယ်။ နှလုံးကျန်းမာရေးကို ကောင်းစေပြီး အမောခံနိုင်စေတယ်။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးလို့ ရောဂါတွေ အလွယ်တကူ ဖြစ်မလာနိုင်အောင် တားဆီးပေးနိုင်တယ်။ စိတ်ဖိစီးမှုကို ပြေလျော့စေပြီး ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုကို ကောင်းစေတယ်။

    ဆယ်ကျော်သက်တွေ၊ နှလုံးရောဂါရှင်တွေ၊ ဆီးချို၊ သွေးတိုး ဝေဒနာသည်တွေဆိုရင် ပိုပြီးတောင် ကစားပေးသင့်ပါတယ်။ အထိုင်များတဲ့ သူတွေ၊ လှုပ်ရှားမှုနည်းတဲ့သူတွေ၊ အလုပ်အရမ်းများတဲ့သူတွေဆိုရင်လည်း ကိုယ့်ရဲ့ တစ်နေ့တာအချိန်ထဲက အနည်းငယ်လောက်ဖဲ့ပြီး သေချာ Gymဆော့ ဖို့ တိုက်တွန်းပေးချင်ပါတယ်။

    လူသားတိုင်း ကျန်းမာပျော်ရွှင်ပြီး သာယာလှပတဲ့ ဘဝလေးတစ်ခုကို ဖန်တီးနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement