backup og meta

ရင်သားကင်ဆာ တူတူစစ်ဆေး ကြမယ်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 18/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရင်သားကင်ဆာ တူတူစစ်ဆေး ကြမယ်။

    ရင်သားကင်ဆာ က သားအိမ်ခေါင်းကင်ဆာလိုမျိုး ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့မရပါဘူး။ ဒါပေမယ့် စောစောသိအောင်တော့ စစ်ဆေးလို့ရပါတယ်။ အရွယ်ရောက်ပြီးသား အမျိုးသမီးတွေက တစ်လတစ်ခါလောက် ကိုယ့်ရင်သားကို စစ်ဆေးသင့်ပါတယ်။ ၄၀ရာခိုင်နှုန်းသော ရင်သားကင်ဆာတွေက အမျိုးသမီးတွေ ကိုယ့်ဟာကိုယ်စစ်ဆေးရာက သိလာတာပါ။ ဒါကြောင့် ရင်သားကင်ဆာ တူတူစစ်ဆေး ကြည့်ရအောင်။

    ဒါဆို ရင်သားဓာတ်မှန်ကရော။  ရင်သားဓာတ်မှန်က အလုံးအကျိတ်ကိုမစမ်းမိခင်မှာဘဲ ကင်ဆာကို ရှာဖွေနိုင်ကြောင့် ပိုကောင်းပါတယ်။ ဒါပေမယ့် ရင်သားဓာတ်မှန်ကို မရိုက်ဖြစ်တဲ့သူတွေအတွက် ရင်သားကို ကိုယ်တိုင်ပုံမှန်စစ်ဆေးတာက မိမိရင်သားရဲ့ အနေအထားကိုပိုပြီးသိစေပါတယ်။ တစ်ခုခုပြောင်းလဲတာကို အချိန်မီသိနိုင်ပါတယ်။

    ရင်သားကင်ဆာ တူတူစစ်ဆေး ကြမယ်။

    အဆင့်(၃)ဆင့်ရှိပါတယ်။

    မှန်ရှေ့မှာစမ်းနည်း

    • ခါးအထက်ပိုင်းမှာ ဘာမှမဝတ်ဘဲ ကိုယ်လုံးပေါ်မှန်ရှေ့ရပ်ပါ။ အလင်းရောင် ကောင်းကောင်းရပါစေ။ ရင်ဘတ်ကို ကြည့်ပါ။ နှစ်ဖက်ဆိုဒ်မတူလို့ လန့်မသွားပါနဲ့။ အမျိုးသမီးတွေတော်တော်များများက ဒီလိုပါပဲ။ လက်နှစ်ဖက်ကို ဘေးချပြီး ဆိုဒ်၊ ပုံစံ၊ အနေအထား၊ အပေါ်ယံအရေပြားကို ကြည့်ပါ။ အရေပြားချိုင့်တာ၊ လိမ္မော်ခွံလိုဖြစ်နေတာ၊ အနာဖြစ်တာ၊ အရောင်ပြောင်းတာရှိမရှိကြည့်ပါ။
    • နို့သီးခေါင်းကို စစ်ကြည့်ပါ။ အနာတွေ၊ အရေပြားကွာတာတွေ၊ နို့သီးခေါင်း စောင်းနေတာတွေရှိမရှိကြည့်ပါ။
    • ခါးတင်းတင်းထောက်ပြီး ရင်ကော့ထားပါ။ ခန္ဓာကိုယ်ကို ဟိုဘက်ဒီဘက်စောင်းပြီး ချိုင်းအောက်ကို သေချာကြည့်ပါ။
    • ခန္ဓာကိုယ်ကို ရှေ့နည်းနည်းကိုင်းပါ။ ရင်သားနှစ်ဖက်ရှေ့ကို ငိုက်ကျလာပါလိမ့်မယ်။ ထူးခြားတဲ့ပြောင်းလဲမှုရှိမရှိကြည့်ပါ။
    • လက်ချင်းယှက်ပြီးခေါင်းပေါ်တင်ထားပါ။ အားနဲ့ ခေါင်းကိုဖိပါ။ ရင်ဘတ်ကြွက်သားတွေ တင်းလာပါလိမ့်မယ်။ ခန္ဓာကိုယ်ကို ဟိုဘက်ဒီဘက်စောင်းပြီး ချိုင်းအောက်ကို နောက်တစ်ခါထပ်ကြည့်ပါ။ ရင်သားက အိကျနေရင် အောက်ခြေကိုမမြင်ရနိုင်လို့ ရင်သားကို မတင်ပါ။
    • နို့သီးခေါင်းကို ညှစ်ကြည့်ပြီး အရည်ထွက်မထွက်စစ်ဆေးပါ။

    ရေချိုးနေစဉ် စမ်းနည်း

    • ရေချိုးနေစဉ် လက်ညိုး၊ လက်ခလယ်နဲ့ လက်သူကြွယ်ရဲ့ လက်ချောင်းထိပ်ကိုသုံးပြီး ရင်သားနှစ်ဖက်ကို စမ်းပါ။ ရေနဲ့ ဆပ်ပြာရောနေတဲ့အတွက် စမ်းရတာပိုလွယ်ပါတယ်။ ရင်ဘတ်နဲ့ ချိုင်းအောက်မှာ အကျိတ်ရှိမရှိစမ်းပါ။ လက်တစ်ဖက်က ခါးထောက်ပြီး ကျန်တဲ့တစ်ဖက်နဲ့စမ်းပါ။
    • ညှပ်ရိုးရဲ့ အပေါ်နဲ့အောက်မှာလည်း အကြိတ်ရှိမရှိစမ်းပါ။
    • လက်တစ်ဖက်ကို ခေါင်းပေါ်ကကျော်ပြီး တောင့်ထားပါ။ ကျန်တဲ့တစ်ဖက်နဲ့ ရင်သားတစ်ခုလုံးကို စမ်းပါ။ ညှပ်ရိုးရောက်တဲ့အထိစမ်းပါ။ နောက်ရင်သားတစ်ဖက်ကိုလည်း ဒီတိုင်းစမ်းပေးပါ။

    လှဲပြီးစမ်းနည်း

    • လှဲပြီး ခေါင်းအုံး ဒါမှမဟုတ် အဝတ်ထူထူကို ခေါက်ပြီး ဂုတ်အောက်မှာထားပါ။ ညာဖက်လက်ကို ခေါင်းအောက်မှာ ခုထားပါ။ ဘက်ဖက်လက်နဲ့ ညာဖက်ရင်သားကို စမ်းပါမယ်။ လိုးရှင်းတစ်ခုခုလိမ်းထားရင် ပိုပြီးစမ်းရလွယ်ပါတယ်။
    • လက်ကို စက်ဝိုင်းပုံစံလှည့်ပြီး ရင်သားတစ်ခုလုံးကို နှံ့နှံ့စပ်စပ်စမ်းပါ။ ချိုင်းထဲထိ ရောက်အောင်စမ်းပါ။
    • နောက်ဆုံးနို့သီးခေါင်းကို ဖိကြည့်ပါ။ အောက်မှာအလုံးတစ်ခုခုခံနေလား။ နို့သီးခေါင်းအလွယ်တကူနစ်ဝင်သွားလားဆိုတာကို စမ်းကြည့်ပါ။
  • အကျိတ်စမ်းမိရင် ဘယ်လိုလုပ်မလဲ။

    မတော်တဆအကျိတ်စမ်းမိရင်လည်း မလန့်ပါနဲ့။ စမ်းမိတဲ့ အကျိတ်၁၀လုံးမှာ ၈လုံးက အန္တရာယ်မရှိတဲ့အကြိတ်ပါ။ ရာသီလာခါနီးစမ်းရင်လည်း ဟော်မုန်းကြောင့် ရင်သားတွေတင်းနေလို့ အကျိတ်လိုလိုစမ်းမိတတ်ပါတယ်။ ဒါကြောင့် ရာသီလာခါနီးနဲ့ လာနေချိန်မှာ မစမ်းပါနဲ့။

    ကင်ဆာမရှိတာကို ရင်သားကို ကိုယ်တိုင်စမ်းကြည့်ရုံနဲ့ လုံလောက်ပါ့မလား။

    ရင်သားဓာတ်မှန် (Mammogram)က အကျိတ်ကိုမစမ်းမိခင်မှာဘဲ ရှာဖွေပေးနိုင်ပါတယ်။ ရင်သားဓာတ်မှန်ကတော့ အကောင်းဆုံးပါ။ ပုံမှန်ရိုက်ဖို့ အကြံပြုပါတယ်။ ဒါပေမယ့် ရင်သားဓာတ်မှန်ကို ပုံမှန်မစစ်ဆေးနိုင်တဲ့သူတွေမှာ ကိုယ်တိုင်စစ်ဆေးတဲ့နည်းလမ်းကလည်း မဆိုးလှပါဘူး။ ကိုယ့်ရင်သားရဲ့ ပုံမှန်အခြေအနေကို သိထားတဲ့အတွက် တစ်ခုခုပြောင်းလဲတာရှိရင် ချက်ချင်းတန်းသိမှာပါ။

    ရင်သားကင်ဆာက စောစောသိလေလေ သေချာကုသလို့ ရလေလေပါပဲ။ စောစောသိဖို့အတွက် ရင်သားဓာတ်မှန်ကို ပုံမှန်ရိုက်ဖို့လိုပါတယ်။ ဒီလိုမရိုက်နိုင်ဘူးဆိုရင်လည်း ကိုယ့်ကိုယ်ကို တစ်လတစ်ခါလောက် စမ်းသပ်ပေးဖို့လိုပါတယ်။ အကျိတ်တစ်ခုခုစမ်းမိရင်လည်း မကြောက်ပါနဲ့။ ဆရာဝန်နဲ့ပြသပြီး လိုအပ်တဲ့ကုသမှုခံယူပါ။ စောစောသိဖို့ကသာ အရေးကြီးတာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 18/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement