backup og meta

ပီကျူထရီဂလင်း ကောင်းစွာအလုပ်မလုပ်လျှင်

ပီကျူထရီဂလင်းဟာ သင့်ဦးနှောက်ရဲ့အောက်ဘက်မှာ တည်ရှိပြီး ဟော်မုန်းရှစ်မျိုးလောက်အထိ ထုတ်လုပ်ပေးပါတယ်။ အဆိုပါဟော်မုန်းတစ်မျိုးချင်းစီဟာလည်း သင့်ရဲ့ကိုယ်ခန္ဓာ လုပ်ငန်းတာဝန်များအတွက် အရေးကြီးလှတဲ့ ဟော်မုန်းတွေပဲ ဖြစ်ပါတယ်။ လုပ်ငန်းတာဝန်များဆိုရာမှာ အရိုးများ ဖွံ့ဖြိုးကြီးထွားအောင် လှုံ့ဆော်ခြင်း၊ သိုင်းရွိုက်ဂလင်းမှ ဟော်မုန်းများထုတ်ခြင်း စတာတွေ ဖြစ်ပါတယ်။

ပီကျူထရီဂလင်းကနေ ထုတ်လုပ်တဲ့ဟော်မုန်းများနဲ့ သက်ဆိုင်ရာလုပ်ငန်းတာဝန်များကတော့

– ACTH ဟော်မုန်း။ ကော်တီဆောဟော်မုန်းထုတ်ခြင်း၊ အဒရီနယ်လင်၊ နော်အဒရီနယ်လင် ထုတ်လုပ်ခြင်း အတွက် လှုံ့ဆော်ပေးခြင်း

– ADH ဟော်မုန်း။ သွေးပေါင်ချိန်ထိန်းပေးခြင်း၊ ကိုယ်ခန္ဓာအတွင်း အရည်ဓာတ်များ မျှတအောင် ထိန်းသိမ်းပေးခြင်း

– FSH ဟော်မုန်း။ အမျိုးသမီးများ သားဥအိမ်ကြီးထွားခြင်း၊ အမျိုးသားများတွင် သုက်ပိုးထုတ်လုပ်ခြင်း

– ကြီးထွားမှုဟော်မုန်း။ ကလေးများ ဖွံ့ဖြိုးကြီးထွားခြင်း၊ အရွယ်ရောက်ပြီးသူများ ဇီဝဖြစ်ပျက်မှုကို ထိန်းကျောင်းပေးခြင်း

– LH ဟော်မုန်း။ အမျိုးသမီးများ အပျိုဖော်ဝင်ခြင်း၊ ကလေးရခြင်း၊ ဓမ္မတာလာခြင်း

– အောက်ဆီတိုဆင်ဟော်မုန်း။ ကလေးမီးဖွားခြင်း၊ မိခင်နို့တိုက်ခြင်း

– ပရိုလက်တင်ဟော်မုန်း။ လုပ်ငန်းတာဝန်ပေါင်း ၃၀၀ ကျော် ရှိပါတယ်။

– TSH ဟော်မုန်း။ သိုင်းရွိုက်ဂလင်းမှ ဟော်မုန်းများ ထုတ်လုပ်ခြင်း

အဆိုပါဟော်မုန်းများအနက်က တစ်မျိုးမျိုးကို လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်းမရှိတော့ရင် ပီကျူထရီဂလင်း ကောင်းစွာ အလုပ်မလုပ်ခြင်း (Underactive Pituitary) လို့ သတ်မှတ်ပါတယ်။

ပီကျူထရီဂလင်း အလုပ်မလုပ်ခြင်းအခြေအနေ ဘာကြောင့် ဖြစ်ပေါ်သလဲ

ပီကျူထရီဂလင်းကို ထိခိုက်မှုတစ်ခုခုကြုံရင် ဖြစ်တတ်ပါတယ်။ ဥပမာ ဦးနှောက်ခွဲစိတ်ကုသမှု ခံယူခြင်း၊ ဦးနှောက်ကို ရောဂါပိုးဝင်ခြင်း၊ ဦးခေါင်း ထိခိုက်ဒဏ်ရာရခြင်း စတာတွေ ဖြစ်ပါတယ်။ အကျိတ်များကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဦးနှောက်အကျိတ်၊ ပီကျူထရီဂလင်းအကျိတ်၊ ဟိုက်ပိုသဲလမတ် အကျိတ် စသဖြင့် ဖြစ်ပါတယ်။

အခြား ဖြစ်နိုင်ခြေ အခြေအနေတွေကတော့

– Sarcoidosis ခေါ် နာတာရှည် အဆုတ်ရောဂါတစ်မျိုး

– ကိုယ်ခန္ဓာအတွင်း သံဓာတ်များလွန်းသည့်ရောဂါ

– Histiocytosis ခေါ် မိမိကိုယ်ခံအားက မိမိကို ပြန်လည်တိုက်ခိုက်သည့်ရောဂါ

– လေဖြတ်ခြင်း

တီဘီရောဂါ

– ကလေးမီးဖွားစဉ် သွေးအများအပြားဆုံးရှုံးခြင်း

ဓာတ်ရောင်ခြည်ကုသမှုခံယူခြင်း

– ဦးနှောက်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရခြင်း စတာတွေ ဖြစ်ပါတယ်။

ဘာလက္ခဏာတွေပြသလဲ

ပီကျူထရီဂလင်း ကောင်းစွာ အလုပ်မလုပ်ရင် ဘယ်ဟော်မုန်းထုတ်လုပ်မှုမှာ သက်ရောက်သလဲဆိုတာပေါ် မူတည်ပြီး လက္ခဏာပြပါတယ်။ ဥပမာ ကြီးထွားမှုဟော်မုန်းများ လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်းမရှိရင် ကလေးများ ဖွံ့ဖြိုးမှုနည်းပြီး အရပ်ပုတတ်ပါတယ်။ LH ဟော်မုန်း ထုတ်လုပ်မှုနည်းရင် ဓမ္မတာမမှန်ခြင်း၊ ကလေးမရခြင်း ဖြစ်တတ်ပါတယ်။

ဘယ်လိုကုသမလဲ

ပီကျူထရီဂလင်း ကောင်းစွာ အလုပ်မလုပ်တဲ့ လက္ခဏာမျိုးတွေကို သံသယရှိရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ဘယ်ဟော်မုန်းနည်းနေသလဲ၊ ဘယ်အင်္ဂါအစိတ်အပိုင်းပေါ် သက်ရောက်မှု ဖြစ်နေသလဲ စစ်ဆေးပါလိမ့်မယ်။ အထူးသဖြင့် ဟော်မုန်းဆိုင်ရာ အထူးကုဆရာဝန်များ (Endocrinologist) နဲ့ ပြသသင့်ပါတယ်။ အဓိကကတော့ ချို့ယွင်းမှုဖြစ်နေတဲ့ ဟော်မုန်းတွေ ပုံမှန်ပြန်ဖြစ်လာဖို့ပါပဲ။ တစ်ခါတရံမှာ ခွဲစိတ်ကုသခြင်းတွေပါ ကြုံရနိုင်ပါတယ်။ ဥပမာ ပီကျူထရီဂလင်းမှာ အကျိတ်ဖြစ်ပေါ်နေရင် ခွဲစိတ်ဖယ်ရှားရတာမျိုး ဖြစ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/hypopituitarism Accessed Date 9 September 2020

ယခုပုံစံ

08/02/2022

Dr. Thant Zin မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သိုင်းရွိုက်ဂလင်း တစ်ခုခုဖြစ်ရင် ဘယ်လိုထိခိုက်လာနိုင်သလဲ

သိုင်းရွိုက်ဂလင်းတွေ ကျန်းမာစေဖို့


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thant Zin မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/02/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement