backup og meta

သင့် အရိုးများ ကျန်းမာကြံ့ခိုင်စေဖို့

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့် အရိုးများ ကျန်းမာကြံ့ခိုင်စေဖို့

    အရိုးများ ဟာ သင့်ခန္ဓာကိုယ်ရဲ့ ဒေါက်တိုင်များပဲ ဖြစ်ပါတယ်။ ဒါကြောင့် အရိုးများ သန်မာစေဖို့ဟာ သင့်ဘဝတစ်သက်တာအတွက် အရေးကြီးလှပါတယ်။ သင်ကလေးဘဝကတည်းက သင့်အရိုးထဲကို ရောက်ရှိလာတဲ့ သတ္တုဓာတ်များဟာ သင့် အရိုးများ ကို တည်ဆောက်ပေးပြီး အသက် ၃၀ လောက် ရောက်လာချိန်မှာ အရိုးရဲ့ထုထည်ဟာ အမြင့်ဆုံးကို ရောက်ရှိပါတယ်။ အကယ်၍ ဒီအချိန်အတိုင်းအတာအတွင်းမှာသာ အရိုးဟာ ထုထည်အခိုင်မာဆုံးမရှိသေးဘူးဆိုရင် နောင်မှာ ကျိုးပဲ့လွယ်ထိခိုက်လွယ်ပါလိမ့်မယ်။

    ကောင်းတဲ့အချက်ကတော့ အာဟာရဓာတ်အများအပြားနဲ့ နေထိုင်မှုပုံစံမျိုးစုံဟာ သင့်အရိုးတွေကို ပိုမိုကျန်းမာ ကြံ့ခိုင်စေဖို့ အထောက်အကူပြုပါလိမ့်မယ်။

    အောက်ပါနည်းလမ်းများကတော့ ကျန်းမာကြံ့ခိုင်တဲ့အရိုးတွေဖြစ်အောင် ဘယ်လိုဆောင်ရွက်သင့်သလဲ ဆိုတာပါပဲ။

    ကျန်းမာကြံ့ခိုင်တဲ့အရိုးတွေ ဖြစ်စေဖို့

    အရိုးတွေ ကျန်းမာကြံ့ခိုင်စေဖို့ဆိုရင်

    ၁။ အသီးအရွက်များ စားသုံးခြင်း

    အသီးအရွက်များဟာ အရိုးများသန်မာစေဖို့ များစွာ အထောက်အကူပြုပါတယ်။ အသီးအရွက်များမှာ ဗီတာမင် C ကြွယ်ဝပြီး အရိုးများအသစ်ဖြစ်ပေါ်ခြင်းအတွက် လှုံ့ဆော်ပေးပါတယ်။ ဒါ့အပြင် ဗီတာမင် C ဟာ အရိုးဆဲလ်များ ထိခိုက်ပျက်စီးခြင်းကနေ ကာကွယ်ပေးပါတယ်။ အစိမ်းရောင်နဲ့ အဝါရောင် အသီးအရွက်များကို များပြားစွာ စားသုံးခြင်းဟာ ကလေးဘဝကတည်းက အရိုးများအတွင်း သတ္တုဓာတ်များ ဖွဲ့စည်းဖြစ်ပေါ်ခြင်းကို အားပေးကူညီတာမို့ အရွယ်ရောက်လာရင် ကြံ့ခိုင်တောင့်တင်းစေပါတယ်။

    ၂။ ပရိုတင်းလုံလောက်စွာ စားသုံးခြင်း

    အရိုးများရဲ့ ၅၀%ကို ပရိုတင်းများနဲ့ ဖွဲ့စည်းထားပါတယ်။ ပရိုတင်းစားသုံးမှုနည်းပါးရင် ကယ်လ်ဆီယမ်စုပ်ယူမှု လျော့ကျစေပြီး အရိုးများဖြစ်ပေါ်နှုန်း ဖြိုခွဲနှုန်းအပေါ် သက်ရောက်မှု ရှိပါတယ်။ လူတစ်ဦးဟာ တစ်နေ့ကို ပရိုတင်း ၁၀၀ ဂရမ်ခန့် စားသုံးသင့်တယ်လို့ ဆိုပါတယ်။ သွေးဆုံးပြီးသွားတဲ့ အမျိုးသမီးများအနက် ပရိုတင်းစားသုံးမှုမြင့်မားသူများဟာ အရိုးပွခြင်းကြောင့်ဖြစ်တတ်တဲ့ အရိုးကျိုးနိုင်ခြေ နည်းပါးတယ်လို့ ဆိုပါတယ်။

    ၃။ ကယ်လ်ဆီယမ်ကြွယ်ဝသော အစားအစာများ စားသုံးခြင်း

    ကယ်လ်ဆီယမ်ဓာတ်ဟာ အရိုးများ ကျန်းမာကြံ့ခိုင်ရေးအတွက် အရေးအကြီးဆုံး သတ္တုဓာတ်ဖြစ်ပါတယ်။ အရိုးဆဲလ်များဟာ ပြန်လည်ဖြိုခွဲခြင်း၊ အသစ်တစ်ဖန်ဖွဲ့စည်းခြင်း စတာတွေ တစ်ချိန်လုံး ဖြစ်ပေါ်နေတာကြောင့် ကယ်လ်ဆီယမ်ဓာတ်ကို နေ့စဉ် စားသုံးပေးဖို့ လိုအပ်ပါတယ်။ နေ့စဉ် ကယ်လ်ဆီယမ် စားသုံးသင့်တဲ့ ပမာဏကတော့ ၁၀၀၀ မီလီဂရမ် ဖြစ်ပါတယ်။ ဒါပေမယ့် ဆယ်ကျော်သက်အရွယ်ဆိုရင် ၁၃၀၀ မီလီဂရမ်လိုအပ်ပြီး အသက်အရွယ်ကြီးတဲ့ အမျိုးသမီးတွေဆိုရင် ၁၂၀၀ မီလီဂရမ် လိုအပ်ပါတယ်။ ကယ်လ်ဆီယမ်ကို ဖြည့်စွက်စာများမှလည်း ရရှိနိုင်ပေမယ့် သဘာဝအတိုင်း အစားအသောက်တွေက ရရှိတာ ပိုကောင်းပါတယ်။

    ၄။ ဗီတာမင်D ဗီတာမင် K များ စားသုံးခြင်း

    ဗီတာမင် D နဲ့ ဗီတာမင် K တို့ဟာလည်း အရိုးများ ဖွဲ့စည်းတည်ဆောက်ရာမှာ အရေးကြီးပါတယ်။ ဗီတာမင် D ဟာ ကိုယ်ခန္ဓာကနေ ကယ်လ်ဆီယမ်စုပ်ယူဖို့အတွက် အားပေးကူညီပါတယ်။ သွေးတွင်းဗီတာမင် D ဟာ အနည်းဆုံး 30 ng/ml ရှိနေမယ်ဆိုရင် အရိုးပွခြင်းနဲ့ တခြားအရိုးရောဂါတွေ ဖြစ်ပွားခြင်းကနေ ကာကွယ်နိုင်ပါတယ်။

    သုတေသနအချို့အရ ဗီတာမင် D ချို့တဲ့သူများဟာ အရိုးသိပ်သည်းဆနည်းပါးပြီး အရိုးကျိုးနိုင်ခြေများပါတယ်။ ဗီတာမင် D ချို့တဲ့ခြင်းဟာ တွေ့ရများပြီး ကမ္ဘာတလွှားမှာ လူပေါင်း တစ်ဘီလီယံလောက်မှာ ဖြစ်ပွားလျက် ရှိပါတယ်။ ဗီတာမင် D ကို နေရောင်ခြည်မှ ရရှိနိုင်သလို ငါး၊ အသည်း၊ ချိစ် စတာတွေကလည်း ရရှိနိုင်ပါတယ်။

    ဗီတာမင် K ကတော့ အရိုးများဖွဲ့စည်းရာမှာပါဝင်တဲ့ အော်စတီယိုကယ်လ်ဆင်ဆိုတဲ့ ပရိုတင်းတစ်မျိုး ဖြစ်ပေါ်ဖို့ အားပေးကူညီပါတယ်။ အဆိုပါပရိုတင်းဟာ အရိုးထဲမှာရှိတဲ့ သတ္တုဓာတ်တွေနဲ့ ပေါင်းစပ်သွားပြီး ကယ်လ်ဆီယမ်ဓာတ်တွေ အရိုးများထဲကနေ ဆုံးရှုံးခြင်းမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဗီတာမင် Kကို အသည်း၊ ဥအမျိုးမျိုး၊ အသား စတာတွေကနေ ရရှိနိုင်ပါတယ်။ အချဉ်ဖောက်ထားတဲ့ ဒိန်ခဲ၊ ဂေါ်ဖီချဉ်၊ ပဲပိစပ် စတာတွေမှာလည်း တွေ့နိုင်ပါတယ်။

    ၅။ ကော်လာဂျင်ဖြည့်စွက်စာများ စားသုံးခြင်း

    ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး သုတေသနအများအပြား မရှိခဲ့ပေမယ့် ကော်လာဂျင်ဖြည့်စွက်စာများ စားသုံးခြင်းဟာ အရိုးတွေရဲ့ ကျန်းမာရေးကို အထောက်အကူ ပြုတယ်လို့ ဆိုပါတယ်။ ကော်လာဂျင်ဆိုတာ အရိုးထဲမှာ တွေ့ရတဲ့ ပရိုတင်းတစ်မျိုးဖြစ်ပါတယ်။ ကော်လာဂျင်မှာ ဂလိုင်ဆင်း၊ ပရိုလင်းနဲ့ လိုင်စင်းစတဲ့ အမိုင်နိုအက်ဆစ်များ ပါဝင်ပြီး အရိုး၊ ကြွက်သား၊ အရွတ်နဲ့ တခြားတစ်ရှူးတွေကို အားဖြည့်တည်ဆောက်ဖို့ ကူညီပေးပါတယ်။

    ၆။ မဂ္ဂနီဆီယမ်နှင့် ဇင့်ကြွယ်ဝသော အစားအစာများ စားသုံးခြင်း

    အရိုးအတွက် အရေးကြီးတဲ့ သတ္တုဓာတ်ဟာ ကယ်ဆီယမ်တစ်မျိုးတည်း မဟုတ်ပါဘူး။ မဂ္ဂနီဆီယမ်နဲ့ ဇင့်ဟာလည်း အရေးကြီးတဲ့ အခန်းက ပါဝင်ပါတယ်။

    မဂ္ဂနီဆီယမ်ဟာဗီတာမင် D ကို ပုံစံပြောင်းပေးပြီး ကယ်လ်ဆီယမ်စုပ်ယူမှုကို အားကောင်းအောင် ကူညီပါတယ်။ သုတေသနတစ်ခုအရ မဂ္ဂနီဆီယမ်ကို တနေ့ ၄၀၀ မီလီဂရမ်စားသုံးသူများဟာ အရိုးသိပ်သည်းဆ ပိုမိုအားကောင်းစေတယ်လို့ ဆိုပါတယ်။

    မဂ္ဂနီဆီယမ်ဟာ အစားအစာတိုင်းမှာ နည်းနည်းစီပါဝင်ပါတယ်။ မဂ္ဂနီဆီယမ် ကြွယ်ဝတဲ့ စားစရာတွေကတော့အနက်ရောင်ချောကလက်၊ သစ်ကြားသီး၊ ထောပတ်သီး၊ ပဲအမျိုးမျိုး၊ တို့ဖူး၊ ငှက်ပျောသီး စတာတွေ ဖြစ်ပါတယ်။

    ဇင့်ဟာ အရိုးများဖွဲ့စည်းဖြစ်ပေါ်ခြင်းကို အားပေးပါတယ်။ ဇင့်ဓာတ်ပါဝင်တဲ့ အစားအစာများကတော့ အမဲသား၊ ဟင်းနုနွယ်၊ ပုဇွန်၊ နှမ်းကြတ်စေ့၊ ကမာ၊ ဖရုံစေ့ စတာတွေ ဖြစ်ပါတယ်။

    ၇။ Omega-3 fatty acid များပြားသော အစားအစာများ စားသုံးခြင်း

    Omega-3 fatty acid ဟာ ရောင်ရမ်းမှုကို ကျဆင်းစေတဲ့ အာနိသင်ရှိတယ်လို့ သိထားကြပါတယ်။ အသက်အရွယ်ကြီးရင့်လာသူတွေမှာ အရိုးဆဲလ်များ လွယ်လင့်တကူ ပျက်စီးခြင်းက ကာကွယ်ပေးပါတယ်။ အဆီများတဲ့ငါးတွေက ရရှိသလို ပင်ပွားစေ့၊ သစ်ကြားသီး၊ နှမ်းကြတ်စေ့ စတဲ့ အစေ့အဆန်များကလည်း ရရှိနိုင်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement