home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ပုံရိပ်ဖော်နည်းပညာများကို COVID-19 ရောဂါရှာဖွေရေးတွင်အသုံးပြုခြင်း

ပုံရိပ်ဖော်နည်းပညာများကို COVID-19 ရောဂါရှာဖွေရေးတွင်အသုံးပြုခြင်း

ဒီနေ့အထိ ကမ္ဘာ့လူဦးရေ ၅ သန်းခွဲကျော်မှာ COVID-19 ရောဂါ ကူးစက်ခံထားရပါပြီ။ ရောဂါအသစ်အဆန်းတစ်ခု ဖြစ်တဲ့အပြင် ကူးစက်နှုန်းလည်းမြန်ဆန်လွန်းတာကြောင့် ရောဂါကိုထိန်းချုပ်ဖို့ တစ်ကမ္ဘာလုံး အသည်းအသန် ကြိုးပမ်းနေရဆဲပါ။ COVID-19 လို ကူးစက်မြန်ရောဂါပိုးတွေကို ထိန်းချုပ်ရေးမှာ ရောဂါရှိမရှိ အချိန်တိုအတွင်း စစ်ဆေးသိရှိပြီး လိုအပ်တဲ့ ကြပ်မတ်ကုသမှုတွေပေးဖို့က အဓိကကျပါတယ်။

ဒါ့ကြောင့် သွေးစစ်ခြင်း၊ နှာခေါင်းတို့ဖတ်နမူနာယူပြီး စစ်ဆေးခြင်းနည်းတွေ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲပြီး ရောဂါရှိသူတွေကို လျင်လျင်မြန်မြန် ရှာဖွေဖော်ထုတ်နိုင်အောင် ကြိုးစားနေကြတာပဲဖြစ်ပါတယ်။ နောက်ပြီး COVID-19 ရောဂါက အဆုတ်နဲ့တခြားကိုယ်တွင်းကလီစာတွေကိုပါ တိုက်ခိုက်တဲ့အတွက် ရင်ဘတ်ဓာတ်မှန်နဲ့ ကွန်ပြူတာဓာတ်မှန်လို ပုံရိပ်ဖော်နည်းပညာတွေကိုပါ ရောဂါရှာဖွေ အတည်ပြုတဲ့နေရာမှာ အထောက်အကူဖြစ်စေဖို့ တစ်ဖက်တစ်လမ်းက အသုံးပြုလျက်ရှိပါတယ်။

ရင်ဘတ်ဓာတ်မှန် (X-ray)

အဆုတ်နဲ့ပတ်သက်တဲ့ ရောဂါအတော်များများကို ရောဂါရှာဖွေအတည်ပြုဖို့အတွက် ရင်ဘတ်ဓာတ်မှန်ရိုက်ဖို့ လိုအပ်လေ့ရှိပါတယ်။ COVID-19 ကလည်း ပြင်းထန်ကူးစက်အဆုတ်ရောင်ရောဂါကို ဖြစ်စေတာမို့ ရောဂါရှာဖွေတဲ့အဆင့်မှာ ရင်ဘတ်ဓာတ်မှန်ကို အသုံးပြုနိုင်ပါတယ်။ COVID-19 ရောဂါအစောပိုင်းအဆင့်မှာ ရင်ဘတ်ဓာတ်မှန်အဖြေတွေက ပုံမှန်ဖြစ်နေနိုင်ပေမဲ့ ရောဂါဆိုးလာရင်တော့ နမိုးနီးယားအဆုတ်ရောင်ရောဂါ (ဒါမှမဟုတ်) ရုတ်တရက်အသက်ရှုမဝဖြစ်တဲ့ရောဂါမှာ တွေ့ရတဲ့ပုံစံမျိုးတွေ မြင်ရနိုင်ပါတယ်။

COVID-19 ရောဂါဖြစ်ပွားတဲ့သူတွေရဲ့ ဓာတ်မှန်အဖြေတွေကို လေ့လာကြည့်တဲ့အခါမှာလည်း ဒီလိုအခြေအနေတွေ တွေ့ရှိရပါတယ်

– အဆုတ်နှစ်ဖက်စလုံးရဲ့ လေအိတ်ကလေးများတွင် အရည်များပြည့်နေခြင်း (သို့မဟုတ်) ရောင်ရမ်းမှုများကြောင့် ထွက်ရှိလာသည့်ဓာတ်များနှင့် ပြည့်နေခြင်း

– အဆုတ်နှင့် ရင်ဘတ်ကြွက်သားများကြားတွင် ပုံမှန်မဟုတ်ဘဲ အရည်များပြည့်လာခြင်း

ကွန်ပျူတာဓာတ်မှန် (CT)

ရိုးရိုးဓာတ်မှန်ရိုက်တာထက် ပိုအဆင့်မြင့်တဲ့ နည်းပညာဖြစ်တာမို့ ဓာတ်မှန်လှိုင်းတွေကို အသုံးပြုပြီး ပိုအသေးစိတ်ကျတဲ့ ပုံရိပ်တွေထုတ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် COVID-19 ရောဂါရှာဖွေတဲ့နေရာမှာလည်း ရိုးရိုးဓာတ်မှန်ထက် ပိုအသုံးဝင်ပါတယ်။ COVID-19 ရောဂါကို ကွန်ပြူတာဓာတ်မှန်ရိုက်ကူးတဲ့အခါ အောက်ပါပုံစံတွေနဲ့ တွေ့မြင်ရနိုင်ပါတယ်

အဆုတ်လေအိတ်လေးများတွင် ပုံမှန်မဟုတ်သော အရည်များပြည့်နေခြင်း၊ အဆုတ်လေပြွန်များ ပျက်စီးနေခြင်း

– အဆုတ်ရဲ့ အနားသတ်ပိုင်းနှင့် အောက်ဖက်ပိုင်းများတွင် ပုံမှန်မဟုတ်သော အခြေအနေများ တွေ့ရှိရခြင်း

ကန့်သတ်ချက်များ

ရင်ဘတ်ဓာတ်မှန်နဲ့ ကွန်ပျူတာဓာတ်မှန်နည်းတွေ အသုံးပြုတဲ့အခါ တခြားသတိထားစရာအချက်တွေလည်းရှိ ပါသေးတယ်၊ ဒါတွေကတော့

– ရင်ဘတ်ဓာတ်မှန်တစ်မျိုးတည်းသုံးပြီး တခြားတုပ်ကွေးရောဂါတွေနဲ့ COVID-19 ရောဂါကို ကွဲကွဲပြားပြားမသိရှိနိုင်ခြင်း

– တချို့ COVID-19 ဝေဒနာရှင်တွေမှာ ရောဂါပိုးရှိပေမဲ့ ဓာတ်မှန်ရိုက်တဲ့အခါ ပုံမှန်အတိုင်းဖြစ်နေခြင်း

– COVID-19 ရောဂါက လူတစ်ယောက်ကနေ တစ်ယောက်ကို လျင်လျင်မြန်မြန် ကူးစက်နိုင်တဲ့အတွက် ဓာတ်မှန်၊ ကွန်ပြူတာဓာတ်မှန်ရိုက်ကူးရင်း တခြားသူများပါ ရောဂါကူးစက်သွားနိုင်ခြင်း တို့ဖြစ်ပါတယ်။

COVID-19 ရောဂါအတွက် ပုံရိပ်ဖော်နည်းပညာများနှင့် Swab Test စစ်ဆေးမှု (တို့ဖတ်နမူနာယူစစ်ဆေးမှု) ကိုနှိုင်းယှဉ်ကြည့်ခြင်း

အခုချိန်ထိ COVID-19 ရောဂါကို ရှာဖွေအတည်ပြုတဲ့နေရာမှာ နှာခေါင်းထဲ (ဒါမှမဟုတ်) အာခေါင်ထဲကနေတစ်ဆင့် တို့ဖတ်နမူနာယူပြီးစစ်ဆေးတဲ့ Swab Test နည်းကပဲ စိတ်အချရဆုံးဖြစ်နေဆဲပါ။ ဒီနည်းတွေမှာရလာတဲ့ နမူနာတွေကို PCR နည်းပညာနဲ့စစ်ဆေးပြီး ဗိုင်းရပ်စ်ပိုး RNA ကိုရှာဖွေတာဖြစ်ပါတယ်။ လက်ရှိ COVID-19 ရောဂါစစ်ဆေးမှုတွေထဲမှာ အမှားအနည်းဆုံးနည်းလည်းဖြစ်ပါတယ်။ COVID-19 ရောဂါ ရှာဖွေရေးမှာ ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်းနဲ့ ကွန်ပြူတာ ဓာတ်မှန် CT scan နည်းပညာတွေ အသုံးပြုနိုင်ပေမဲ့ ရောဂါအစောပိုင်းအဆင့်မှာ ရှာဖွေတွေ့ ရှိဖို့မလွယ်ပါဘူး။ နောက်ပြီး ထူးခြားတဲ့အခြေအနေတွေတွေ့ရှိရင်တောင် COVID-19 ရောဂါလား၊ တခြားအဆုတ်ရောဂါတွေလားဆိုတာ ခွဲခြားဖို့လည်း ခက်ခဲပါတယ်။ ဒါ့ကြောင့် ပုံရိပ်ဖော်နည်းပညာတွေကို အစောပိုင်း ရောဂါရှာဖွေအတည်ပြုတဲ့ အဆင့်တွေမှာ မသုံးသင့်ဘဲ Swab Test စစ်ဆေးနည်း (တို့ဖတ်နမူနာယူ စစ်ဆေးနည်း)ကိုပဲ အဓိကအသုံးပြုနေတာဖြစ်ပါတယ်။

ရေးသားသူ – Dr. Htoo Tint

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thiha Phyo Myint မှ ရေးသားသည်။ 05/06/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။