ခန္ဓါကိုယ်မှာရောဂါတစ်ခုခုခံစားရပြီဆိုရင် ရုပ်ပိုင်းဆိုင်ရာမှာရော စိတ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်တာတွေရှိလာနိုင်ပါတယ်။ ဒါကြောင့်ရောဂါတွေကို မဖြစ်အောင်ကာကွယ်တာက အကောင်းဆုံးဖြစ်မှာပါ။ရောဂါတစ်ခုကို ကာကွယ်တယ်ဆိုတဲ့နေရာမှာလည်း ရောဂါဖြစ်စေနိုင်တဲ့ အနေအထားတွေနဲ့ရောဂါလက္ခဏာတွေကို သိထားဖို့လိုပါမယ်။ ဒီတစ်ခေါက်တော့ Alzheimer’s ရောဂါအကြောင်းလေးဖော်ပြပေးပါရစေနော်။
Alzheimer’s (ဦးနှောက်လုပ်ဆောင်ပုံများ ချို့ယွင်းလာသည့်ရောဂါ) ဆိုတာ
အယ်လ်ဇိုင်းမားရောဂါဆိုတာက မှတ်ဉာဏ်နဲ့အခြားစိတ်ပိုင်းဆိုင်ရာအရေးပါတဲ့ လုပ်ဆောင်ချက်တွေကို ထိခိုက်ပျက်စီးစေနိုင်တဲ့ရောဂါတစ်မျိုးပါ။ အစပိုင်းမှာတော့ အယ်လ်ဇိုင်းမားရောဂါလက္ခဏာတွေက အရမ်းမပြင်းထန်ပါဘူး။ သိပြီးသားအရာတစ်ခုခုကို မှတ်မိဖို့ခက်ခဲတာလောက်ပဲဖြစ်နိုင်ပါတယ်။ တဖြည်းဖြည်းချင်းနဲ့ အနေအထိုင်အပြုအမူက အရင်ကနဲ့မတူဘဲပြောင်းလဲလာတာမျိုးဖြစ်လာနိုင်ပါတယ်။ ဘဝရဲ့ အရေးပါတဲ့နေ့တွေ၊ အရေးပါတဲ့သူတွေကိုမေ့လျော့သွားတာမျိုးတွေဖြစ်လာနိုင်ပါတယ်။
အယ်လ်ဇိုင်းမားရောဂါက အသိဉာဏ်ပညာပိုင်းဆိုင်ရာနဲ့ လူမှုဆက်ဆံရေးဆိုင်ရာ စွမ်းရည်တွေကိုလျော့နည်းလာစေတဲ့ ဦးနှောက်ထိခိုက် ချို့ယွင်းမှုဖြစ်စေတဲ့Dementiaရောဂါစုရဲ့ အဖြစ်အများဆုံးသောရောဂါတစ်မျိုးပါ။ အယ်လ်ဇိုင်းမားရောဂါ ခံစားရတဲ့အခါ ဦးနှောက်တွင်းဆဲလ်တွေရဲ့ လုပ်ဆောင်မှုတွေကျဆင်းလာစေပြီး ပျက်စီးသွားတာပါ။ ဒီလိုအခြေအနေကြောင့် မှတ်ဉာဏ် တွေပျောက်ဆုံးပျက်စီးလာပြီး စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေဖြစ်လာတာပါ။
အယ်လ်ဇိုင်းမားရောဂါက မှတ်ဉာဏ်၊ စဉ်းစားဆင်ခြင်နိုင်စွမ်း နဲ့ အပြုအမူတွေမှာ ထိခိုက်လာစေနိုင်တဲ့ရောဂါတစ်မျိုးပါ။ အစပိုင်းမှာရောဂါလက္ခဏာတွေကဖြည်းဖြည်းချင်းဖြစ်လာတာဖြစ်ပြီး အချိန်ကြာလာတာနဲ့ အမျှပိုဆိုးလာနိုင်ပါတယ်။နေ့စဉ်လုပ်ဆောင်မှုတွေအပေါ်မှာ ထိခိုက်လာပြီဆိုရင်တော့ရောဂါအခြေအနေကတော်တော်လေးဆိုးနေပြီလို့ပြောပါရစေ။
အစောပိုင်းလက္ခဏာတွေက
Alzheimer’s (အယ်လ်ဇိုင်းမား) ရောဂါဖြစ်လာတဲ့အခါ –
- အပြုအမူတွေပြောင်းလဲလာမယ်
- စိတ်ရှုပ်ထွေးမယ်
- ဘဝအတွက်အရေးကြီးတဲ့အရာတွေကိုမေ့လျော့လာမယ်
- ရင်းနှီးကျွမ်းဝင်ပြီးသားအရာတွေကို မမှတ်မိတာမျိုးဖြစ်လာမယ်
- သွားနေကျလမ်းတွေကို မမှတ်မိတော့တာမျိုးဖြစ်လာမယ်
- အရောင်တွေကို မသဲကွဲဘူးဖြစ်လာမယ်
- အမြင်အာရုံဝေဝါးလာမယ်
- ခေါင်းလျှော်ဖို့မေ့တာလိုမျိုး တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်ရမှာတွေကိုမေ့လျော့လာမယ်။
အယ်လ်ဇိုင်းမားဖြစ်စေနိုင်တဲ့အချက်တွေက
Alzheimer’s (အယ်လ်ဇိုင်းမား) ဖြစ်စေနိုင်တဲ့အချက်တွေက
- အသက်အရွယ်ကြီးရင့်လာမှု (အသက် ၆၅ နှစ်ကျော်လာသူတွေမှာ အဖြစ်များပါတယ်)
- မျိုးရိုးရှိတာ
- Down syndromeရောဂါရှိနေတာ
- အမျိုးသမီးဖြစ်နေတာ ( အမျိုးသမီးတွေက အမျိုးသာတွေထက် အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေပိုများပါတယ်)
- mild cognitive impairment (MCI) ခံစားနေရတာ
- ကိုယ်လက်လှုပ်ရှားမှုမရှိတာ
- အဝလွန်ေနတာ
- ဆေးလိပ်သောက်တာ၊ တဆင့်ခံဆေးလိပ်ငွေ့ထိတွေ့နေတာ
- သွေးတိုးရောဂါရှိတာ
- သွေးတွင်းကိုလက်စထရောများနေတာ
- အမျိုးအစား-၂ ဆီးချိုရောဂါခံစားနေရပြီးသေချာဂရုစိုက်မှုမရှိတာ
- သစ်သီးတွေနဲ့ဟင်းသီးဟင်းရွက်တွေစားသုံးမှုနည်းတာ
အခုလက်ရှိအချိန်အထိ အယ်လ်ဇိုင်းမားရောဂါကို ကုသနိုင်တဲ့ နည်းလမ်းမရှိပါဘူး။ရောဂါအခြေအနေကို ထိန်းသိမ်းထားရုံပဲလုပ်ဆောင်နိုင်သေးတာပါ။ ဒါကြောင့်နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုလေးတွေလုပ်၊ ငါးနဲ့ ဟင်းသီးဟင်းရွက်တွေကို မျှတအောင်စားသုံးပြီး အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်လိုက်ပါ။ အားလုံးကျန်းမာပျော်ရွှင်တဲ့ ဘဝကိုပိုင်ဆိုင်နိုင်ကြဖို့ တိုက်တွန်းအပ်ပါတယ်။
[embed-health-tool-bmi]