backup og meta

ဆယ်ကျော်သက် နဲ့ ခေါင်းကိုက်ဝေဒနာ၊ ဘာတွေသိထားသင့်သလဲ


Yun Sandi Nan Mon မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆယ်ကျော်သက် နဲ့ ခေါင်းကိုက်ဝေဒနာ၊ ဘာတွေသိထားသင့်သလဲ

    ခေါင်းကိုက်တယ်ဆိုတာ လုပ်ငန်းခွင်ဝင်နေတဲ့ လူကြီးတွေမှာပဲ ဖြစ်တတ်တယ်ထင်နေပါသလား။ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာလည်း အဖြစ်များတဲ့ဝေဒနာတစ်ခုပါ။ ကလေးဘဝကနေမြီးကောင်ပေါက်အရွယ်ကို ချဉ်းနင်းဝင်ရောက်လာချိန်မှာခေါင်းကိုက်ဝေဒနာခံစားရနိုင်ခြေ ပိုများလာလေ့ရှိပါတယ်။ သုတေသနတွေအရဆိုယောကျာ်းလေးတွေဟာ လူပျိုဖော်မဝင်ခင်မှာ မိန်းကလေးတွေထက်ခေါင်းကိုက်ဝေဒနာခံစားရနိုင်ခြေပိုများပါတယ်။ ဒါပေမယ့် ပျိုဖော်ဝင်ကာစအချိန်နောက်ပိုင်းမှာတော့ မိန်းကလေးတွေက ပိုခေါင်းကိုက်လေ့ရှိပါတယ်။ သိပ်တော့မပြင်းထန်ပေမယ့် ဆယ်ကျော်သက် ၁၀ယောက်မှာ ၈ယောက်လောက်က တစ်လကိုအနည်းဆုံးတစ်ကြိမ်တော့ခေါင်းကိုက်ဝေဒနာခံစားရပါတယ်။

    ကလေးတွေခေါင်းကိုက်နေတဲ့အချိန်ဆို ဦးနှောက်အကျိတ်များဖြစ်နေလား၊ ဘာရောဂါများဖြစ်နေလဲဆိုပြီး မိဘတွေစိတ်ပူကြတာ သဘာဝပါ။ ဒါပေမယ့်ခေါင်းကိုက်ခြင်းအများစုဟာ အအေးမိ၊ တုပ်ကွေးတို့လိုရောဂါအခြေအနေတွေအတွက်တင်မကဘဲနေထိုင်မှုပုံစံ၊ စိတ်ဖိစီးမှုတွေရဲ့နောက်ဆက်တွဲအဖြစ်နဲ့ ခံစားရတာတွေပါ။

    ဘာကြောင့်ခေါင်းကိုက်တာလဲ

    ဆယ်ကျော်သက်အရွယ်မှာ အဖြစ်များတဲ့ခေါင်းကိုက်ခြင်းက နှစ်မျိုးရှိတယ်။ မြီးကောင်ပေါက်အရွယ် အပြောင်းအလဲတွေကြောင့် စိတ်ဖိစီးမှုတွေ၊ ပညာရေးကြောင့် ပူပန်မှုတွေ လိုမျိုး စိတ်ထဲက ဖိစီးလေးလံမှုတွေကြောင့်ဖြစ်လာတဲ့ခေါင်းကိုက်ခြင်းအမျိုးအစားရယ်၊ တခြားလက္ခဏာတွေနဲ့ပါ နေမကောင်းဖြစ်စေတဲ့ခေါင်းတစ်ခြမ်းကိုက်ခြင်းရယ်ဖြစ်ပါတယ်။ ဘာကွာလဲဆိုတော့ ခေါင်းတစ်ခြမ်းကိုက်ရင် မအီမသြာဖစ်တာ၊ ပျို့အန်တာတွေဖြစ်စေနိုင်ပေမယ့် ဖိစီးမှုကြောင့်ခေါင်းကိုက်ရင်တော့ ဒီလက္ခဏာတွေမခံစားရတတ်ပါဘူး။

    သူတို့ကို မူလရင်းမြစ်ခေါင်းကိုက်ဝေဒနာ (Primary headache) လို့ခေါ်ပါတယ်။ရောဂါအကြောင်းရင်းခံတစ်ခုခုကြောင့်မဟုတ်တဲ့ခေါင်းကိုက်ခြင်းကိုဆိုလိုတာပါ။ ဘယ်လိုလက္ခဏာတွေကို ခံစားရနိုင်လဲဆိုတော့ –

    • ဖိစီးမှုကြောင့်ခေါင်းကိုက်ခြင်း –ဦးခေါင်းပတ်လည်မှာ တင်းကျပ်ကျပ်ကြီးခံစားရမယ်၊ခေါင်းထဲအုံခဲနေတာမျိုး၊ နားထင်နှစ်ဖက်မှာတောက်လျှောက်ခေါင်းကိုက်နေတာမျိုးဖြစ်နိုင်ပါတယ်။ ဦးခေါင်းအရှေ့နဲ့အနောက်ခြမ်းမှာလည်း ခံစားရနိုင်ပါတယ်။
    • ခေါင်းတစ်ခြမ်းကိုက်ခြင်း –ခေါင်းတစ်ခြမ်းမှာပဲ တဒုတ်ဒုတ်နဲ့ထိုးကိုက်နေတာမျိုးဖြစ်နိုင်ပါတယ်။ခေါင်းတစ်ခြမ်းကိုက်ပြီဆိုခေါင်းမူးခြင်း၊ မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်း၊ အမြင်အာရုံမကြည်လင်ခြင်းတို့ပါ ခံစားရတတ်ပါတယ်။ခေါင်းတစ်ခြမ်းကိုက်ခြင်းအများစုက မိနစ် ၃၀ ကနေ ၆ နာရီအထိ ကြာမြင့်တတ်ပါတယ်။ တချို့မှာဆို တစ်ရက်နှစ်ရက်ကြာအောင်ခံစားရနိုင်တယ်။ လူက ထပြီးလှုပ်ရှားလိုက်ရင်၊ အလင်းရောင်နဲ့ထိတွေ့ရင်၊ အနံ့၊ အသံတို့ကြောင့်လည်း ပိုဆိုးတတ်ပါတယ်။

    ခေါင်းကိုက်ခြင်းနောက်တစ်မျိုးကတော့ secondary headache လို့ခေါ်တဲ့ တဆင့်ခံရင်းမြစ်ခေါင်းကိုက်ဝေဒနာ ဖြစ်ပါတယ်။ တုပ်ကွေးဖျားနြာခင်းကြောင့် ခေါင်းကိုက်တာလိုမျိုး ခန္ဓါကိုယ်ထဲမှာဖြစ်နေတဲ့ ရောဂါအခံတစ်ခုခုကြောင့်ဖြစ်လာတဲ့ခေါင်းကိုက်ခြင်းအမျိုးအစားပါ။ တဆင့်ခံရင်းမြစ်ကြောင့်ခေါင်းကိုက်ခြင်းမှာ ပိုဆိုးတာက ရင်းမြစ်ရောဂါမသက်သာမချင်း နာတာရှည်လိုခေါင်းကိုက်တတ်တာပါ။ အအေးမိတာ၊ ထိပ်ကပ်နာ၊ နားပိုးဝင်ခြင်းတို့လိုရောဂါပိုးကြောင့်ဖြစ်တဲ့နာမကျန်းမှုတွေမှာခေါင်းကိုက်ခြင်းကိုခံစားရနိုင်ပါတယ်။ဖြစ်ခဲပေမယ့် ဒီခေါင်းကိုက်ခြင်းအမျိုးအစားက ဦးနှောက်အကျိတ် ဒါမှမဟုတ် ဦးခေါင်းခွံအတွင်းသွေးယိုခြင်းတို့ကြောင့်လည်းဖြစ်နိုင်ခြေရှိပါတယ်။

    ဆယ်ကျော်သက်တချို့မှာဟော်မုန်းအပြောင်းအလဲတွေကြောင့်လည်းခေါင်းကိုက်စေနိုင်တယ်။ ဥပမာ မိန်းကလေးတွေရာသီလာကာနီးမှာခေါင်းကိုက်တာမျိုး။ရောဂါအကြောင်းရင်းခံကြောင့်ခေါင်းကိုက်တဲ့အခါ အဲဒီအကြောင်းရင်းကိုကုသလိုက်ရင် အလိုလိုသက်သာသွားနိုင်ပေမယ့် ဖိစီးမှုကြောင့်ဆိုရင်တော့ ဒီအချက်တွေသိထားဖို့လိုပါတယ်။ ဖိစီးမှုကြောင့်ခေါင်းမကိုက်စေဖို့ ဖတ်ကြည့်ထားလိုက်နော် –

    • အနားယူပါ –ကျောင်းနဲ့ကျူရှင်၊ ကစားချိန်၊ နားချိန်တွေကြားမှာသေချာစီမံခန့်ခွဲပါ။ကျောင်းတက်၊ ကျူရှင်ဆက်တက်၊ အိမ်ရောက်တာနဲ့ရေမိုးချိုး၊စားသောက်၊ စာထိုင်ကျက်၊ အိပ်ရာဝင် စတဲ့ လုပ်ငန်းစဉ်တွေထဲပြေးလွှားနေရတဲ့ ကလေးတွေမှာ နားချိန်လုံလောက်ဖို့လည်းလိုပါတယ်။
    • အာဟာရညီညွတ်မျှတသင့်ပါတယ် – ကျောင်းအစောကြီးသွားရလို့မနက်စာမစားတာ၊နေ့လယ်စာနောက်ကျတာ၊ ကျန်းမာရေးနဲ့မညီတာတွေစားတာကခေါင်းကိုက်စေနိုင်ပါတယ်။
    • အိပ်ရေးဝအောင်အိပ်ပါအီလက်ထရောနစ်ပစ္စည်းတွေသိမ်းပြီး အချိန်မှန်အိပ်ရာဝင်ပါ။ စာကျက်ချိန်ဆိုလည်း ညဉ့်နက်ချိန်ထိစာလုပ်ပြီး မနက်အစောကြီးထရတာမျိုးဆို ကျန်းမာရေးအတွက်မကောင်းပါဘူး။ ရှိသင့်တဲ့အိပ်ချိန်ကို သတ်မှတ်ထားပါ။
    • အယ်လ်ကိုဟောနဲ့ မူးယစ်ဆေးတွေလုံးဝမသုံးပါနဲ့ –ဆယ်ကျော်သက်အရွယ်က အတတ်စမ်းတဲ့အရွယ်မို့ အရက်၊ဘီယာတွေနဲ့ မူးယစ်ဆေးအန္တရာယ်ကို စမ်းသုံးကြမှာစိုးရိမ်ရပါတယ်။ ကျန်းမာရေးဆိုးကျိုးတွေမခံစားချင်ရင် ဘာကြောင့်ပဲဖြစ်ဖြစ် ဒါတွေကိုရှောင်ပါ။
    • ကိုယ်လက်လှုပ်ရှားမှုရှိပါစေ –လှုပ်လှုပ်ရှားရှားနေခြင်းက စိတ်ဖိစီးမှုကိုလျော့စေပြီးကောင်းကောင်းအိပ်ပျော်နိုင်ပါလိမ့်မယ်။
    • မျက်စိလေ့ကျင့်ခန်းလုပ်ပါ – မျက်စိညောင်းခြင်းကခေါင်းကိုက်စေနိုင်တယ်။ ကွန်ပျူတာဖြစ်ဖြစ်၊ ဖုန်းဖြစ်ဖြစ် စိုက်ကြည့်တာများသွားရင် မျက်စိကို ခဏအနားပေးဖို့အရေးကြီးပါတယ်။ မျက်ကြောအညောင်းသက်သာစေဖို့ မိနစ် ၂၀လောက်ကြာတိုင်း အဝေးကို ခဏကြည့်ပေးပါ။

    Tension headache ကို အလွယ်တကူဝယ်လို့ရတဲ့ အကိုက်အခဲပျောက်ဆေးတွေနဲ့ ကုသသက်သာစေနိုင်ပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်ပြရမလဲ

    တကယ်လို့ ဒီလက္ခဏာတွေရှိလာရင် ဆရာဝန်အမြန်ဆုံးပြသင့်ပါတယ် –

    • ခေါင်းကိုက်ပိုပြင်းထန်လာတာ
    • တစ်ပတ်ကို တစ်ကြိမ်မကခေါင်းကိုက်တာ
    • ခေါင်းကိုက်လို့ အိပ်ရာကနိုးလာတာ ဒါမှမဟုတ် အိပ်ရာထမှာ ပိုဆိုးနေတာ
    • ခေါင်းကိုက်လို့ မျက်စိအမြင်အာရုံတွေပါ ကြည့်မကောင်းတော့တာ၊ ပျို့အန်တာ၊ အဖျားတက်တာ
    • ခေါင်းကိုက်ခြင်းကြောင့် ကျောင်းမှာ၊ အိမ်မှာ၊ပေါင်းသင်းဆက်ဆံရေးတွေမှာပါ အနှောင့်အယှက်ဖြစ်လာတာဆို ဒီအတိုင်းမထားပါနဲ့။

    ဒါပေမယ့် မိဘတွေအနေနဲ့ အဓိကသိထားရမှာက –

    ခေါင်းကိုက်ဝေဒနာဆိုတာ ကလေးတွေမှာ အဖြစ်များတဲ့အရာဖြစ်သလို အများအားဖြင့် စိုးရိမ်ဖို့မလိုတတ်ပါဘူး။ ဒီဝေဒနာကြောင့်ကျောင်းမှာ၊ လှုပ်ရှားမှုတွေ၊ အာရုံစူးစိုက်မှုတွေမှာ ထိခိုက်သက်ရောက်မှုရှိနိုင်ပါတယ်။

    ကလေးကိုခေါင်းကိုက်စေတဲ့အရာတွေကို မှတ်သားထားပြီးရှောင်နိုင်ဖို့ ကြိုးစားပေးလို့ရပါတယ်။ ကျန်းမာရေးနဲ့ညီတဲ့အချိန်မှန်စားသောက်ပုံ၊ အိပ်ချိန်ပြည့်ဝခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကခေါင်းကိုက်ဝေဒနာကာကွယ်ရေးအတွက် အရေးပါပါတယ်။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement