backup og meta

ဝိတ်ချချင်တဲ့ မိန်းကလေးတွေ အစားလျှော့စားဖို့ လိုလား


Ye Myo Myat မှ ရေးသားသည်။ · 24/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝိတ်ချချင်တဲ့ မိန်းကလေးတွေ အစားလျှော့စားဖို့ လိုလား

    မိန်းကလေးတိုင်းကတော့ လှချင်ကြတာပါပဲ။ အသားအရေတင် မကပါဘူး။ ခန္ဓာကိုယ်အချိုးအစား ပြေပြစ်မှ လှတယ်လို့ မိန်းကလေးအများစုကတော့ ခံယူထားကြပါတယ်။ ကိုယ်အလေးချိန်ချဖို့ အစားတွေ လျှော့စားရမယ်။ အဲ့ဒါမှ သွယ်လျလှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရမယ်ဆိုပြီး မှားယွင်းတဲ့ အယူအဆတွေ ထွက်ပေါ်လာပါတယ်။

    မိန်းကလေးဖြစ်စေ၊ ယောက်ျားလေးဖြစ်စေ ကိုယ်အလေးချိန် ကျစေဖို့ အစားလျှော့စားပေးစရာ မလိုပါဘူး။ မှန်ကန်တဲ့ စားသောက်နေထိုင်မှုစနစ်နဲ့ နေ့စဉ် လိုအပ်တဲ့ အစာအာဟာရတွေကို ပြည့်ဝစွာ စားသုံးပေးပါ။ အစားလျှော့စားတဲ့အခါမှာ ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရဓာတ်တွေကို လုံလောက်စွာ မရရှိနိုင်တဲ့အတွက် အချိန်ကြာလာတာနဲ့အမျှ ကျန်းမာရေးပြဿနာတွေ ကြုံလာရမှာပါ။ ဒါကြောင့် ကိုယ်အလေးချိန်လည်း ချချင်တယ်၊ အစားလည်း လျှော့စားစရာမလိုတဲ့ နည်းလမ်းတွေကို ဝေမျှပေးချင်ပါတယ်။

    ၁။ ရေများများသောက်ပါ

    ရေဟာ ကိုယ်ခန္ဓာထဲက ကယ်လိုရီတွေကို လောင်ကျွမ်းစေတယ်။ တစ်နေ့တာ ကုန်ဆုံးသွားတဲ့ ရေဓာတ်ကိုလည်း ပြန်လည်ဖြည့်တင်းပေးနိုင်တာကြောင့် တစ်နေ့ကို အနည်းဆုံး ရေ ၃လီတာခန့် သောက်ပေးဖို့ အရေးကြီးပါတယ်။ ဖျော်ရည်၊ အအေး၊ ကော်ဖီတွေ သောက်မယ့်အစား ရေပဲ များများသောက်ပေးပါ။

    ၂။ တာရှည်ခံအစားအစာတွေ ရှောင်ပါ

    အဆီနဲ့ ကယ်လိုရီတွေ ပိုမိုပါဝင်တဲ့အပြင် သကြားပါဝင်မှုနှုန်းလည်း များတာကြောင့် ကျန်းမာရေးအတွက်ရော အလှအပေရးရာအတွက်ပါ ဂရုစိုက်ချင်သူတွေအနေနဲ့ တာရှည်ခံအစားအစာမျိုးတွေကို ရှောင်သင့်ပါတယ်။

    ၃။ အာဟာရဖြစ်စေတဲ့ အစားအစာတွေကို အဓိက စားပေးပါ

    ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေကို နေ့စဉ်ပုံမှန်စားပေးဖို့ လိုအပ်တဲ့အပြင် အသား၊ ငါး၊ ပင်လယ်စာ၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ အစေ့အဆန်၊ နို့ထွက်ပစ္စည်း အစရှိသဖြင့် နေ့စဉ် အစာအာဟာရပြည့်ဝစုံလင်စွာ စားပေးဖို့ အရေးကြီးပါတယ်။ အာဟာရပြည့်ဝမှုဟာ ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်တဲ့အပြင် ကျန်းမာရေးနဲ့လည်း ညီညွတ်စေတာကြောင့် အစားလျှော့စားမယ့်အစား အာဟာရဖြစ်စေတဲ့ အစားအစာတွေကို ပိုစားပေးပါ။

    ၄။ ဆီ၊ ဆား၊ သကြား လျှော့စားပါ

    အဝလွန်ခြင်းရဲ့ အဓိက တရားခံကတော့ အဆီများတဲ့ အစားအစာတွေ၊ အငန်ဓာတ်၊ အချိုဓာတ်များတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။ ကယ်လိုရီကိုလည်း တက်စေတယ်၊ သွေးတွင်းသကြားဓာတ်ကိုလည်း တိုးစေတယ်။ ဒီလိုအစားအစာတွေကို မကြာခဏစားတဲ့အခါ နှလုံးသွေးကြောကျဉ်းတာ၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါတွေပါ ရနိုင်တဲ့အပြင် လှချင်တဲ့ မိန်းကလေးတွေအတွက်လည်း အဝလွန်စေတာကြောင့် လျှော့စားဖို့ အကြံပေးလိုက်ပါတယ်။

    ၅။ ပမာဏနည်းနည်းနဲ့ များများစားပေးပါ

    တစ်ကြိမ်ထဲနဲ့ အများကြီးစားမယ့်အစား ပမာဏနည်းနည်းနဲ့ အကြိမ်ရေ များများစားပေးတာက ကိုယ်အလေးချိန်ကို ဟန်ချက်ညီစေတဲ့အပြင် ရင်ပြည့်တာ၊ အဝလွန်တာတွေကိုလည်း လျော့ကျစေပါတယ်။ အစားလျှော့စားတာထက် တစ်ခါစားရင် ပမာဏနည်းနည်းနဲ့ အာဟာရဖြစ်စေတဲ့ အစားအစာတွေကို မကြာခဏ စားပေးပါ။

    ၆။ ကြက်ဥစားပါ

    ကြက်ဥဟာ ကယ်လိုရီနည်းပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်းဓာတ်တွေ ပေါကြွယ်ဝစွာပါဝင်ပါတယ်။ တခြားသော အာဟာရတွေလည်း ပါဝင်လို့ ကိုယ်အလေးချိန်ကို ကျစေချင်တဲ့ မိန်းကလေးတွေ ပုံမှန်စားပေးသင့်တဲ့ အစားအစာဖြစ်ပါတယ်။

    ၇။ အိပ်ချိန်မှန်ပါစေ

    အိပ်ချိန်ပြည့်ဝမှုဟာ ကျန်းမာရေးနဲ့ ဆက်စပ်နေတဲ့အပြင် ကိုယ်အလေးချိန် ဟန်ချက်ညီစေမှုအပေါ်မှာပါ သက်ရောက်မှုရှိပါတယ်။ ငယ်စဉ်ကတည်းက တစ်နေ့ကို အိပ်ချိန် ၇နာရီကနေ ၈နာရီကြားရှိတဲ့ ကလေးတွေ ကြီးလာတဲ့အခါမှာ အဝလွန်ရောဂါ ဖြစ်လာနိုင်ခြေကို သိသိသာသာ လျော့ကျစေတာကို တွေ့ရပါတယ်။

    ၈။ အမျှင်ဓာတ်ပါတဲ့ အစားအစာတွေ စားပေးပါ။

    အမျှင်ဓာတ်ဟာ အစာကြေ ရင်ချောင်စေပြီး ဝမ်းမှန်စေတယ်။ ခန္ဓာကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းတွေကို ကောင်းစွာ အလုပ်လုပ်နိုင်စေဖို့ အထောက်အကူပေးနိုင်ပါတယ်။ အမျှင်ဓာတ်ဟာ ဗိုက်ပြည့်စေပြီး အစာမကြာခဏစားချင်စိတ်ကို လျှော့ချပေးနိုင်တာကြောင့် ကိုယ်အလေးချိန်ထိန်းချင်တဲ့ မိန်းကလေးတွေအတွက် အဆင်ပြေစေပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေမှာ အမျှင်ဓာတ်အများဆုံး ပါဝင်ပါတယ်။

    ၉။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ။

    အစာအာဟာရကို သေချာဂရုစိုက်ပြီး စားပေးဖို့ အရေးကြီးတဲ့အပြင် ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ဖို့ကိုလည်း မေ့လို့ မဖြစ်ပါဘူး။ gym သွားဖို့ အချိန်မပေးနိုင်ဘူးဆိုရင်တောင် မနက်ခင်း လမ်းလျှောက်တာ၊ ပြေးတာ၊ ရေကူးတာ၊ စက်ဘီးစီးတာ အစရှိတဲ့ ကိုယ်ကာယလေ့ကျင့်ခန်းတွေ ပြုလုပ်ပေးခြင်းဖြင့် အဝလွန်တာကို ကာကွယ်ပေးနိုင်တဲ့အပြင် ကိုယ်အလေးချိန်ကိုပါ ဟန်ချက်ညီစေပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 24/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement