backup og meta

ရေသောက်နည်းလို့ ခန္ဓာကိုယ်မှာဖြစ်လာမယ့် အချက်ပြလက္ခဏာ (၇) ခု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 27/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရေသောက်နည်းလို့ ခန္ဓာကိုယ်မှာဖြစ်လာမယ့် အချက်ပြလက္ခဏာ (၇) ခု

    ရေသောက်ပါ၊ ရေသောက်ပါလို့ အမြဲတိုက်တွန်းရတဲ့အကြောင်းရင်းက ရှိပါတယ်နော်။ တစ်ရက်မပြောနဲ့၊ တစ်မနက်လောက် ရေမသောက်ဘဲနေလိုက်ရင်ကို နေလို့မကောင်းတာ သတိထားမိတယ်မလား။ ဒီတစ်ခေါက်တော့ ရေသောက်နည်းလို့ ခန္ဓာကိုယ်မှာဖြစ်လာမယ့် အချက်ပြလက္ခဏာ တွေအကြောင်း ပြောပြပေးချင်ပါတယ်။

    တစ်နေ့ကို ရေဘယ်လောက်သောက်ရမလဲ

    တစ်နေ့ကို အနည်းဆုံး ရေ (၈) ခွက်တော့ သောက်သုံးသင့်တယ်လို့ ကျန်းမာရေးအကြံပြုချက်တွေ ရှိထားပြီးသားပါ။ ဒါပေမယ့် အလုပ်မအားလို့၊ မေ့နေလို့၊ ရေမဟုတ်တဲ့ တခြားသောက်စရာတွေ သောက်နေလို့ (ရေသောက်စရာမလိုဘူးထင်နေတာ) ဆိုရင် ရေဓာတ်လုံလောက်နိုင်မှာမဟုတ်ပါဘူး။

    ခန္ဓာကိုယ် ကျန်းမာဖို့ လိုအပ်တဲ့ ရေဓာတ်ကို ပြည့်ပြည့်ဝဝမရရှိဘူးဆိုရင် အချိန်ကြာလာနဲ့အမျှ ချို့ယွင်းမှုတွေဖြစ်လာနိုင်တယ်၊ ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေကို ထိခိုက်စေပြီး နုံးတာ၊ နေလို့ မကောင်းတာ၊ ခေါင်းကိုက်တာ၊ ကြွက်သားတွေနာတာ၊ ဆီးလမ်းကြောင်း ကျောက်တည်တာ စတဲ့ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

    ဒီတော့ ကိုယ်ရေသောက်နည်းနေတာကို သတိမထားမိရင် ပြဿနာရှိတယ်လေ။ တကယ်လို့ ကိုယ့်မှာ ဒီလက္ခဏာတွေဖြစ်လာရင်တော့ ရေသောက်နည်းနေပြီ၊ ခန္ဓာကိုယ်မှာ ရေဓာတ်လိုအပ်နေပြီလို့ သိလိုက်ပါတော့

    ရေသောက်နည်းလို့ ခန္ဓာကိုယ်မှာဖြစ်လာမယ့် အချက်ပြလက္ခဏာ (၇) ခု

    (၁) အာခေါင်တွေ ခြောက်မယ်

    ဒါက သိတော့သိသာပါတယ်။ ဒါပေမယ့် တခါတလေ အာခေါင်ခြောက်တာ၊ ပါးစပ်ထဲ စေးကပ်ကပ်ဖြစ်တာမျိုးကို ရေမသောက်ဘဲ အချိုရည်တွေ၊ ကော်ဖီတွေသောက်ပစ်တာ ပိုဆိုးပါတယ်။ ရေဓာတ်လိုအပ်လို့ ခန္ဓာကိုယ်က ပြတဲ့ လက္ခဏာဖြစ်ပေမယ့် တခြားအရာတွေစွက်တဲ့ အရည်ဓာတ်ကို ဖြည့်တင်းလိုက်ရုံနဲ့မလုံလောက်ပါဘူး။ အချိုရည်တွေ၊ ကဖင်းတွေကြောင့် ပိုပြီးတောင် ရေငတ်နိုင်ပါတယ်။

    (၂) အသားခြောက်မယ်

    အရေပြားက ခန္ဓာကိုယ်ရဲ့အကြီးဆုံး အစိတ်အပိုင်း ဖြစ်နေတော့ ရေဓာတ် ပြည့်ဝဖို့ ပိုပြီး လိုအပ်ပါတယ်။ တကယ်တော့ အသားခြောက်တယ်ဆိုတာ ရေဓာတ် ခမ်းခြောက်မှုရဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ ရေသောက်နည်းတော့ ချွေးမထွက်နိုင်ဘူး၊ အသားအရေ စိုပြည်မှုမရှိတော့ဘဲ မွဲခြောက်ခြောက် ဖြစ်လာပါတယ်။

    (၃) မျက်လုံးခြောက်မယ်

    မျက်လုံးခြောက်သွေ့တာ၊ မျက်ရည်ခမ်းခြောက်နေတာက ရေဓာတ်နည်းနေလို့ပါ။ ခန္ဓာကိုယ်ထဲမှာ ရေဓာတ် မလုံလောက်မှတော့ မျက်ရည်ပြွန်လည်း ခမ်းခြောက်လာပြီပေါ့။ မျက်လုံးထဲဝင်လာသမျှ အမှုန်၊ ပိုးမွှား စတာတွေကို အလိုအလျောက်ဖယ်ရှားပေးမယ့် မျက်ရည်တွေနည်းနေမှာဖြစ်တဲ့အတွက် မျက်လုံးခြောက်တဲ့အခါ နေရခက်တာ၊ ကြည့်မကောင်းတာ၊ ပိုးဝင်တာတွေ ဖြစ်လွယ်စေပါတယ်။

    (၄) အဆစ်တွေနာမယ်

    အရိုးနုနဲ့ ကျောရိုးဆစ်တွေရဲ့ ဖွဲ့စည်းမှုမှာလည်း ရေဓာတ်က အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ်မလုံလောက်တဲ့အခါ လှုပ်ရှားလိုက်တိုင်း အရိုးအဆစ်တွေတဂျွတ်ဂျွတ်ဖြစ်နေတော့မှာပါ။

    (၅) နေမကောင်း တာရှည်မယ်

    ရေသောက်လိုက်ရင် ကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားသန့်စင်ပေးဖို့ ကူညီတာ သဘာဝလုပ်ဆောင်ချက်ပါ။ ရေဓာတ်မလုံလောက်ရင် ဒီလုပ်ဆောင်ချက် ကမောက်ကမဖြစ်ပြီး ကိုယ်ခံအားစနစ်ကိုပါ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

    (၆) မောပန်းနေမယ်၊ နုံးနေမယ်

    အပေါ်မှာ ပြောခဲ့သလိုပဲ ခန္ဓာကိုယ်က ရေဓာတ် ခမ်းခြောက် တဲ့အခါ သွေးထဲကနေ ယူသုံးပါတယ်။ ဒီတော့ ရေဓာတ် မလုံလောက်တော့တဲ့ သွေးတွေက ခန္ဓာကိုယ် အနှံ့ ပေးပို့ဖို့ အောက်ဆီဂျင် မရှိတော့ပါဘူး။ အောက်ဆီဂျင် နည်းတဲ့အခါ လူက အိပ်ချင်တာ၊ မောပန်းနုံးချိနေတာတွေဖြစ်စေ တတ်ပါတယ်။

    (၇) အစာခြေစနစ်ပြဿနာတွေ ဖြစ်လာမယ်

    ရေဓာတ် မလုံလောက်တဲ့အခါ လည်ချောင်း နဲ့ ခံတွင်းမှာ တံတွေးနဲ့ ချွဲတွေ နည်းလာပြီး အစာအိမ် အက်စစ်ကြောင့် ခန္ဓာကိုယ် အတွင်းပိုင်းမှာ ထိခိုက်မှုတွေ ဖြစ်လာစေနိုင်ပါတယ်။ အဲဒီ အခါ ရင်ပူတာ၊ အစာမကြေတာတွေလိုမျိုး အဖြစ်များတဲ့ ပြဿနာတွေ ဖြစ်လာတာပေါ့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 27/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement