backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Glioma (အာရုံကြောအကြိတ်)


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Glioma (အာရုံကြောအကြိတ်) ကဘာလဲ။

Glioma သည် ဦးနှောက်နှင့် အာရုံကြောမကြီးတွင် ဖြစ်လေ့ရှိသော အကြိတ်တစ်မျိုးဖြစ်ပါသည်။ Glioma မှာ အာရုံကြောများကိုဝန်းရံပြီး လုပ်ငန်းများကို ကူညီပေးသည့် ကော်နှင့်တူသော ထောက်ပံ့တစ်ရှူးများ (Glial ဆဲလ်များ)မှ စတင်ခြင်းဖြစ်သည်။

Glial ဆဲလ်သုံးမျိုးမှာ အကြိတ်များကို ဖြစ်စေနိုင်သည်။ Glioma ကို ဖြစ်လာသော Glial ဆဲလ်အမျိုးအစားပေါ် မူတည်ပြီး အမျိုးအစား ခွဲ၏။

Glioma အမျိုးအစားများမှာ –

Astrocytomas တွင် astrocytoma, anaplastic astrocytoma နှင့် glioblastoma တို့ပါဝင်သည်။

Ependymomas တွင် anaplastic ependymoma, myxopapillary ependymoma နှင့် subependymoma တို့ပါဝင်သည်။

Oligodendrogliomas တွင် oligodendroglioma, anaplastic oligodendroglioma နှင့် anaplastic oligoastrocytoma တို့ပါဝင်သည်။

Glioma သည် သင့်ဦးနှောက်၏ လုပ်ငန်းများကို ထိခိုက်နိုင်ပြီး သူတို့တည်ရှိရာနေရာ ကြီးထွားနှုန်းပေါ် မူတည်ကာ အသက်အန္တရာယ်ဖြစ်နိုင်ပါသည်။

Glioma များမှာ မူလဦးနှောက်အကြိတ် အမျိုးအစားများတွင် အဖြစ်များဆုံးတစ်ခုဖြစ်သည်။

Glioma အမျိုးအစားပေါ်မူတည်ကာ ကုသမှုနှင့် Prognosis ကို ဆုံးဖြတ်ရမည်ဖြစ်သည်။ ယေဘုယျအားဖြင့် Glioma ကုထုံးများတွင် ခွဲစိတ်ခြင်း၊ ဓါတ်ရောင်ခြည်ပြခြင်း၊ ကင်ဆာဆေးသွင်းခြင်း၊ တားဂတ်ထားကုထုံးနှင့် စမ်းသပ်ကုထုံးများ ပါဝင်ပါသည်။

Glioma (အာရုံကြောအကြိတ်) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါသည် အလွန်အဖြစ်များ၏။ အမျိုးသားများထက် အမျိုးသမီးများတွင် ပိုအဖြစ်များ၏။ အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

လက္ခဏာများ

Glioma (အာရုံကြောအကြိတ်) ရဲ့လက္ခဏာတွေကဘာတွေလဲ

Glioma ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ –

Glioma ၏ လက္ခဏာများသည် တခြားသော ဦးနှောက်ကင်ဆာကြိတ်များနှင့် ဆင်တူ၏။ သူတည်ရှိရာ ဦးနှောက်နေရာပေါ်လည်း မူတည်၏။ အဖြစ်များဆုံးမှာ ခေါင်းကိုက်ခြင်းဖြစ်ပြီး ဦးနှောက်အကြိတ်ရှိသူ တစ်ဝက်လောက်တွင် ခံစားရလေ့ရှိသည်။ တခြားသောလက္ခဏာများတွင် တက်ခြင်း၊ မှတ်ဉာဏ်ပျောက်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာ အားနည်းခြင်း၊ ကြွက်သားထိန်းချုပ်နိုင်မှု ပျောက်ခြင်း၊ အမြင်အာရုံလက္ခဏာများ၊ ဘာသာစကားပြဿနာများ၊ သိမြင်မှုဆိုင်ရာကျဆင်းခြင်း၊ ကိုယ်ရေကိုယ်သွေး ပြောင်းခြင်းတို့ ပါဝင်ပါသည်။ ထိုလက္ခဏာများမှာ ထိခိုက်သည့်ဦးနှောက်အပိုင်းပေါ်လိုက်ပြီး ပြောင်းလဲနိုင်သည်။

အကြိတ်လုံးကြီးလာသည်နှင့် ဦးနှောက်ဆဲလ်များကို ဖျက်စီးကာ ဦးနှောက်အပိုင်းများကို ဖိခြင်း၊ ဦးနှောက်ဖောင်းကြွခြင်းနှင့် ဦးခေါင်းခွံတွင်း ဖိအားများခြင်းတို့ကြောင့် လက္ခဏာများ ပိုဆိုးဝါးလာခြင်း လက္ခဏာပြောင်းသွားခြင်းများ ဖြစ်တတ်သည်။

အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမည်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမည်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမည်ဆိုပါက ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်ခြင်းက အကောင်းဆုံးပင်။

အကြောင်းရင်းများ

Glioma (အာရုံကြောအကြိတ်) ကိုဘာတွေကဖြစ်စေသလဲ

အများစုသော မူလဦးနှောက်အကြိတ်များကဲ့သို့ပင် Glioma ဖြစ်ရသော အကြောင်းရင်းအတိအကျကို မသိရပါ။ သို့သော်လည်း ဦးနှောက်အကြိတ် ဖြစ်နိုင်ချေကို မြင့်စေသော အချက်များ ရှိပါသည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Glioma (အာရုံကြောအကြိတ်) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

Glioma ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်

အသက်အရွယ် – ဦးနှောက်အကြိတ် ဖြစ်နိုင်ချေသည် အသက်ကြီးလာသည်နှင့် တိုးလာမည်ဖြစ်သည်။ Glioma မှာ အသက် ၆၀ နှင့် ၈၀ ကြားတွင် အဖြစ်များ၏။ သို့သော် ဦးနှောက်အကြိတ်ဆိုသည်မှာ အသက်အရွယ်မရွေးဖြစ်တတ်ပါသည်။ တစ်ချို့သော Glioma များ ဥပမာ ependymomas နှင့် pilocytic astrocytomas တို့မှာ ကလေးနှင့်လူငယ်များတွင် အဖြစ်များ၏။

ဓါတ်ရောင်ခြည်နှင့်ထိတွေ့ရခြင်း – အိုင်းရွန်းဖြစ် ဓါတ်ရောင်ခြည်များနှင့် ထိတွေ့ဖူးသူများမှာ ဦးနှောက်အကြိတ်ဖြစ်နိုင်၏။ အိုင်းရွန်းဖြစ် ဓါတ်ရောင်ခြည်များမှာ ကင်ဆာကုသော ဓါတ်ရောင်ခြည်နှင့် အဏုမြူဗုံးမှထွက်သော ဓါတ်ရောင်ခြည်တို့ဖြစ်သည်။

အတွေ့ရများသော ဓါတ်ရောင်ခြည် ဥပမာ ဓါတ်အားလိုင်းများမှထွက်သော လျှပ်စစ်သံလိုက်စက်ကွင်းနှင့် မိုက်ခရိုဝေ့မီးဖိုနှင့် ဆဲလ်ဖုန်းများမှထွက်သော ရေဒီယိုကြိမ်နှုန်းမြင့် ဓါတ်ရောင်ခြည်တို့မှာ Glioma ဖြစ်နိုင်ကြောင်း သက်သေမပြနိုင်ပါ။

Glioma မျိုးရိုးရှိခြင်း – Glioma မျိုးရိုးလိုက်ခြင်းမှာ ရှားသည်။ သို့သော် မိသားစုတွင် Glioma ဖြစ်ဖူးပါက ဖြစ်နိုင်ချေ နှစ်ဆပိုမြင့်နိုင်သည်။ တစ်ချို့ဗီဇများမှာ Glioma နှင့်ဆက်စပ်မှုရှိနိုင်သည်။ သို့သော် ဗီဇမျိုးကွဲနှင့် ဦးနှောက်အကြိတ်ကြား ဆက်စပ်မှုကို အတည်ပြုရန် လေ့လာဖို့လိုနေပါသေးသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Glioma (အာရုံကြောအကြိတ်) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်မှ သင့်၌ဦးနှောက်အကြိတ်ရှိကြောင်း သံသယဖြစ်လျှင် ဦးနှောက်နှင့်အာရုံကြောအထူးကုဆီ လွှဲပါလိမ့်မည်။ သင့်ဆရာဝန်သည် စစ်ဆေးမှုများ လုပ်ထုံးများကိုပါလုပ်ရန် ညွှန်ပါလိမ့်မည်။

အာရုံကြောစမ်းသပ်ခြင်း – အာရုံကြောစမ်းသပ်သည့်အခါ အမြင်၊ အကြား၊ မျှခြေ၊ ပူပေါင်းဆောင်ရွက်နိုင်စွမ်း၊ ခွန်အားနှင့် reflexes များကို စမ်းသပ်ပါလိမ့်မည်။ ထိုအချက်များမှ တစ်ခုခုတွင် ပြဿနာရှိနေပါက ဦးနှောက်အကြိတ်ကြောင့် ဦးနှောက်တစ်နေရာရာ ထိနေကြောင်း သိနိုင်ပါသည်။

ပုံရိပ်ဖော်စစ်ဆေးမှုများ – သံလိုက်ဓါတ်မှန် (MRI) ကို ဦးနှောက်အကြိတ်အား အတည်ပြုရာတွင် သုံးလေ့ရှိသည်။ တစ်ချို့ဖြစ်ရပ်များတွင် ဆိုးဆေးအား လက်မောင်းသွေးကြောမှထိုးကာ MRI တွင် ဦးနှောက်တစ်ရှူးပြောင်းလဲမှုများကို သေချာသိနိုင်ရန် ပြုလုပ်နိုင်ပါသည်။

အထူးသံလိုက်ဓါတ်မှန်များဖြစ်သော functional MRI, perfusion MRI နှင့် magnetic resonance spectroscopy တို့မှာ အကြိတ်ကိုသတ်မှတ်ရာတွင် ဆရာဝန်အားကူညီပေးပြီး ကုသမှုအစီအစဉ်ဆွဲရာတွင် အသုံးဝင်ပါသည်။

တခြားသော စစ်ဆေးမှုများတွင် ကွန်ပျူတာဓါတ်မှန် (CT) နှင့် ပိုစီထရွန်ထုတ်လွှတ်ဓါတ်မှန် (PET) တို့ပါဝင်ပါသည်။

ခန္ဓါကိုယ်တခြားနေရာမှ ကင်ဆာများကို ရှာနိုင်သော စစ်ဆေးမှုများ – ခန္ဓါကိုယ်၏တခြားအပိုင်းမှဖြစ်သော ကင်ဆာများမှပျံ့လာသည့် ဦးနှောက်အကြိတ်များ မဟုတ်ကြောင်းသေချာစေရန်အတွက် ဆရာဝန်သည် စစ်ဆေးမှုနှင့် လုပ်ထုံးတစ်ချို့ကို လမ်းညွှန်ပါလိမ့်မည်။ Glioma မှာ ဦးနှောက်မှပင်စတင်ခြင်းဖြစ်ပြီး တခြားသောကင်ဆာများမှ ပျံ့လာခြင်းမဟုတ်ပါ။

ပုံမှန်မဟုတ်သောတစ်ရှူးများအား ယူပြီး စစ်ဆေးခြင်း – Glioma ရှိရာနေရာပေါ်မူတည်ပြီး အသားစကို ကုသမှုမတိုင်ခင် အပ်နှင့်ယူခြင်း သို့မဟုတ် ဦးနှောက်အကြိတ်ခွဲစိတ်ဖယ်ခြင်းမှယူခြင်းတို့ ပြုလုပ်နိုင်ပါသည်။

အပ်နှင့်အသားစယူခြင်းမှာ ခွဲစိတ်ယူလို့မဖြစ်သော ဦးနှောက်အပိုင်းတွင်ဖြစ်နေခြင်း သို့မဟုတ် အတွင်းပိုင်း ဧရိယာများတွင်ဖြစ်နေခြင်းတို့၌ အသုံးဝင်သည်။ အပ်နှင့်အသားစယူစဉ် ဦးနှောက်အာရုံကြော ခွဲစိတ်ဆရာဝန်မှာ ဦးခေါင်းခွံတွင် အပေါက်ဖောက်မည်။ ပါးလျားသောအပ်ကို အပေါက်မှထိုးမည်။ အပ်မှတစ်ဆင့် တစ်ရှူးစကိုယူရာတွင် CT MRI အကူအညီသုံးပါလိမ့်မည်။

ထိုအသားစနမူနာအား အဏုကြည့်မှန်ပြောင်းနှင့်ကြည့်ကာ ကင်ဆာလား Benign လား ခွဲခြားနိုင်ပါသည်။

အသားစစစ်ခြင်းမှာ ဦးနှောက်အကြိတ်ကို အတိအကျ သတ်မှတ်နိုင်ပြီး ကုသမှုကိုဆုံးဖြတ်နိုင်သော Prognosis ပေးနိုင်ရန် တစ်ခုတည်းသောနည်းဖြစ်ပါသည်။ ရလာသော အချက်များပေါ်မူတည်ကာ ရောဂါဗေဒပညာရှင်က ဦးနှောက်အကြိတ်၏ အဆင့် သို့မဟုတ် ဂရိတ်ကို သတ်မှတ်ပေးမည်ဖြစ်သည်။

အကြိတ်များကို ဂရိတ်လေးခုခွဲ၏။ ဂရိတ်တစ် အကြိတ်များမှာ ကြီးထွားမှုအနှေးဆုံးဖြစ်ပြီး Benign ဆဲလ်များအများဆုံးဖြစ်သည်။ ဂရိတ်လေး အကြိတ်များကတော့ မူမမှန်ဆုံး အဖျက်စီးနိုင်ဆုံး ကင်ဆာဆဲလ်များ ပါရှိပါသည်။

Glioma (အာရုံကြောအကြိတ်) ကို ဘယ်လိုကုသပါသလဲ

ကင်ဆာ Glioma အတွက် အကြိတ်တည်ရာနေရာ၊ Glioma အမျိုးအစားနှင့် ကင်ဆာဂရိတ်ပေါ်မူတည်ကာ ကုသမှုအမျိုးမျိုးရှိပါသည်။ လူနာ၏အသက်နှင့် ရုပ်ပိုင်ဆိုင်ရာအခြေအနေကလည်း ကုသမှုကို ဆုံးဖြတ်ရာတွင် အဓိကကျ၏။ Glioma ကိုကုသခြင်းမှ နယ်ပယ်များစွာပေါင်းစပ်ရပါသည်။

အကြိတ်ကိုခွဲထုတ်ခြင်းမှာ အဓိကကုသမှုဖြစ်သည်။ လူနာမှာ ကျန်းမာရေးအထိုက်အလျောက် ကောင်းရမည်၊ ဦးနှောက်လုပ်ငန်း၊ စကား၊ ရွေ့လျားနိုင်မှုတို့လည်း အဆင်ပြေနေရပါမည်။ CT နှင့် Functional MRI တို့ကို အကြိတ်ဖယ်ရ၌ ဆရာဝန်အား အကူအညီဖြစ်စေရန် သုံးရနိုင်သည်။ ခွဲစိတ်ခြင်းပန်းတိုင်မှာ အကြိတ်အား တတ်နိုင်သလောက် များများဖယ်ထုတ်ပြီး ရောဂါအတိအကျ အမည်တပ်နိုင်ရန်ဖြစ်သည်။ ခွဲပြီးနောက်တွင် အကြိတ်ပြန်ပြန်ဖြစ်တတ်ပါသည်။

ဓါတ်ရောင်ခြည်ကုထုံးများက စွမ်းအင်မြင့် X-ray များ သို့မဟုတ် တခြားသော ဓါတ်ရောင်ခြည်များကိုသုံးကာ ကင်ဆာဆဲလ်များကို သတ်ကြ၏။

ကင်ဆာဆေးကုထုံးများကတော့ ကင်ဆာဆဲလ်များ ကြီးထွားမှုကိုတားရန် ဆေးများသုံးခြင်းဖြစ်သည်။ ထိုကုထုံးတွင် သောက်ဆေး ထိုးဆေးများပါသည်။

လျှပ်စစ်စက်ကွင်းကုထုံးကတော့ အကြိတ်အတွင်းရှိ ဆဲလ်များကိုပစ်မှတ်ထားပြီး ပုံမှန်ဆဲလ်များကို မထိစေအောင် လျှပ်စစ်စက်ကွင်းများ သုံးခြင်းဖြစ်သည်။ ၎င်းအသုံးပြုရာတွင် လျှပ်တိုင်များကို ဦးရေပြားတွင် တိုက်ရိုက်တွယ်ရပါသည်။ ထိုပစ္စည်းကို Optune ဟုခေါ်သည်။ ၎င်းကို ခွဲစိတ်ခြင်း ဓါတ်ရောင်ခြည်ပြခြင်းတို့ပြီးနောက် ကင်ဆာဆေးသွင်းခြင်းနှင့်အတူ တွဲပေးလေ့ရှိသည်။ FDA က ယခုမှရောဂါစသူများနှင့် ပြန်ဖြစ်သူများ နှစ်မျိုးလုံးတွင်ပေးရန် ခွင့်ပြုပြီးဖြစ်သည်။

ထောက်ပံ့ပေးကုထုံးများတွင် လက္ခဏာများနှင့် အာရုံရောလုပ်ငန်းစဉ်များကို တိုးတက်စေရန် ကော်တီကိုစတီးရွိုက်များကိုသုံးကာ အကြိတ်ကြောင့် ဖြစ်လာသော ဦးနှောက်ဖောင်းကြွခြင်းအား လျော့ချခြင်း၊ တက်ခြင်းအား ကာကွယ်ထိန်းချုပ်ရန် အတက်ကျဆေးများသုံးခြင်းတို့ ပါဝင်ပါသည်။

စမ်းသပ်ပုံစံများတွင်တော့ ကင်ဆာကုထုံးသစ်များက ထိရောက်မှု စိတ်ချရမှုရှိမရှိ စမ်းသည့်ပုံနှင့် ရွေးချယ်ရနိုင်ပါသည်။

ဂရိတ်နိမ့် Astrocytomas အတွက် ကုထုံး

အဓိကကုသမှုမှာ ခွဲစိတ်ခြင်းဖြစ်သည်။ သို့သော် ထိုအကြိတ်များသည် ဦးနှောက်သားထဲသို့ ထိုးဖောက်ဝင်ရောက် ကြီးထွားတတ်သောကြောင့် တစ်ခါတစ်ရံခွဲစိတ်ရခက်တတ်ပါသည်။ ဓါတ်ရောင်ခြည်ပြခြင်းမှာ ခွဲစိတ်ပြီးနောက် သို့မဟုတ် ပြန်ဖြစ်သည့်အခါမျိုးတို့တွင် ညွှန်လေ့ရှိသည်။ ကင်ဆာဆေးသွင်းကိုလည်း ခွဲစိတ်ပြီးနောက်နှင့် ပြန်ဖြစ်သောလူနာများအတွက် တစ်စိတ်တစ်ပိုင်းအနေဖြင့် သုံးကြပါသည်။

ဂရိတ်မြင့် Astrocytomas အတွက် ကုထုံး

ဂရိတ်သုံး Anaplastic astrocytomas သို့မဟုတ် ဂရိတ်လေး glioblastomas mutiforme တို့အတွက် ကုသမှုမှာ ဖြစ်နိုင်လျှင် ခွဲစိတ်ခြင်းဖြစ်သည်။ ခွဲစိတ်ပြီးနောက် ကင်ဆာဆေးသွင်းခြင်းနှင့်အတူ ဓါတ်ရောင်ခြည်ပြခြင်းက ဒုတိယအဆင့်ဖြစ်သည်။ တစ်ခါတစ်ရန် ဂရိတ်မြင့်အကြိတ်များကိုခွဲရန်အတွက် မဖြစ်နိုင်တော့သည်များ ရှိတတ်၏။ ထိုအခါ ဓါတ်ရောက်ခြည်နှင့်ကင်ဆာဆေးများကိုသာ သုံးကြရသည်။ အကြိတ်ပြန်ဖြစ်လာလျှင် တခြားသော ကင်ဆာဆေးသွင်းခြင်းနှင့် ခွဲစိတ်ခြင်းကို အတူလုပ်ဆောင်ရမည်ဖြစ်သည်။ စမ်းသပ်ကုသသည့် ကုထုံးများကိုလည်းသုံးရန် လမ်းညွှန်နိုင်ပါသည်။

Oligodendrogliomas အတွက် ကုထုံး

လက္ခဏာများ သက်သာစေရန်နှင့် အသက်ရှင်ရန်အတွက် ခွဲစိတ်မှုမှာ ပထမဆုံးရွေးချယ်မှု ဖြစ်သည်။ ကင်ဆာဆေးပါပါ မပါပါ ဓါတ်ရောင်ခြည် ကုထုံးကိုတော့ ခွဲစိတ်ပြီးနောက် ပေးရမည်ဖြစ်သည်။ ထို့အတူ မခွဲစိတ်ခင်လည်း အကြိတ်ကျုံ့သွားရန် ကင်ဆာဆေး သို့မဟုတ် ဓါတ်ရောင်ခြည်ပြထားရန် လိုပါသည်။ ခွဲစိတ်မှုလုပ်ရန်မဖြစ်ပါက ဓါတ်ရောင်ခြည်ပါပါ မပါပါ ကင်ဆာဆေးသွင်းမှုကိုတော့ လုပ်ရနိုင်ပါသည်။

Ependymomas နှင့် Anaplastic Ependymomas တို့အတွက် ကုထုံး

Ependymomas နှင့် Anaplastic Ependymomas တို့မှာ တခြားသော Gliomas တို့လို ပုံမှန်ဦးနှောက်တစ်ရှူးများဆီ မဖြတ်ကြပါ။ ထို့ကြောင့် ခွဲစိတ်သည့်အခါ တခြားအကြိတ်များထက် ပိုအောင်မြင်ပါသည်။ သို့သော် Ependymomas များမှာ ဦးနှောက်အာရုံကြောရည်များတွင် ရောက်တတ်သောကြောင့် ကျောရိုးမမြောင်းတစ်ခုလုံးအား MRI ရိုက်ပြီး ကြည့်ရှု့ရန် လိုအပ်၏။ ထိုအကြိတ်များမှာ ဓါတ်ရောင်ခြည်ကုထုံးကိုလည်း ကောင်းကောင်းတုန့်ပြန်ကြသည်။ စမ်းသပ်ကုထုံးများကတော့ ဓါတ်ရောင်ခြည်အစား ကင်ဆာဆေးများကိုသုံးလိုရလျှင် အသုံးပြုနိုင်ပါသည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Glioma ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် Glioma ကိုကုသသည့်နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်လုပ်ရာတွင် အကူအညီပေးနိုင်ပါသည်။

သင့်အတွက်ရနိုင်မည့်စောင့်ရှောက်မှုကို ဆုံးဖြတ်ချက်ချနိုင်ရန် Glioma အကြောင်း ကောင်းကောင်းလေ့လာပါ။ ဆရာဝန်အား သင့်တွင်ရှိနေသော ဦးနှောက်အကြိတ်အမျိုးအစား၊ ရွေးချယ်စရာကုထုံးများ သိချင်လျှင် သင်၏ Prognosis စသည်တို့ကို သေချာမေးပါ။ ဦးနှောက်အကြိတ်များကို သေချာလေ့လာလေလေ ကုထုံးများအား ဆုံးဖြတ်ချက်ချရာတွင် ယုံကြည်မှုရှိလေလေဖြစ်သည်။ ကိုယ်နှင့်ပါတ်သတ်သူများကို ရင်းရင်းနှီးနှီးဆက်ဆံထားခြင်းက ဦးနှောက်အကြိတ်နှင့် ရင်ဆိုင်ရာတွင် အကူအညီဖြစ်ပါလိမ့်မည်။ သူငယ်ချင်းများ မိသားစုများက သင်လိုလာလိမ့်မည့် အကူအညီများ ဥပမာ သင်ဆေးရုံတက်နေစဉ် အိမ်ကိုဂရုစိုက်ထားပေးခြင်းမျိုးတို့ကို ကူညီပါလိမ့်မည်။ ထို့အပြင် ကင်ဆာကြောင့်ဖြစ်လာမည့် စိတ်အခြေအနေများကို တိုက်ထုတ်ရန်အတွက်လည်း အထောက်အပံ့ဖြစ်စေပါလိမ့်မည်။

စကားပြောနိုင်မည့်သူကိုရှာပါ။ သင်၏မျှော်လင့်ချက် အကြောက်တရား သင့်အကြောင်းကို နားထောင်ပေးတတ်သူကို ရှာပါ။ သူငယ်ချင်းထဲ မိသားစုထဲမှဖြစ်နိုင်ပါသည်။ စိုးရိမ်းမှုများကို နားလည်းစွာဖြေရှင်းတတ်သော နှစ်သိမ့်ပေးသူ၊ ဆေးလူမှုဝန်ထမ်း၊ ကင်ဆာအထောက်အပံအဖွဲ့ စသည်တို့မှလည်း အထောက်အပံ့ရနိုင်ပါသည်။

သင်နေထိုင်ရာတစ်ဝိုက် အထောက်အပံ့ပေးအဖွဲ့များ ရှိမရှိဆရာဝန်ကိုမေးပါ။ သို့မဟုတ် ဖုန်းလမ်းညွှန်၊ စာကြည့်တိုက်၊ ကင်ဆာအဖွဲ့အစည်းများကို ရှာကြည့်ပါ။

အကယ်၍သင့်၌ မေးခွန်းများရှိသည်ဆိုပါက သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ရာ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement