backup og meta

နေမကောင်းတာ အမြန်သက်သာစေမယ့်နည်းလမ်း (၁၀)ခု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 06/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နေမကောင်းတာ အမြန်သက်သာစေမယ့်နည်းလမ်း (၁၀)ခု

    နေမကောင်းဘူးဆိုရင် အဖြစ်ချင်ဆုံးက နေမြန်မြန် ပြန်ကောင်းချင်တာဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ဖို့ လိုနေပါပြီ။ အကြောင်းကတော့ ဒီဆောင်းပါးလေးထဲမှာ နေမကောင်းတာ အမြန်သက်သာစေမယ့်နည်းလမ်း တွေကို ပြောပြပေးထားတာမို့ပါ။

    နေမကောင်းတာ အမြန်သက်သာစေမယ့်နည်းလမ်း (၁၀)ခု

    လည်ချောင်းတွေနာတယ်၊ပြီးရင်ချောင်းဆိုးမယ်၊ နှာချေ၊ နှာစေးနေတယ်၊ ဒါတွေက နေမကောင်းဖြစ်ရင် ခံစားရနေကျအရာတွေ။ ဖျားနေပြီ ဆိုမှတော့ ကြိုတင်ကာကွယ်ရေးတွေဘာတွေနဲ့မဆိုင်တော့ဘူး။မြန်မြန်နေကောင်းအောင် ဘယ်လိုလုပ်မလဲဆိုတာ အရင်တွေးရတော့မှာပဲ။ အအေးမိ တုပ်ကွေးဆိုတာက သူ့ရက်အတိုင်းအတာနဲ့သူရှိတာကြောင့် သိပ်အမြန်ကြီးတော့ အရှင်းမပျောက်နိုင်ပါဘူး။ ဒါပေမယ့်နောက်ဆက်တွဲရောဂါလက္ခဏာတွေဖြစ်မလာအောင်၊ မလိုအပ်ဘဲ ရောဂါတာမရှည်အောင်၊ဝေဒနာခံစားရသက်သာအောင် ကြိုးစားလို့တော့ရပါတယ်။

    နေပြန်ကောင်းတယ်ဆိုတာ အအေးမိတုပ်ကွေးဗိုင်းရပ်စ်တွေကို ကိုယ်ခံအားစနစ်က ခုခံတိုက်ထုတ်နိုင်တဲ့အနေအထားဖြစ်ပါတယ်။ ဒီလိုခုခံနေတဲ့ကာလအတွင်းမှာ နေမကောင်းလို့ဆိုပြီး ကွေးနေရုံနဲ့ ရောဂါလက္ခဏာတွေကိုကျော်လွှားနိုင်မှာမဟုတ်ဘူးနော်။ရောဂါပိုးတွေကို ခုခံပေးမယ့် ခန္ဓါကိုယ်ကိုစောင့်ရှောက်အားဖြည့်ပေးဖို့လည်းလိုပါတယ်။ ကဲ …. နေမကောင်းတာ အမြန်သက်သာစေမယ့်နည်းလမ်း တွေကို ဆက်ကြည့်လိုက်ရအောင်နော်။

    ကိုယ်ခံအားစနစ်ကို ဘယ်လိုကူညီပေးကြမလဲ –

    (၁) အနားပေးပါ

    နေမကောင်းြဖစ်နေတဲ့အချိန်မှာဆို ရောဂါပိုးဗိုင်းရပ်စ်တွေကို ခုခံဖို့ ခန္ဓါကိုယ်ကပင်ပန်းနေမှာဖြစ်လို့ ပုံမှန်ထက် ပိုပြီးအားကုန်ပါတယ်။ ဒါ့ကြောင့် ဘာကြောင့်ပဲနေမကောင်းဖြစ်ဖြစ် အနားယူဖို့ တတ်နိုင်သလောက်ဦးစားပေးပါ။ကျောင်းတွေ၊အလုပ်တွေကိုဖြစ်နိုင်ရင် ခွင့်ယူလိုက်တာက ကိုယ့်အတွက်အနားယူဖြစ်တဲ့အပြင် လူအများကြားမှာ ကူးစက်ပြန့်ပွားမှုကိုကာကွယ်ပြီးသားဖြစ်ပါလိမ့်မယ်။ ကိုယ့်ရဲ့တစ်နေ့တာအလုပ်တွေကို ပမာဏလျှော့လုပ်ပြီး ခန္ဓါကိုယ်ကိုနားချိန်ပေးပါ။

    (၂) အိပ်ရေးဝအောင်အိပ်ပါ

    နားနေတယ်ဆိုလည်း တီဗီရှေ့တော့ ညဉ့်မနက်စေနဲ့ပေါ့။ အိပ်ရေးပျက်တာက ကိုယ်ခံအားစနစ်ကို အားနည်းစေတဲ့အတွက် ဗိုင်းရပ်စ်တွေကို တိုက်ထုတ်ဖို့ခက်သွားစေပါတယ်။ အိပ်ရာစောစောဝင်ပါ၊နေ့ဘက်မှာလည်း တစ်ရေးအိပ်ပေးပါ။ ခံစားနေရတဲ့ ရောဂါလက္ခဏာတွေက ညဘက်ဆို ပိုဆိုးနေလို့ အိပ်မရဘူးလား။ခေါင်းအုံးနည်းနည်းမြှင့်ထားလိုက်ရင် နှာစေးနှာပိတ်နဲ့ချောင်းဆိုးရင်ကျပ်တာတွေသက်သာပြီး အသက်ရှူရပိုကောင်းပါလိမ့်မယ်။

    (၃) ရေဓါတ်ဖြည့်ပါ

    ရေ သို့မဟုတ် အရည်များများသောက်မှ ချွဲသလိပ်တွေကျဲပြီး ပိတ်ဆို့ခြင်း(နှာပိတ်၊ချွဲကျပ်) သက်သာပါလိမ့်မယ်။ရေဓါတ်ဖြည့်တင်းခြင်းကခေါင်းကိုက်ခြင်းနဲ့မောပန်းနွမ်းနယ်ခြင်းမဖြစ်အောင်လည်း ကာကွယ်နိုင်ပါတယ်။နေမကောင်းရင် ရေ သို့မဟုတ် ရေကျက်အေး၊ ဓါတ်ဆားရည်၊ စွပ်ပြုတ်ရည် တို့ကို မကြာမကြာသောက်ပေးပါ။

    (၄) ပလုတ်ကျင်းပါ

    လည်ချောင်းနာသက်သာစေဖို့က ဆားရည်ငုံပြီး ပလုတ်ကျင်းလို့ရပါတယ်။ ခံတွင်းသန့်ဆေးရည်အသုံးပြုပေးလို့လည်းရပါတယ်။ ခံတွင်းသန့်ဆေးရည်ကို ခွက်ထဲထည့်ပြီး ငုံ၊ ခေါင်းကိုမော့ပြီး စက္ကန့် ၃၀ လောက် ပလုတ်ကျင်း၊ပြီးမှထွေးထုတ်လိုက်ပါ။ ဒါမှမဟုတ်ဆေးရည်တစ်ဆ ရေနှစ်ဆ ထည့်ပြီးပလုတ်ကျင်းလို့ရပါတယ်။

    (၅) ပူပူလေးသောက်ပါ

    ရေနွေးကြမ်းပူပူလေးသောက်တာကလည်း လည်ချောင်းထဲနေရခက်တာကို သက်သာစေပြီး အအေးမိဝေဒနာကို လျော့ပါးစေပါတယ်။ ဥပမာ စံပယ်လက်ဖက်ရည်ကြမ်း၊ လီမွန်တီး၊ သို့မဟုတ် စွပ်ပြုတ်ရည်ပူပူလေးသောက်တာမျိုး။

    (၆) ပျားရည် ​သောက်ပါ

    ချိုတာစားရင်ချောင်းပိုဆိုးမယ်လို့ထင်ကြပါလိမ့်မယ်။ ပျားရည်ကတော့ လည်ချောင်းထဲကဝေဒနာတွေသက်သာစေပြီးချောင်းဆိုးကိုပါ သက်သာစေနိုင်စွမ်းရှိပါတယ်။ ညအိပ်ခါနီး ပျားရည်တစ်ဇွန်းလောက်သောက်သုံးသူတွေက နှစ်နှ်စ်ခြိုက်ခြိုက် ပိုအိပ်ပျော်ပြီးချောင်းလည်းသိပ်မဆိုးတော့ဘူးလို့ သုတေသနလေ့လာမှုတွေကတွေ့ရှိထားပါတယ်နော်။ ပျားရည်က စစ်ဖို့တော့ လိုပါလိမ့်မယ်။ရေနွေးထဲကို ပျားရည်တစ်ဇွန်းထည့်ပြီး တစ်ခွက်သောက်ပေးပါ။

    (၇)ရေနွေးစပ်ချိုးပါ

    အဖျားတက်နေရင် ရိုးရိုးရေနဲ့ရေချိုးချတတ်ကြပေမယ့် အအေးမိ၊တုပ်ကွေးသမားကိုတော့ရေနွေးလေးစပ်ချိုးတာကောင်းပါမယ်နော်။ရေပူနဲ့ချိုးတဲ့အခါခြောက်သွေ့ယားစပ်နေတဲ့ လည်ချောင်းနဲ့နှာခေါင်းလမ်းကြောင်းကို အစိုဓါတ်ရစေပြီး နှာစေးနှာပိတ်၊ချွဲကျပ်ခြင်းကိုလျော့ပါးစေပါတယ်။နောက်တစ်ချက်က ကြွက်သားနာကျင်ကိုက်ခဲမှုတွေကိုလည်း ရေနွေးနွေးကြောင့် သက်သာလျော့ပါးစေနိုင်ပါသေးတယ်။

    (၈)ဆေးဝါးအကူအညီယူပါ

    သူ့အချိန်တန်ရင်ပျောက်မှာပါပဲဆိုပြီး ကြိတ်ခံစားနေလည်း တချို့တွေမှာပေါ့ပေါ့ဆဆနေလိုက်လို့ အဖျားတာရှည်တာ၊ဝေဒနာပိုပြင်းတာ၊နောက်ဆက်တွဲ infectionတွေတိုးလာတာတွေဖြစ်လာတတ်ပါတယ်။နေရသက်သာစေဖို့ အသုံးများကြတာက အဖျားကျဆေး(အကိုက်အခဲပျောက်ဆေး)၊ အအေးမိသက်သာဆေးတွေ၊ငုံဆေး၊ ချွဲပျော်ဆေးတွေ စတဲ့ ဆရာဝန်ဆေးညွှန်းမလိုတဲ့ဆေးတွေကိုဆေးဆိုင်မှာ အလွယ်တကူရရှိနိုင်ပါတယ်။

    (၉) ဖျန်းဆေးသုံးလို့ရတယ်

    အအေးမိလက္ခဏာ စကာစမှာ နှာခေါင်းမှာဖျန်းလိုက်တာနဲ့ရောဂါပိုးမွှားတွေကိုသန့်စင်ဖယ်ရှားပေးနိုင်ပါတယ်။ နှာခေါင်းကို လက်ချောင်းနဲ့တစ်ဖက်ပိတ်ပြီးကျန်တစ်ဖက်ကနေဆေးရည်ကိုညှစ်ပြီးရှိုက်ရှူပါ။ နှစ်ချက်သုံးချက်လောက်ရှိုက်ရှူပြီးနောက်တစ်ဖက်ကိုပြောင်းပါ။ တစ်နေ့သုံးကြိမ်သုံးလို့ရပါတယ်။ ဒီဆေးက နှာခေါင်းလမ်းကြောင်းအတွင်း ခြောက်ပြီးကပ်တွယ်ပိတ်ဆို့နေတဲ့ ချွဲသလိပ်တွေကိုဖယ်ရှားသန့်စင်ပေးတဲ့အတွက် အသက်ရှူရပိုကောင်းပါလိမ့်မယ်။

    (၁၀) ကြက်စွပ်ပြုတ်သောက်ပါ

    အာဟာရပြည့်အောင် အစားစားဖို့လည်းအရေးကြီးပါတယ်။နေမကောင်းရင် ခံတွင်းပျက်တတ်တယ်၊ အစားနည်းတတ်တယ်၊ အစားလည်းရှောင်ရင်ရှောင်မိတတ်ပါတယ်။ ဒါ့ကြောင့်နေမကောင်းဖြစ်တဲ့အခါ လိုအပ်နေတဲ့အာဟာရကိုဖြည့်နိုင်ဖို့ ကြက်စွပ်ပြုတ်သောက်ပေးပါ။ အပူသောက်ဖို့နဲ့ အားပြည့်ဖို့အပြင် အအေးမိလက္ခဏာတွေကို သက်သာစေတယ်ဆိုတဲ့ ကြက်စွပ်ပြုတ်က တကယ်ကို တစ်ချက်ခုတ်လေးငါးချက်ပြတ်တဲ့ဆေးတစ်ခွက်လည်းဖြစ်နေပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 06/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement