home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

မှတ်ဉာဏ်ချို့ယွင်းမှုရောဂါတစ်မျိုး (Alzheimer's) ရောဂါကို ကာကွယ်ပေးမယ့် အစားအသောက် (၇) မျိုး

မှတ်ဉာဏ်ချို့ယွင်းမှုရောဂါတစ်မျိုး (Alzheimer's)  ရောဂါကို ကာကွယ်ပေးမယ့် အစားအသောက် (၇) မျိုး

အသက်လေးနည်းနည်းရလာတာနဲ့ မေ့တတ်လာတယ်။ စိတ်ညစ်လိုက်တာလို့များဖြစ်နေပြီလား။ အသက်အရွယ်ကြီးလာတဲ့အထိ ဦးနှောက်မှတ်ဉာဏ် ထိခိုက်တာမျိုးမဖြစ်စေဖို့အတွက်လေ့ကျင့်ခန်းလုပ်ပေးတာ၊ အစားအသောက်ကိုမှန်မှန်ကန်ကန်စားသောက်နေထိုင်တဲ့ နည်းလမ်းလေးတွေလုပ်ပြီး ထိန်းသိမ်းလို့ရပါတယ်။ အစားအစာတွေက ဦးနှောက်ကျန်းမာသန်စွမ်းဖို့တော်တော်လေးအရေးပါပါတယ်။

အသက်အရွယ်ကြောင့် ဦးနှောက်ထိခိုက်နိုင်ခြေကနေ ကာကွယ်နိုင်စေဖို့အတွက်အောက်မှာဖော်ပြထားတာတွေကို စားပေးသင့်ပါတယ်။

(၁)အခွံမာသီးတွေ

သစ်ကြားသီး၊ အယ်လ်မွန်သီး၊ ဗာဒံစေ့တို့လိုမျိုး အခွံမာသီးတွေကနေရရှိတဲ့ အစေ့အဆန်တွေကသေးငယ်ပေမယ့် အာဟာရဓါတ်တွေတော့ပြည့်ဝစွာပါဝင်နေပါတယ်။ ဒီအစေ့အဆန်တွေမှာပါဝင်နေတဲ့Omega-3 fatty acids ကဦးနှောက်ကျန်းမာဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အကျိုးပြုအဆီတစ်မျိုးဖြစ်တာကြောင့် မှတ်ဉာဏ်နဲ့ဦးနှောက်ရဲ့ စွမ်းဆောင်ရည်တွေကိုကောင်းမွန်စေနိုင်ပါတယ်။ သစ်ကြားသီးမှာပါတဲ့ ဗီတာမင် E နဲ့ ဖလေဗာနွိုက်တို့က ဦးနှောက်ကို ကျန်းမာသန်စွမ်းအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ တစ်ပတ်ကို အနည်းဆုံး ၅ ကြိမ်လောက် အခွံမာသီးတွေစားသုံးပေးပါ။

(၂) ဆယ်လ်မွန်၊ မက်ကာရယ်၊ ဆာဒင်းငါး

ဆယ်လ်မွန်ငါးမှာOmega-3s fatty acid ကြွယ်ဝစွာပါဝင်ပြီးAlzheimer’sရောဂါကိုဖြစ်စေနိုင်တဲ့ ပရိုတင်းတစ်မျိုးဖြစ်တဲ့beta-amyloid ပမာဏကိုကျဆင်းစေနိုင်ပါတယ်။ ဒါကြောင့် ငါးမကြိုက်ဘူးဆိုရင်တောင်မှ တစ်ပတ်ကို တစ်ကြိမ်လောက်တော့ ငါးစားပေးပါ။ ငါးကလတ်ဆတ်လေ အာနိသင်ပိုရှိလေပါ။

(၃) ဘယ်ရီသီး

ဘယ်ရီသီးက ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်နေတဲ့ အစားအစာတစ်မျိုးပေါ့။ ဘယ်ရီသီးလေးတွေမှာ ဦးနှောက်တွင်းက ဆဲလ်တွေကို ကျန်းမာစေနိုင်တဲ့ ဓါတ်တိုးဆန့်ကျင် ပစ္စည်းတစ်မျိုးဖြစ်တဲ့polyphenols ပါဝင်နေပါတယ်။ ဒါကြောင့် ဘယ်ရီသီးလေးတွေကို တစ်ပတ်နှစ်ကြိမ်စားသုံးပေးမယ်ဆိုရင် ဦးနှောက်စွမ်းဆောင်ရည်ကျဆင်းမှုကို ကာကွယ်နိုင်မှာပါ။

(၄)အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေ

အစိမ်းရောင်အရွက်တွေမှာ ဓါတ်တိုးဆန့်ကျင် အာနိသင်တွေကြွယ်ဝစွာပါဝင်နေသလို အမျှင်ဓါတ်လည်းကြွယ်ဝပါတယ်။ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေကို ပိုမိုစားသုံးသူတွေရဲ့ မှတ်ဉာဏ်က အခြားသူတွေထက် ပိုမိုကောင်းမွန်တယ်လို့လေ့လာချက်တွေအရတွေ့ ရှိခဲ့ရပါတယ်။ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေတဲ့ အစိမ်းရောင် အသီးအရွက်တွေကို တစ်ပတ်မှာ ၆ ကြိမ်လောက်စားသုံးမယ်ဆိုရင် အသက်အရွယ်ကြီးလာတဲ့အထိ ဦးနှောက်မှတ်ဉာဏ်ကိုကောင်းမွန်စေမှာဖြစ်ပါတယ်။

(၅)နနွင်း

နနွင်းကတော့ မီးဖိုချောင်ထဲကဆေးတစ်လက်ပေါ့။ရောဂါတော်တော်များများကို သက်သာစေနိုင်တဲ့ အာနိသင်ရှိနေပါတယ်။ ဟင်းခတ်တစ်ခုအဖြစ်နဲ့ အသုံးများတဲ့ နနွင်းမှာ ဗီတာမင် D3 ကြွယ်ဝစွာပါဝင်တာကြောင့် ဦးနှောက်ထဲမှာplaqueတွေကိုဖြစ်ပေါ်စေတဲ့ အမိုင်နိုအက်ဆစ်တွေကို ဖယ်ရှားပေးပြီး Alzheimer’s မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ဟင်းချက်တဲ့အခါတိုင်း နနွင်းထည့်ချက်ဖို့ မမေ့ပါနဲ့။

(၆)ကော်ဖီ

ကော်ဖီစစ်စစ်တော့ဖြစ်ဖို့လိုပါမယ်။ တစ်နေ့ကိုကော်ဖီစစ်စစ် ၃ ခွက်သောက်သုံးပေးမယ်ဆိုရင် ၂ နှစ်ကနေ ၄ နှစ်ကြာလာတဲ့အခါ ဦးနှောက်မှတ်ဉာဏ်တွေထိခိုက်ပျက်စီးမှုက ကော်ဖီမသောက်တဲ့သူတွေထက် သိသိသာသာလျော့နည်းနေတယ်လို့တွေ့ရှိခဲ့ရပါတယ်။ကော်ဖီစစ်စစ်လေးကိုသောက်သုံးပြီး အသက်အရွယ်ကြီးရင့်လာတဲ့အခါ Alzheimer’sရောဂါမဖြစ်အောင်ကာကွယ်လိုက်ပါ။

(၇)ချောကလက်

အနက်ရောင်ချောကလက်မှာ ခန္ဓါကိုယ်တွင်းသွေးလည်ပတ်မှုကိုကောင်းမွန်စေနိုင်မယ့် အပင်ထွက်ဒြပ်ပေါင်းတစ်မျိုးဖြစ်တဲ့flavonoids ပါဝင်တာကြောင့် နှလုံးကို ကျန်းမာစေနိုင်သလို ဦးနှောက်နဲ့ မှတ်ဉာဏ်ကိုလည်းကောင်းမွန်စေနိုင်ပါတယ်။ ဒါကြောင့်Alzheimer’sရောဂါကင်းဝေးစေဖို့အတွက်ချောကလက် အနက်ရောင်လေးတွေ စားသုံးပေးလို့ရပါတယ်။

ဒါတွေတင်ပဲလားဆိုတော့မဟုတ်ပါဘူး။ မှတ်ဉာဏ်ကောင်းမွန်ပြီးAlzheimer’sရောဂါကင်းဝေးစေဖို့အတွက်ကောက်နှံနဲ့လုပ်ထားတဲ့ အစားအသောက်တွေ၊ ဟင်းသီးဟင်းရွက်တွေ၊ပဲအမျိုးမျိုး၊ သံလွင်ဆီတို့ကိုစားသုံးပေးလို့ရပါသေးတယ်။နောက်တစ်ခုကတော့ ဝိုင်ပါ။ တစ်နေ့ကို ဝိုင်တစ်ခွက်လောက်သောက်သုံးပေးတာကလည်း မှတ်ဉာဏ်စွမ်းရည်ကိုကောင်းမွန်စေနိုင်ပါတယ်။ ဒါပေမယ့် အမြန်စားအစားအစာတွေ၊ ချိစ်၊ထောပတ်၊မပျော်ဆီတွေ၊အနီရောင် အသားတွေကိုတော့ အများကြီးမစားပါနဲ့။ အခုပြောပြခဲ့သလိုနေထိုင်စားသောက်ပြီးAlzheimer’sရောဂါမဖြစ်အောင်ကြိုတင်ကာကွယ်လိုက်ပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

7 Foods That Reduce Your Alzheimer’s Risk https://www.huffingtonpost.com/2013/02/23/alzheimers-prevention_n_2734550.html Accessed Date 18 June 2018

Eating to Prevent Alzheimer’s Disease http://www.pcrm.org/health/diets/ffl/employee/eating-to-prevent-alzheimers-disease Accessed Date 18 June 2018

15 simple diet tweaks that could cut your Alzheimer’s risk https://www.mayoclinic.org/diseases-conditions/alzheimers-disease/in-depth/15-simple-diet-tweaks-cut-alzheimers-risk/art-20342112 Accessed Date 18 June 2018

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 57 မိနစ် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။