နှုတ်ခမ်းပေါ်မှာ မှဲ့မဟုတ်တဲ့ အမည်းစက်လေးတွေ ပေါ်လာတာ ဘာကြောင့်လဲ ။ ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နှုတ်ခမ်းပေါ်မှာ မှဲ့မဟုတ်တဲ့ အမည်းစက်လေးတွေ ပေါ်လာတာ ဘာကြောင့်လဲ ။ ။

    မှန်ထဲကြည့်လိုက်တဲ့အခါ ကိုယ့်နှုတ်ခမ်းမှာ မှဲ့လည်းမဟုတ် ပေနေတာလည်းမဟုတ်တဲ့ အမည်းစက်တစ်ခု တွေ့လိုက်ရတဲ့အခါ ခေါင်းထဲ အတွေးများသွားမှာတော့ ကျိန်းသေပါတယ်။ စိုးရိမ်စရာတွေရှိလား။ ဘာ့ကြောင့်များဖြစ်တာလဲ ။ ။

    အများအားဖြင့် ဒီလို နှုတ်ခမ်းမှာပေါ်တဲ့ အမည်းစက်လေးတွေက စိတ်ပူစရာတော့မရှိပါဘူး။ ဒါပေမယ့် သူ့ကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေ အပေါ်မှာတော့ မူတည်တာပေါ့။

    ဒါဆို နှုတ်ခမ်းမှာ အမည်းစက်တွေ ပေါ်တာ ဘာ့ကြောင့် ဖြစ်ရတာလဲ ။ ။

    ဗီတာမင် B12 ချို့တဲ့ခြင်း သွေးအားကောင်းစေဖို့အတွက်သာမက အသားရောင်ညီညာစေဖို့အတွက်လိုအပ်တဲ့ ဗီတာမင် B12 ချို့တဲ့သွားတဲ့အခါ နှုတ်ခမ်းမှာ အမည်းစက်လေးတွေ ဖြစ်လာမယ့်အပြင် အသားအရေလည်း ညိုတစ်ကွက် ဖြူတစ်ကွက်နဲ့ မညီညာဘဲဖြစ်နေတတ်ပါတယ်။

    ရေဓာတ်ခမ်းခြောက်ခြင်း – ရေများများ မသောက်တဲ့အခါ နှုတ်ခမ်းခြောက်သွားတာမျိုး၊ နှုတ်ခမ်းကွဲတာမျိုးတွေ အားလုံးဖြစ်ဖူးကြမှာပါ။ ဖြစ်သွားတဲ့အနာလေးတွေ ပြန်ကျက်တဲ့အခါ အမာရွတ်ကျန်တာမျိုးတွေကနေလည်း နှုတ်ခမ်းမှာ အမည်းစက်တွေပေါ်လာတတ်ပါတယ်။

    သံဓာတ်များခြင်း – hemochromatosis လို့ခေါ်တဲ့ မွေးရာပါ သံဓာတ်စုပ်ယူမှု ပြင်းထန်တဲ့ရောဂါ၊ သွေးအားနည်းတတ်လို့ဆိုပြီး သံဓာတ်ဖြည့်သွေးအားကောင်းဆေးတွေ သောက်ပါများတဲ့အခါ ၊ သွေးခဏခဏ သွင်းရတဲ့အခါမျိုးတွေဆို သွေးထဲမှာ သံဓာတ်တွေ များနေပြီး အမည်းစက်တွေ ပေါ်နေတတ်ပါတယ်။

    သောက်နေရတဲ့ဆေးတွေ – ကိုယ်သောက်နေတဲ့ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် အသားအရောင်ပြောင်းတာ၊ အမည်းစက်ပေါ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

    • ကင်ဆာဆေးတွေမှာသုံးထားတဲ့ cytotoxic drugs

    • Chlorpromazine စိတ်ငြိမ်ဆေး

    ငှက်ဖျားဆေး တစ်ခုဖြစ်တဲ့ quinine sulfate

    • အတက်ရောဂါ ကိုကုသတဲ့ phenytoin နဲ့

    • နှလုံးတုန်ခြင်းကို ကုသတဲ့ amiodarone တို့ဟာ အသားအရောင်ပြောင်းလဲခြင်းနဲ့ နှုတ်ခမ်းပေါ်မှာ အမည်းစက်လေးတွေ ပေါ်လာတာမျိုးကို ဖြစ်စေတတ်ပါတယ်။

    Melasma ( အသားအရောင်ရင့်လာခြင်း ) – ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်လာတဲ့ Melasma ရောဂါဟာလည်း ဖြစ်တတ်တဲ့ အရေပြားပြဿနာတစ်ခုဖြစ်ပါတယ်။ Melasma ရောဂါ ဖြစ်နေတဲ့သူတစ်ယောက်ဟာ နေပူထဲ အကာအကွယ်မပါဘဲ မထွက်သင့်ပါဘူး။ ခရမ်းလွန်ရောင်ခြည်တွေကြောင့် အသားရောင်ပိုရင့်လာနိုင်လို့ပါ။

    ဓာတ်မတည့်ခြင်း – ဆိုးလိုက်တဲ့ နှုတ်ခမ်းနီသွားတိုက်ဆေး၊ မိတ်ကပ်နဲ့ အခြားအလှကုန်ပစ္စည်းတွေနဲ့ ဓာတ်မတည့်တဲ့အခါမျိုးမှာ နှုတ်ခမ်းပေါ်မှာ အစက်လေးတွေ ပေါ်တတ်ပါတယ်။

    သွေးခြည်ဥ – နှုတ်ခမ်းပေါ်မှာ ဖြစ်တဲ့ အမည်းစက်လေးတွေဟာ သွေးကြောပေါက်တာ၊ တစ်ခုခုထိခိုက်မိပြီး သွေးခြည်ဥတာတွေ ကြောင့်လည်း ဖြစ်တတ်ပါသေးတယ်။

    နေလောင်ခြင်း – နေထဲမှာရှိတဲ့ ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့ပါများတဲ့အခါ မျက်နှာမှာ အစက်အပြောက်လေးတွေ ဖြစ်လာရုံတင်မက နှုတ်ခမ်းပေါ်မှာလည်း အစက်အပျောက်လေးတွေ ဖြစ်လာနိုင်ပါသေးတယ်။

    သွားထိန်း– သွားညီအောင်လို့ဆိုပြီး တပ်ထားတဲ့ သွားထိန်းတွေ ပုံစံမကျတဲ့အခါ နှုတ်ခမ်းကို ထိခိုက်မိသလိုဖြစ်ပြီး သွေးခြည်ဥတာ၊ အမည်းစက်လေးတွေ ပေါ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

    ဆေးလိပ် – ကိုယ်ခန္ဓာအတွက် ကောင်းကျိုးတစ်ခုမှ မပေးတဲ့ ဆေးလိပ်ကြောင့် နှုတ်ခမ်းမည်းလာတတ်တယ်ဆိုတာ အားလုံးသိကြမှာပါ။ တချို့ဆို နှုတ်ခမ်းမည်းရုံမက နှုတ်ခမ်းမှာ အမည်းစက်လေးတွေပါ ဖြစ်နေတတ်ပါတယ်။

    ဒါတွေကတော့ နှုတ်ခမ်းမှာ အမည်းစက်လေးတွေကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေဖြစ်ပါတယ်။ အများစုက စိတ်ပူစရာမလိုဘူးဆိုတော့ ဘယ်လိုအချိန်ဆို ဆရာဝန်ဆီသွားပြသင့်သလဲ။ ပေါ်နေတဲ့ အမည်းစက်လေးဟာ အချိန်တိုတိုတွင်းမှာ ကြီးလာတယ်၊ ပြောင်ပြောင်လေးဖြစ်နေမယ်၊ အချိန်တော်တော်ကြာထိ မပျောက်ဘူးဆိုရင် ဆရာဝန်ဆီသွားပြီး ဘာကြောင့်ဖြစ်ရလဲဆိုတာကို အဖြေရှာကာ ဆေးကုသမှု ခံယူသင့်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement
    advertisement
    advertisement