home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

Churg Strauss syndrome ဆိုတာ ဘယ်လိုရောဂါမျိုးလဲ။

Churg Strauss syndrome ဆိုတာ ဘယ်လိုရောဂါမျိုးလဲ။

Churg Strauss syndrome ဆိုတာ ရှားပါး ရောဂါတစ်မျိုးပါပဲ။ Eosinophilic granulomatosis with polyangiitis (EGPA) လို့လည်း ခေါ်ပါတယ်။ တစ်နှစ်ကို လူတစ်သန်းမှာမှ ၄-၅ယောက်လောက်ပဲ ဖြစ်တဲ့ရောဂါပေါ့။ ဖြစ်တဲ့လူနည်းသလို ရောဂါရဲ့ သဘောသဘာဝအရလည်း အပြီးပျောက်အောင် ကုလို့မရပါဘူး။ ထိန်းထားလို့ပဲ ရတာပါ။ ဒီရှားပါးတဲ့ ရောဂါက ဘယ်လိုကနေ ဘယ်လို ဖြစ်လာတဲဆိုတာ ဗဟုသုတအနေနဲ့ ကြည့်ကြရအောင်။

Churg Strauss syndrome ဆိုတာ ဘာလဲ။

Churg Strauss syndrome ဆိုတာ သွေးကြောရောင်ရမ်းတဲ့ ရောဂါတစ်မျိုးပါပဲ။ အများအားဖြင့်တော့ သွေးကြောသေးသေးလေးတွေ၊ အလတ်စားသွေးကြောလေးတွေ ရောင်ရမ်းတတ်ပါတယ်။ သွေးကြောတွေ ရောင်ရမ်းတဲ့အတွက် ဒီသွေးကြောတွေ ထောက်ပံ့ထားတဲ့ အစိတ်အပိုင်းတွေပါ ထိခိုက်လာပါတယ်။ အထူးသဖြင့်တော့ အဆုတ်နဲ့ အရေပြားပါ။ နှလုံး၊ ကျောက်ကပ်၊ အာရုံကြောနဲ့ အူလမ်းကြောင်းလည်း ထိခိုက်နိုင်ပါတယ်။

ဘယ်သူတွေ ဖြစ်နိုင်လဲ။

ကျားမမရွေး ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် လူလတ်ပိုင်း ၃၀ကျော် ၄၀ကျော်တွေပါ။ ကလေးငယ်လေးတွေနဲ့ ၆၅နှစ်အထက် လူကြီးတွေမှာ သိပ်မဖြစ်တတ်ပါဘူး။

ဘာကြောင့် ဖြစ်ရတာလဲ။

ဖြစ်ရတဲ့ အကြောင်းရင်းကို အသေးစိတ်မသိကြပါဘူး။ မျိူးရိုးဗီဇကြောင့်၊ ပတ်ဝန်းကျင် အခြေအနေတွေ (အထူးသဖြင့် ဓာတ်မတည့်စေတဲ့ allergens) ကြောင့်လို့ ဆိုပါတယ်။ ခန္ဓာကိုယ်ထဲကို ပြင်ပက ပိုးမွှားတွေ ဝင်လာရင် ခုခံအားက ထွက်တိုက်ရပါတယ်။ ခုခံအားက ပြင်ပက အရာတွေကိုတင်မဟုတ်ဘဲ ကိုယ်ထဲက တစ်ရူးအကောင်းတွေကိုပါ တိုက်ခိုက်လို့ ဒီလို ဖြစ်ရတယ်လို့လည်း ပြောပါတယ်။

Churg Strauss syndrome မှာတော့ eosinophilsလို့ ခေါ်တဲ့ သွေးဖြူဥတစ်မျိုးက သွေးထဲမှာရော ရောဂါရှိနေတဲ့ တစ်ရူးမှာပါ များနေတာ တွေ့ရပါတယ်။ ဒီသွေးဖြူဥက ကပ်ပါးပိုးနဲ့ ဓာတ်မတည့်ပစ္စည်းတွေကို တိုက်ထုတ်တဲ့ သွေးဖြူဥ အမျိုးအစားပါ။ ခုခံအားဆဲလ်တစ်မျိုးပါပဲ။

ဘာလက္ခဏာတွေ ပြမှာလဲ။

တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ တချို့မှာ လက္ခဏာက မပြင်းထန်ပေမယ့် တချို့ကတော့ အသက်အန္တရာယ်ထိခိုက်လောက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ နောက်ပြီး ဒီရောဂါမှာ အဆင့် ၃ဆင့်ရှိပါတယ်။

ပထမအဆင့်က ရောဂါပျိုးချိန် ( prodromal phase) ပါ။ အသက် ၂၀ပတ်ချာလည်လောက်မှာ ဓာတ်မတည့်တာတွေ၊ ပန်းနာရင်ကြပ်တွေ မကြာခဏ ခံစားရပါတယ်။ ပန်းနာရင်ကြပ်ဆိုလည်း ကလေးဘဝတည်းက ဖြစ်တာမဟုတ်ဘဲ ကြီးမှ ဖြစ်လာတာမျိုးပါ။

ဒုတိယအဆင့်က (eosinophilic phase) ပါ။ သွေးထဲမှာရော ထိခိုက်ထားတဲ့ တစ်ရူးမှာပါ eosinophilsလို့ ခေါ်တဲ့ သွေးဖြူဥတွေ များနေတတ်ပါတယ်။

တတိယအဆင့်က (vasculitic phase) ပါ။ ၂၀ကျော် ၃၀လောက်ဆိုရင် သွေးကြောလေးတွေ စရောင်ပါပြီ။ လက္ခဏာပေါ်ချင်မှ ပေါ်မှာပါ။ တစ်ခါတလေ သွေးကြောမရောင်ခင် ဖျားတာ၊ နုံးတာ၊ ပိန်သွားတာမျိုး ရှိတတ်ပါတယ်။

တခြားလက္ခဏာတွေ အနေနဲ့ ထိခိုက်တဲ့ အစိတ်အပိုင်းပေါ်မူတည်ပြီး

-အရိုးအဆစ်တွေ ကိုက်တာ

-ဗိုက်အောင့်တာ၊ အူလမ်းကြောင်းသွေးယိုတာ

-အနီကွက်တွေထွက်တာ၊ အနာတွေပေါက်တာ

-ခြေတွေ လက်တွေ ထုံတာ၊ကျဉ်တာ စတာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဘယ်အခါ ဆရာဝန်နဲ့ ပြသင့်သလဲ။

လက္ခဏာတွေက တခြားရောဂါတွေမှာလည်း တွေ့နိုင်တဲ့အတွက် ဘယ်ဟာကတော့ Churg Strauss syndromeပါလို့ တိတိပပ မပြောနိုင်ပါဘူး။ ဒါပေမယ့် အသက်ရှူရကြပ်တာမျိုး၊ ဓာတ်မတည့် နှာစေးတာ၊ နှာရည်ယိုတာက အချိန်ကြာတာတောင် မသက်သာတာမျိုး (အထူးသဖြင့် နှာခေါင်းဘေးက လေအိတ်တွေပါ ရောင်ရမ်းပြီး မျက်နှာတွေပါ နာလာခဲ့ရင်)၊ ပန်းနာရင်ကြပ်က ရုတ်တရက် အကြောင်းအရင်းမရှိဘဲ ပိုဆိုးလာခဲ့ရင် ဆရာဝန်နဲ့ သွားပြသင့်ပါတယ်။

ကုသလို့ရပါ့မလား။

ဟိုးအရင်တုန်းကဆိုရင်တော့ ဒီရောဂါက အသေအပျောက်များပါတယ်။ ရောဂါရှိမှန်း သိပြီး ၃လလောက်နေရင် ဆုံးသွားကြရော။ အဓိကကတော့ နောက်ဆက်တွဲအနေနဲ့ ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးတာကြောင့်ပါ။ ခုတော့ ဆေးပညာတွေ တိုးတက်လာပြီဆိုတော့ သိပ်တော့ မဆိုးတော့ပါဘူး။ 5 years survival rateလို့ ခေါ်တဲ့ ၅နှစ် အသက်ရှင်နှုန်းက ၈၀ရာခိုင်နှုန်းလောက် ရှိနေပါပြီ။ ၁၀ယောက်မှာ ၈ယောက်နှုန်းပေါ့။

ဒီရောဂါနဲ့ ပတ်သက်ပြီး သိပ်တော့ မစိုးရိမ်ကြပါနဲ့။ ပထမအချက်က ဒီရောဂါက တော်တော်ရှားတဲ့ ရောဂါပါ။ နောက်တစ်ချက်က အမြစ်ပြတ်အောင် ကုလို့မရသည့်တိုင် ဆေးတွေနဲ့ ရောဂါကို ထိန်းထားလို့ရပါတယ်။ အသက်ရှင်နှုန်းတွေလည်း များလာတဲ့အတွက်ကြောင့်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Htet Htet Zaw Win မှ ရေးသားသည်။ 10/09/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။