backup og meta

ဘာလို့ ရာသီသွေးတွေ အများကြီးဆင်းနေရတာလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘာလို့ ရာသီသွေးတွေ အများကြီးဆင်းနေရတာလဲ။

    ဒါက အမျိုးသမီးတိုင်း သိချင်ကြတဲ့ မေးခွန်းပါပဲ။ ရာသီလာတဲ့အချိန်တိုင်း တစ်ကိုယ်လုံးက သွေးတွေ ခမ်းသွားမလားတောင် ထင်ရတယ်။ ဆင်းလိုက်တဲ့ ရာသီသွေးတွေ ဆိုတာ၊ လဲလိုက်ရတဲ့ pad ဆိုတာလည်း မနည်းမနောပါပဲလား။

    တချို့က ရာသီစလာတဲ့ရက်မို့လို့ အများကြီး ဆင်းတယ်။ ပြီးရင် နည်းသွားတယ်။ တချို့ကလည်း နေ့တိုင်း အများကြီးကို ဆင်းနေတာ။ ဆချို့က ဟိုအရင် ရာသီစလာတည်းက ဒီလိုပဲ အများကြီး ဆင်းနေတာ။ တချို့ကျတော့ အရင်က အဲ့ဒီလောက် မဟုတ်ပါဘူး။ ဒီလပိုင်းအတွင်းမှာမှ အရင်ကထက် ပိုများလာတာ။ ဟုတ်ကြလား လေဒီတို့။

    ဒါတွေဟာ ဘာကြောင့်လဲ။ ပုံမှန်ပဲလား။ ဒါမှမဟုတ် ရောဂါတစ်ခုခုကြောင့်ပဲလား။ စိတ်ထဲက သံသယတွေ ရှင်းသွားအောင် ဆက်ကြည့်ကြဦးစို့။

    ရာသီသွေးဆင်းများတယ်ဆိုတာ ဘယ်လိုဟာမျိုးလဲ။

    ရာသီသွေးက ပုံမှန်ဆိုရင် ၃၀-၄၀ မီလီလီတာလောက် ဆင်းတတ်ပါတယ်။ တချို့ဆို ၈၀ မီလီလီတာလောက် ဆင်းတတ်ပါတယ်။ ဒီထက်ကျော်ရင်တော့ များတယ်ပဲ ပြောရမှာပေါ့။

    လက်တွေ့ဘဝမှာတော့ ဘယ်သူမှ ဒီလို တိုင်းမနေဘူးလေ။ ဒီတော့ မြင်သာအောင် ပြောရရင်

    • တစ်နာရီ တစ်ခါလောက် padတွေ tamponတွေ လဲနေရရင်
    • Padကို နှစ်ထပ်ခံနေရရင်
    • မအိပ်ခင် လဲထားပါလျက်နဲ့ ညလယ်ခေါင်မှ Pad ထလဲနေရရင်
    • ရာသီရက်က တစ်ပတ်ထက် ပိုကြာနေခဲ့ရင်
    • သွေးတုံးသွေးခဲတွေ ပါနေရင်
    • သွေးဆင်းများလွန်းလို့ အလုပ်ပျက် အကိုင်ပျက် ဖြစ်လာရင်
    • သွေးအားနည်းပြီး လူက အားမရှိသလိုအထိ ဖြစ်လာခဲ့ရင် သင်သွေးဆင်းတာ တော်တော်များနေပါပြီ။

    ဘာကြောင့် ရာသီသွေးတွေ အများကြီးဆင်းရတာလဲ။

    ဒီနေရာမှာ ပြန်မေးစရာရှိတာက ခုမှ ရုတ်တရက် သွေးဆင်းများတာလား။ အရင်ကတည်းက ဒီလိုပဲ များတတ်တာလား။ ဘာလို့လဲဆိုတော့ ဖြစ်တဲ့အကြောင်းတွေက မတူဘူးလေ။

    ခုမှ ရုတ်တရက် သွေးဆင်းများတယ်ဆိုရင် ဖြစ်နိုင်တာတွေက

    • သားအိမ်ပြင်ပ သန္ဓေတည်တာ – ဒါဆိုရင်တော့ သွေးဆင်းများတာအပြင် ခါးနာတာ၊ ဗိုက်နာတာတွေပါ ဖြစ်တတ်ပါတယ်။ ဘယ်လိုသိနိုင်လဲဆိုတော့ ကိုယ်ဝန်စစ်သလိုပဲ ဆီးစစ်ကြည့်လို့ရပါတယ်။ သန္ဓေတည်တာက သားဥပြွန်ဆိုရင် ပေါက်ထွက်နိုင်တဲ့ အန္တရာယ်ရှိလို့ မသင်္ကာရင် ဆရာဝန်နဲ့ အမြန်ပြပါ။
    • ကလေးပျက်ကျတာ – ဒါလည်း ဒီလိုပါပဲ။ ကိုယ်ဝန်ရှိမှန်းတောင် မသိလိုက်ဘဲ ဖြစ်သွားနိုင်ပါတယ်။ ရာသီသွေးဆင်းများနေတယ်ဆိုရင်၊ ကိုယ်က အိမ်ထောင်ရှိပြီး ကလေးမတားထားဘူးဆိုရင် သတိထားပေးပါ။
    • သားအိမ်ထဲ ပစ္စည်းထည့်ပြီး သန္ဓေတားတာ – ဒါကတော့ စစထည့်ချင်း တစ်လ နှစ်လဆို ဒီလိုပဲ သွေးဆင်းများတတ်ပါတယ်။ နောက်ပိုင်းကျရင်တော့ ပုံမှန်ပဲ ဖြစ်သွားတတ်ပါတယ်။ စိုးရိမ်စရာ မရှိပါဘူး။ ကိုယ်က ဒီလိုသွေးဆင်းများတာကို မကြိုက်ဘူးဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး တခြားနည်းနဲ့ သန္ဓေတားနိုင်ပါတယ်။
    • ဆေးတွေ သောက်နေတာ – အထူးသဖြင့် သွေးကျဲဆေးတွေက ရာသီသွေးကို များစေပါတယ်။

    အရင်ကတည်းက သူများနဲ့ မတူဘဲ သွေးဆင်းများလွန်းလို့ စိတ်ညစ်ရတယ်ဆို ဖြစ်နိုင်တာတွေက

    • ဟော်မုန်း ပြဿနာရှိနေတာ – အမျိုးသမီးတွေမှာ အရေးကြီးဆုံးက အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်း ဟော်မုန်းတွေပါပဲ။ အီစထရိုဂျင်များလွန်းရင်လည်း သားအိမ်နံရံပိုထူတာကြောင့် သွေးဆင်းလည်း များမှာပါ။ နောက်တစ်ခုက သိုင်းရွိုက်ဟော်မုန်းနည်းနေရင်လည်း ရာသီမမှန်တာ၊ သွေးဆင်းများတာ ဖြစ်တတ်ပါတယ်။
    • သွေးရောဂါရှိတာ – သွေးဆင်းများတဲ့ အမျိုးသမီးတွေရဲ့ ၁၀-၃၀ ရာခိုင်နှုန်းလောက်က ရာသီနဲ့ မဆိုင်ဘဲ သွေးမတိတ်တာ၊ သွေးမခဲတဲ့ ပြဿနာတွေ ရှိနေတာကို တွေ့ရပါတယ်။ ရာသီသွေးဆင်းများတာ အပြင် မကြာခဏ နှာခေါင်း သွေးလျှံတာ၊ သွားဖုံးသွေးယိုတာတွေ ရှိသလား။ ခိုက်မိတာနဲ့ မလိုက်အောင် အညိုအမည်းစွဲလွယ်လားဆိုတာ စဉ်းစားကြည့်ပါ။
    • အလုံးအကျိတ်ရှိနေတာ – သားအိမ်နံရံကနေ အလုံးဖြစ်တာ၊ အသားလုံး ဖြစ်တာ စတာတွေကြောင့်လည်း သွေးဆင်းများတတ်ပါတယ်။
    • ကင်ဆာရောဂါ – ရာသီသွေးဆင်းများတာက သားအိမ်၊ သားအိမ်ခေါင်းနဲ့ သားဥအိမ်ကင်ဆာတွေရဲ့ လက္ခဏာတွေထဲက တစ်ခုပါပဲ. ဒါရှိတာနဲ့ ကင်ဆာပါလို့ တစ်ထစ်ချ ပြောလို့မရပေမယ့်ပေါ့။ ဒါပေမယ့် သွေးဆုံးပြီးမှ သွေးပြန်ဆင်းရင်၊ အမျိုးထဲမှာ ဒီကင်ဆာတွေ မျိုးရိုးရှိနေရင်တော့ သတိထားပါ။
    • သွေးဆုံးခါနီးတာ – သွေးဆုံးခါနီးရင် ဟော်မုန်း အပြောင်းအလဲကြောင့် ရာသီမမှန်တာ၊ သွေးဆင်းများတာတွေ ဖြစ်တတ်ပါတယ်။ ဒါဟာပုံမှန်ပါပဲ။
    • သားအိမ်တစ်ရှူး နေရာမှားတာ – သားအိမ်တစ်ရှူးက မရှိသင့်တဲ့ နေရာ (ဥပမာ သားအိမ်ကြွက်သား၊ သားအိမ်ပြင်ပ)မှာ ရှိနေခဲ့မယ်ဆိုရင် သွေးဆင်းများတတ်ပါတယ်။ သွေးဆင်းများတာ အပြင် ရာသီလက္ခဏာတွေ (ဥပမာ ဗိုက်အောင့်တာ၊ ခါးနာတာ၊ ဆီးစပ်ကိုက်တာ) ကိုလည်း ပြင်းပြင်းထန်ထန် ခံစားရတတ်ပါတယ်။

    ဆရာဝန်ပြဖို့လိုလား။

    ဆရာဝန်ပြဖို့လိုလားဆိုတော့ အနည်းဆုံးတော့ ရာသီသွေးတွေ အဆင်းများရတဲ့ အကြောင်းရင်းကို ရှာတဲ့ အနေနဲ့ ပြသင့်ပါတယ်။ သားဖွားမီးယပ်ဆရာဝန်နဲ့ ပြပါ။ အန္တရာယ်မရှိတဲ့ သွေးဆင်းများခြင်းကတောင် ကြာလာရင် သွေးအားနည်းရောဂါ ဖြစ်နိုင်ပါတယ်။

    ဒါကြောင့် စိတ်ချရအောင် ဆရာဝန်ပြပြီး ကုစရာရှိတာ စောစောစီးစီး ကုလိုက်ပါ။ ကြီးမားတဲ့ ရောဂါကြောင့် မဟုတ်ဘူးဆိုတာ သိရတော့လည်း တစ်မျိုး စိတ်အေးရတာပေါ့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement