backup og meta

သားအိမ် တစ်ရှူးနေရာမှားခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သားအိမ် တစ်ရှူးနေရာမှားခြင်း

    ရာသီလာတိုင်း သူများနဲ့မတူအောင် နာကျင်နေပြီလား။ ဒါမှမဟုတ် ရာသီလာတိုင်းမှာ ချုပ်ရိုးကြောင်းကသွေးထွက်တာ၊ ဝမ်းထဲမှာသွေးပါတာ စတာတွေနဲ့ တွဲဖြစ်နေပြီလား။ ဒီလိုထူးထူးဆန်းဆန်း ဝေဒနာတွေခံစားနေရပြီဆိုရင် သားအိမ် တစ်ရှူးနေရာမှားနေတာလားဆိုတာကို စဥ်းစားရမှာပါ။ ဒါက ရှားပါးတဲ့ရောဂါဖြစ်ပေမယ့် နောက်ပိုင်းကျရင် မျိုးမအောင်တဲ့ ပြဿနာတွေပေါ်လာနိုင်တာမို့လို့ သတိထားတာမမှားပါဘူး။ ဒါကို မပြောခင် ရာသီလာတဲ့အကြောင်းကို အရင်ရှင်းပြပေးပါ့မယ်။ အမျိုးသမီးတွေရဲ့ သားအိမ်နံရံမှာရှိတဲ့ ဆဲလ်တွေက အီစထရိုဂျင်ပရိုဂျက်စတုန်းဟော်မုန်းတွေကို တုံ့ပြန်ပါတယ်။ ဟော်မုန်းထွက်လာရင် သားအိမ်နံရံသားလေးထူလာမယ်။ ဟော်မုန်းမရှိတော့ရင် သားအိမ်နံရံလေးကွာကျမယ်။ ဒါကို ရာသီလာတယ်လို့ပြောတာပါ။ ဒီရောဂါမှာ သားအိမ်တစ်ရှူးက ဘယ်နေရာပဲရောက်နေနေ ဟော်မုန်းကို တုံ့ပြန်လို့ ဒီလိုဖြစ်လာရတာပါ။

    သားအိမ် တစ်ရှူးဘာလို့နေရာလွဲတာလဲ။

    အကြောင်းရင်းကို တိတိကျကျမပြောနိုင်ပေမယ့် ဒါနဲ့ပတ်သတ်ပြီး သီအိုရီတွေ အများကြီးရှိပါတယ်။ ရာသီသွေးက အပြင်ကိုမထွက်ဘဲ နောက်ပြန်ဝင်သွားတာကြောင့်ဖြစ်တာ၊ ဝမ်းဗိုက်အတွင်းသားမှာရှိတဲ့ ဆဲလ်တွေကို ဟော်မုန်းတွေကလှုံ့ဆော်တာ၊ သန္ဓေသားဘဝမှာ ဆဲလ်တွေကို ဟော်မုန်းတွေက သားအိမ်ဆဲလ်တွေဖြစ်အောင်လှုံ့ဆော်တာကြောင့် ကြီးလာလို့သူ့နေရာသူပြန်သွားတဲ့အခါ သားအိမ်ဆဲလ်အဖြစ်ပဲနေရာမှားရောက်သွားတာ၊ သားအိမ်ခွဲစိတ်ထားတဲ့ အမာရွတ်နေရာမှာ သားအိမ်ဆဲလ်တွေ လာတွယ်တာ၊ သွေးတွေ ပြန်ရည်ကြောတွေကနေတစ်ဆင့် သားအိမ်ဆဲလ်တွေ တခြားနေရာကို ရောက်သွားတာ၊ ခုခံအားစနစ်က တခြားနေရာမှားရောက်နေတဲ့ သားအိမ်ဆဲလ်တွေကို မဖျက်ဆီးနိုင်တာစသဖြင့် သီအိုရီတွေ အများကြီးရှိပေမယ့် ဘယ်သီအိုရီကမှ အတိအကျ သက်သေမပြနိုင်ပါဘူး။

    ဘယ်နှစ်မျိုးရှိလဲ။

    Adenomyosis- သားအိမ် တစ်ရှူးတွေက သားအိမ်ကြွက်သားထဲရောက်နေတာပါ။ ဒီတစ်ရှူးတွေက ဟော်မုန်းကို ပုံမှန်တုံ့ပြန်နေတာကြောင့် ရာသီချိန်တိုင်းမှ သွေးဆင်းများတာ၊ ကိုက်ခဲတာ ပိုဆိုးတာပါ။ တချို့ကဒါကို သားအိမ်ထဲ သွေးလုံးတည်တယ်လို့လဲ ခေါ်ကြပါတယ်။

    Endometriosis– သားအိမ် တစ်ရှူးတွေက သားအိမ်ကလွဲပြီး တခြားနေရာရောက်သွားတာကို ပြောချင်တာပါ။ အတွေ့ရအများဆုံးနေရာတွေကတော့ သားဥအိမ် (သားဥအိမ်သွေးအိတ်တည်တယ်လို့ ပြောကြပါတယ်။)၊ သားဥပြွန်၊ သားအိမ်အရွတ်၊ သားအိမ်မျက်နှာစာ၊ သားအိမ်နဲ့ ဝမ်းအိမ် ဒါမှမဟုတ် ဆီးအိမ်ကြားနေရာတွေမှာ တွေ့ရပါတယ်။ ဒါ့ပြင်ရှားရှားပါးပါး အူ၊ မစင်အိမ်၊ ဆီးအိမ်၊ မိန်းမကိုယ်၊ သားအိမ်ခေါင်း၊ ဗိုက်ခွဲထားတဲ့ အနာရွတ်စတဲ့နေရာတွေမှာလည်း တွေ့ရတတ်ပါသေးတယ်။ သားအိမ်တစ်ရှူးရဲ့ သစ္စာရှိပုံကတော့ ဘယ်နေရာပဲရောက်နေနေ ဟော်မုန်းကိုတုံ့ပြန်နေတာကြောင့် သူလည်း ဆဲလ်တွေပွားမယ်၊ ကွာကျမယ်စသဖြင့် လိုက်ဖြစ်နေတာပါ။ ဒါကြောင့်လည်း အောက်ကလက္ခဏာတွေကို ခံစားနေရမှာပါ။

    သားအိမ် တစ်ရှူးနေရာမှားခြင်းရဲ့လက္ခဏာများ

    သူ့ရဲ့အဓိကလက္ခဏာကတော့ ရာသီလာချိန်မှာ အပြင်းအထန်ကိုက်ခဲတာပါပဲ။ အမျိုးသမီးတော်တော်များများက ရာသီလာချိန်မှာ ကိုက်ခဲတတ်ပေမယ့် သူကတော့ ပိုဆိုးပါတယ်။ နာတာကလည်း ကြာလေနာလေပါပဲ။ တခြားလက္ခဏာတွေကတော့

    • ရာသီလာချိန်ကိုက်ခဲတာ- ရာသီစကတည်းက ကိုက်ခဲတာ ရာသီတောက်လျှောက်ပါပဲ။ ဒါ့ပြင် ခါးနာတာ၊ ဆီးစပ်ကိုက်တာလဲ ဖြစ်ပါသေးတယ်။
    • မိန်းမကိုယ်မှာ သားအိမ်တစ်ရှူးရှိနေရင် အတူနေရင် နာပါတယ်။
    • အူလမ်းကြောင်းနဲ့ ဆီးလမ်းကြောင်းမှာ သားအိမ်တစ်ရှူးရှိနေရင်တေ့ာ ဝမ်းသွားရင်နာတာ၊ ဆီးသွားရင်နာတာမျိုးဖြစ်တတ်ပါတယ်။ ဒါ့ပြင် ရာသီသွေးဆင်းတာနဲ့အတူ ဝမ်းထဲသွေးပါတာ၊ ဆီးထဲသွေးပါတာပါဖြစ်တတ်ပါတယ်။ ရာသီပြီးရင်တော့ ပြန်ကောင်းသွားပါတယ်။
    • သွေးဆင်းများတာ- ရာသီသွေးဆင်းများသလို ရာသီကြားဖောက်ပြီးလည်း သွေးဆင်းတတ်ပါတယ်။
    •  တစ်ခါတစ်လေ ကလေးမရလို့ စစ်ဆေးကြည့်လိုက်ကာမှ မတော်တဆတွေ့မိတာမျိုးလည်း ရှိပါတယ်။
    • တခြားလက္ခဏာတွေကတော့ ရာသီချိန်မှာ နုံးတာ၊ ဝမ်းချုပ်တာ ဒါမှမဟုတ် ဝမ်းလျှောတာ၊ လေပွတာ၊ ပျို့တာ စတာတွေဖြစ်တတ်ပါတယ်။

    ဒီနေရာမှာ တစ်ခုပြောချင်တာက ပိုနာလေ ရောဂါပိုဆိုးလေမဟုတ်ပါဘူး။ ရောဂါသိပ်မဆိုးပေမယ့် ပြင်းပြင်းထန်ထန် နာတာမျိုးရှိသလို၊ ရောဂါပြင်းပေမယ့် သိပ်မနာတာမျိုးလည်း ရှိပါတယ်။

    ဘယ်သူတွေပိုဖြစ်နိုင်လဲ။

    • ကလေးတစ်ခါမှမမွေးဖူးတဲ့သူတွေ
    • ရာသီစောပေါ်တဲ့သူတွေ
    • နောက်ကျမှ သွေးဆုံးတဲ့သူတွေ
    • ရာသီစက်ဝန်းတိုတဲ့သူတွေ (ဥပမာ ၂၇ရက်အောက် ရာသီစက်ဝန်းရှိသူတွေ)
    • ၇ရက်ထက်ပိုပြီး ရာသီလာတဲ့သူတွေ၊ သွေးဆင်းများတဲ့သူတွေ
    • ပိန်တဲ့သူတွေ (BMIနည်းတဲ့သူတွေ)မျိုးရိုးရှိတဲ့သူတွေ
    • မိန်းမကိုယ်ပုံစံမမှန်တဲ့သူတွေ

    အလွယ်ပြောရရင် အီစထရိုဂျင်နဲ့ အကြာကြီးထိတွေ့မှုရှိရင် ဒီရောဂါပိုဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီရောဂါရှိတဲ့သူတွေက ကိုယ်ဝန်ဆောင်လိုက်ရင်ပဲဖြစ်ဖြစ် သွေးဆုံးသွားရင်ပဲဖြစ်ဖြစ်(ဟော်မုန်းကုသမှုမခံယူရင်) သက်သာသွားကြပါတယ်။

    နောက်ဆက်တွဲဘာဖြစ်နိုင်လဲ။

    • ကလေးမရခြင်း

    ဒီရောဂါရဲ့ အဓိကပြဿနာက ကလေးမရတာပါ။ ရောဂါရှိသူရဲ့ ၃ပုံ၁ပုံကနေ တစ်ဝက်လောက်က ကလေးရဖို့ ခက်ခဲတတ်ကြပါတယ်။ ကိုယ်ဝန်ရဖို့အတွက်ဆိုရင် မျိုးဥလေးက သားဥအိမ်ကနေထွက် သားဥပြွန်ကိုဖြတ်ရမှာပါ။ ဒီနေရာတွေမှာ သားအိမ်တစ်ရှူးတွေနဲ့ ပိတ်နေရင် ကလေးရဖို့မလွယ်ပါဘူး။

    ကံကောင်းတာက ရောဂါသိပ်မဆိုးတဲ့သူတွေမှာ ကိုယ်ဝန်ဆောင်နိုင်ပြီး ပုံမှန်အတိုင်းကလေးမွေးနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်တွေက ဒီရောဂါရှိတဲ့သူတွေကို ကလေးမြန်မြန်ယူခိုင်းတာပါ။ အကြောင်းက ကြာလာလေလေကိုယ်ဝန်ရဖို့ ခက်လေမို့ပါ။ ပြီးတော့ သိပ်မဆိုးတဲ့သူတွေမှာဆိုရင် ကိုယ်ဝန်ဆောင်လိုက်တာနဲ့ ပျောက်သွားတာမျိုးလည်းရှိပါတယ်။ တစ်နှစ်လောက် အီစထရိုဂျင်မထိတွေ့ရင် တချို့သောသားအိမ်တစ်ရှူးတွေက ကျုံ့သွားလို့ပါ။

  • ကင်ဆာ
  • ဒီရောဂါရှိတဲ့သူတွေက သားဥအိမ်ကင်ဆာဖြစ်နိုင်ချေရှိပါတယ်။ ဒါ့ပြင် ရှားရှားပါးပါး endometriosis-associated adenocarcinoma ဆိုတဲ့ ကင်ဆာတစ်မျိုးလည်း ဖြစ်နိုင်ပါသေးတယ်။

    ကုသနည်း

    နာကျင်မှုပြင်းထန်လွန်းတဲ့အတွက် အနာသက်သာအောင် ဆေးပေးတာ၊ ဟော်မုန်းကုသမှုခံယူတာ၊ လိုအပ်ရင် ခွဲစိတ်တာတွေ လုပ်ရတတ်ပါတယ်။ ဖြစ်ရတဲ့ အကြောင်းအရင်းကို အတိအ်ကျမသိတဲ့အတွက် ကာကွယ်လို့မရပါဘူး။ ရောဂါလက္ခဏာတွေကို သိထားပြီး သံသယရှိရင် စောစောစီးစီးစစ်ဆေးပြီး ကုသမှုခံယူပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement