backup og meta

အိမ်အလုပ် ဆိုတာ အိမ်ထောင်ရှင်လေဒီတို့နဲ့ပဲ ဆိုင်တာလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Ye Myo Myat မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိမ်အလုပ် ဆိုတာ အိမ်ထောင်ရှင်လေဒီတို့နဲ့ပဲ ဆိုင်တာလား

    ဒီအကြောင်းအရာကို ရေးတော့မယ်ကြံတော့ အမျိုးသားထု တော်တော်များများ မကျေနပ်လောက်ဘူးလို့တော့ တွေးထားမိတယ်ဗျ။ ဒါပေမယ့် ဒီတလောမှ ရေးဖို့အတွက် ပေါ်လာတဲ့အတွေးလေးမို့ သေချာတော့ ဖတ်ကြည့်စေချင်ပါတယ်။ အိမ်အလုပ် ဆိုတာ အိမ်ထောင်ရှင်လေဒီတို့နဲ့ပဲ ဆိုင်တာလား

    အိမ်အလုပ် ဆိုတာ အိမ်ထောင်ရှင်လေဒီတို့နဲ့ပဲ ဆိုင်တာလား။

    ဒီနေရာမှာ အိမ်အလုပ် လို့ သုံးနှုန်းထားတဲ့အတွက် ဒီအိမ်တစ်ခုလုံးမှာ နေနေတဲ့သူအားလုံးနဲ့ သက်ဆိုင်ပါတယ်။ ဒီတော့ အမျိုးသမီးတစ်ယောက်တည်းရဲ့ တာဝန်မဟုတ်ပါဘူး။ ဒီအလုပ်တွေဟာ ခင်ပွန်းနဲ့လည်း သက်ဆိုင်သလို အိမ်မှာနေနေတဲ့ ကလေး၊ လူကြီး၊ ဆွေမျိုး အားလုံးနဲ့ သက်ဆိုင်ပါတယ်။ ရှေးယခင်တုန်းကလို အိမ်အလုပ် မိန်းမအကုန်လုပ်၊ ယောက်ျားအလုပ်က ပိုက်ဆံရှာကျွေးရင် ပြီးပြီ၊ အိမ်အလုပ်ဆိုတာ အိမ်ထောင်ရှင်လေဒီ တို့နဲ့ပဲ ဆိုင်တာဆိုတဲ့ အတွေးအခေါ်တွေက ဒီဘက်ခေတ်မှာ အလုပ်မဖြစ်တော့ဘူးဆိုတာ သိထားဖို့တော့ လိုမယ်နော်။

    ဒါဆို အိမ်အလုပ် တာဝန်တွေကို ဘယ်လိုခွဲကြမလဲ။

    လူတိုင်းမှာ ကိုယ်လုပ်ရမယ့် အဓိက တာဝန်ကိုယ်စီရှိပါတယ်။ ယောက်ျားဖြစ်သူက အလုပ်ထွက်လုပ်ဖို့၊ ဝင်ငွေရှာဖို့၊ မိန်းမဖြစ်သူက အိမ်ရဲ့တာဝန်နဲ့ ငွေရေးကြေးရေး ကိစ္စအဝဝကို စီမံခန့်ခွဲဖို့၊ ကလေးတွေက ကျောင်းစာနဲ့ ပညာရေးကို သေချာအာရုံစိုက်ဖို့ပါ။ လုပ်တဲ့ အလုပ်တာဝန်အရ တွက်ကြည့်လိုက်တဲ့အခါ အမျိုးသမီးတွေဟာ ၇ရက်လုံး အလုပ်လုပ်နေရသလောက် အမျိုးသားတွေနဲ့ ကလေးတွေက စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေ၊ ကြားပိတ်ရက်တွေမှာဆိုရင် အနားရပါတယ်။

    အမျိုးသမီးတွေကမှာ နားရက်ဆိုတာ မရှိသလို နားရက်ယူလိုက်ရင်လည်း အိမ်တစ်ခုလုံး ကမောက်ကမ ဖြစ်ကုန်မှာပါ။ ဒီတော့ ရုံးပိတ်ရက်၊ အားလပ်ရက်တွေမှာ အိမ်ထောင်ရှင်လေဒီလေးတွေကို ကူညီပေးရင် ပိုမကောင်းဘူးလား။

    ရုံးပိတ်ရက်တွေမှာဆိုရင် ကလေးတွေအတွက် ပေါ့ပေါ့ပါးပါး ကူညီပေးလို့ ရမယ့် အိပ်ရာသိမ်းတာ၊ ကိုယ်အိပ်တဲ့ နေရာတွေကို သန့်ရှင်းရေးလုပ်တာ၊ အရုပ်တွေကို စနစ်တကျ စီပြီး ပုံးထဲထည့်တာမျိုး၊ အိမ်မှာ စိုက်ပျိုးထားတဲ့ ပန်းပင်လေးတွေကို ရေလောင်းပေးတာ၊ မေမေလျှော်ထားတဲ့ အဝတ်တွေကို လှန်းပေးတာ၊ အဝတ်လေးတွေ ခြောက်သွားရင် ရုပ်ပြီး ညီညီညာညာ ခေါက်ပေးတာ အစရှိသဖြင့် လုပ်ပေးလို့ ရပါတယ်။

    များတယ်လို့ ထင်ရပေမယ့် တကယ်တမ်း လုပ်ကြည့်တဲ့အခါ အချိန် တစ်နာရီလောက်ပဲ ကြာတာပါ။ ကလေးတွေအတွက် အားလပ်ရက် စာလုပ်ချိန်ကိုလည်း မထိခိုက်စေသလို အများကြီးလည်း မပင်ပန်းဘူးနော်။

    ခင်ပွန်းသည်တွေအနေနဲ့ နည်းနည်း ပင်ပန်းတဲ့၊ အားအင်စိုက်ထုတ်ရမယ့် အလုပ်လေးတွေ ကူပေးလို့ ရပါတယ်။ ဥပမာ – အထုပ်အပိုး၊ စားပွဲ၊ ခုံတွေ မပြီး နေရာပြောင်းရွှေ့ကာ သန့်ရှင်းရေးလုပ်ပေးတာမျိုး၊ ပုံနေတဲ့ အဝတ်အစားတွေ အများကြီး မဟုတ်ရင်တောင် ကိုယ့်တစ်ယောက်စာ အဝတ်တွေနဲ့ အတွင်းခံတွေကို လျှော်ပေးခြင်းဟာလည်း ချစ်ဇနီးကို အများကြီး ကူညီပေးရာရောက်ပါတယ်။

    လုံးဝကို ဇနီးသည်ဆီက အမှတ်ပြည့် လိုချင်ရင်တော့ နှစ်ယောက်အတူ အိမ်အလုပ်တွေ ကူလုပ်ပေးရင်းကနေ ညစာချက်ကျွေးတာမျိုး၊ ဒါမှမဟုတ် မိသားစုလိုက် အပြင်ထွက်စားတာမျိုး လုပ်ပေးလို့လည်း ရတာပေါ့။

    ဒီတော့ ခုပြောခဲ့တဲ့ အိမ်အလုပ်တာဝန် ခွဲဝေယူတယ်ဆိုတာ ပိတ်ရက်မှ မဟုတ်ပါဘူး။ ပုံမှန်ရုံးသွားနေရင်းနဲ့တောင် ကိုယ့်တာဝန် ကိုယ်လုပ်လို့ ရပါတယ်။ အချိန်အများကြီး မကုန်ပါဘူး။ မိသားစုဝင် တစ်ယောက်ချင်းက နည်းနည်းလေးစီ ကူလုပ်ပေးခြင်းဟာ ကိုယ့်ရဲ့ ချစ်ဇနီးအတွက် တစ်နေ့တာအလုပ်တာဝန်တွေကို အများကြီး ပေါ့ပါးသွားစေနိုင်ပါတယ်။

    အိမ်အလုပ် ကူလုပ်လို့ ဘာအကျိုးကျေးဇူးရလဲ။

    အမျိုးသားတွေ ထင်မထားတဲ့ အကျိုးကျေးဇူးတွေတော့ အများကြီးပဲဗျ။ အိမ်ထောင်ရှင်မလေးတွေ တစ်နေ့တာ အလုပ်တာဝန် ပေါ့သွားတဲ့အခါ အရမ်း စိတ်ဖိစီးမှု မဖြစ်တော့တဲ့အတွက် အလုပ်လုပ်ရတာ ပိုပျော်ရွှင်လာပြီး မြန်မြန်နဲ့ ပြီးမယ်။ လင်နဲ့ မယား စကား ကတောက်ကဆများတာတွေလည်း သိသိသာသာ နည်းသွားမယ်။ မိသားစုနဲ့ အိမ်ထောင်ဖက်ကြားက သံယောဇဉ်နဲ့ မေတ္တာကိုလည်း ခိုင်မြဲစေတယ်။

    အကောင်းဆုံးကတော့ စိတ်ကြည်လင်ပြီး ပျော်ရွှင်နေတဲ့ သူတစ်ယောက်က ကိုယ့်ချစ်ရသူခင်ပွန်းကိုလည်း ကာမသုခ ဆန္ဒပြည့်ဝအောင် ပိုမိုဖြည့်စွမ်းပေးနိုင်တယ်။ ဒါ့အပြင် အချိန်တွေ ပိုထွက်နေတဲ့အခါ အလှအပနဲ့ ကျန်းမာရေးကိုလည်း ပိုမိုဂရုစိုက်လို့ ရတဲ့အတွက် အိမ်ထောင်သက်ကြာလာရင်တောင် ချစ်ကာစ ကြင်စဦးတုန်းကလိုပဲ အရွယ်တင်နုပျိုပြီး ကျန်းကျန်းမာမာနဲ့ မိသားစုဘဝလေးကို အတူဖြတ်ကျော်လို့ ရတာပေါ့။

    ဒါကြောင့် တစ်အိမ်တည်းမှာ အတူနေနေတဲ့ အိမ်သားအချင်းချင်း သူ့တာဝန်၊ ကိုယ့်တာဝန်ဆိုပြီး တွက်ကပ်မနေဘဲ အဆင်ပြေသလို ရိုင်းပင်းကူညီပေးခြင်းဟာ တစ်ဦးအပေါ် တစ်ဦး မေတ္တာနဲ့ သံယောဇဉ်ကြိုးတွေကို ပိုမိုခိုင်မြဲစေနိုင်တယ်နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Ye Myo Myat မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement