backup og meta

အိမ်မှာသင်ကြား လိင်ပညာအသိတရားများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိမ်မှာသင်ကြား လိင်ပညာအသိတရားများ

    ကလေးတွေကို လိင်အသိပညာပေးခြင်းဟာ ဘာကြောင့် အရေးကြီးတာလဲ။

  • အမျိုးသားနဲ့အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံ ကွဲပြားမှုတွေကို နားလည်စေရန်။
  • ကျား/မ လိင် အရ တူညီချက်တွေနဲ့ကွဲပြားခြားနားချက်တွေကို သိရှိစေရန်။
  • ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ မိမိရဲ့လိင်အရ တာဝန်ယူတတ်မှုရှိလာစေရန်။
  • လိင် အသိပညာကို သင်ကြားရခြင်းကြောင့် လူမှုဆက်ဆံရေးနယ်ပယ်မှာ ကိုယ်ကျင့်တရား ကောင်းမွန်တဲ့သူ တစ်ယောက်အဖြစ် ကြီးပြင်းလာစေရန် ရည်ရွယ်ပါတယ်။
  • ဘယ်အချိန်မှာ လိင်ပညာပေးခြင်းကို ပြုလုပ်သင့်သလဲ။ ဘယ်သူတွေက ပေးသင့်သလဲ။

    ယနေ့ခေတ်မှာ နည်းပညာတွေ တစ်ဟုန်ထိုး တိုးတက်လာတာနဲ့အမျှ လိင်ကိစ္စအပေါ် ကလေးတွေရဲ့ စိတ်ဝင်စားမှု မြင့်လာကြပါတယ်။ လိင်အကြောင်းကို ပိုမိုသိချင်လာကြပါတယ်။ လူမှုကွန်ယက် စာမျက်နှာတွေကနေ အလွယ်တကူ ရှာဖွေလာကြပါတယ်။ ဒီလိုအချိန်မှာ မိဘတွေဘက်က ခြေတစ်လှမ်းဦးထားဖို့ လိုအပ်ပါလိမ့်မယ်။ လိင်အသိပညာကို မှန်ကန်တဲ့နည်းလမ်းနဲ့ အသိပညာပေးထားသင့်ပါတယ်။ ကလေးတွေကို လိင်ပညာ ပေးခြင်းအတွက် ပဏာမတာဝန်ရှိသူဟာ မိဘတွေပါပဲ။ စောစောပေးနိုင်လေ မိမိကလေးဟာ လိင်အသိ ပညာကြွယ်ဝလေဖြစ်တဲ့အတွက် မဖြစ်သင့်တာမဖြစ်နိုင်တော့ပါဘူး။

    မိဘနှစ်ဦးအနက် မိခင်တစ်ဦးတည်းမှာပဲ တာဝန်ရှိတယ်လို့ လူတော်တော်များများ ထင်တတ်ကြပါတယ်။ ဖခင်ရဲ့ အခန်းကဏ္ဍဟာလည်း အရေးကြီးပါတယ်။ ယောက်ျားလေးတစ်ယောက်ဟာ မိမိရဲ့ဖခင်ကို စံနမူနာ ယူကြီးပြင်းလာနိုင်သလို၊ မိန်းကလေးတစ်ယောက်ဟာလည်း မိမိရဲ့ အနာဂတ် လက်တွဲဖော်ယောက်ျား တစ်ယောက်မှာရှိသင့် ရှိထိုက်တဲ့ ကိုယ်ကျင့်တရားတာဝန်ယူမှုတွေကို သိရှိနိုင်မှာဖြစ်ပါတယ်။

    လိင်အသိပညာပေးတော့မယ်ဆိုရင် ဘာတွေအရင်ဆုံးပြင်ဆင်ထားသင့်သလဲ။

    • မိမိကလေးနဲ့ မိမိအကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုကို အရင်တည်ဆောက်ထားပါ။
    • မိမိရဲ့ဂရုစိုက်မှုတွေကို ကလေးက သိရှိနေပြီးဖြစ်ပါစေ။
    • ကလေးရဲ့ဝါသနာတွေကို အတူတကွ လိုက်လုပ်ဆောင်ပေးပါ။ (ဥပမာ၊ ပန်းချီဆွဲခြင်း၊ သီချင်းဆိုခြင်း)
    • ကလေးရဲ့ အခွင့်အရေးကို အပြည့်အဝပေးထားပါ။

    နွေးထွေးတဲ့မိသားစု ဆက်ဆံရေးကို တည်ဆောက်ထားခြင်းကြောင့် လိင်အသိပညာပေး တဲ့အခါ ပိုမိုနားဝင်စေပြီး မိဘအပေါ်ကို ယုံကြည်မှုအပြည့်အဝရှိနေမှာပါ။

    လိင်အသိပညာကို ဘယ်လိုနည်းလမ်းတွေနဲ့ပေးမလဲ။

    (၁)      သင့်တော်တဲ့အချိန်ကို ရွေးချယ်ပါ။ အမေးအဖြေများနဲ့ သင်ကြားပေးပါ။

    တီဗီ/ဗီဒီယိုတွေမှာလာတဲ့ ပညာပေးအစီအစဉ်တွေကို အရင်ကြည့်ခိုင်းပါ။ ကြည့်ပြီးတဲ့အခါ ကလေးကို စဉ်းစား တွေးတောစေပြီး သူတို့ဘာသာ မေးခွန်းလေးတွေထုတ်ပြီး မေးပါစေ။ သင့်တော်တဲ့ နည်းလမ်းလေးတွေ သုံးပေးပါ။ ဒါပေမယ့် သတိပြုစရာတစ်ချက်ကတော့ လိင်အကြောင်းပြောနေစဉ်မှာ အခြားလူတွေ မရှိပါစေနဲ့။ သင်နဲ့သင့်ကလေးသာရှိပါစေ။ အခြားလူတွေရှေ့မှာဆိုရင် သူတို့လေးတွေကိုရှက်ရွံ့စေပြီး မဝံ့မရဲ ဖြစ်စေမှာပါ။

    (၂)      ယုံကြည်မှု တည်ဆောက်ပေးပါ။

    ကျား/မ သဘာဝအရ ပြောင်းလဲလာတဲ့ စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေအပေါ်မှာ ယုံကြည်မှုရှိပါစေ။ မိမိကိုယ်ကို တန်ဖိုးထားတတ်ပါစေ။

    (၃)      နားလည်နိုင်တဲ့စကားတွေကိုသုံးပြီးတော့သာ အသိပညာပေးပါ။

    အသက်အရွယ်အလိုက် မိမိကလေးရဲ့ နားလည်နိုင်စွမ်းကိုသိရှိပါ။ သူတို့လေးတွေမေးလာတဲ့ မေးခွန်းတွေကိုလည်း သူတို့နားလည်နိုင်လောက်တဲ့၊ ယဉ်ပါးတဲ့စကားတွေနဲ့သာ ပြန်လည်ဖြေကြားပေးပါ။

    (၄)      ကလေးတွေကို နားလည်ပါ။ မိမိကိုယ်ကိုလည်း နားလည်ပါ။

    ကလေးတွေရဲ့ ကစားချိန်၊ နားချိန်၊ စာလုပ်ချိန်စတဲ့ အရာတွေမှာ အတူတကွ လိုက်လုပ်ပေးပါ။ ဒါမှသာ အပြန်အလှန် နွေးထွေးတဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်မှာပါ။ ကလေးတွေအနေနဲ့ မိမိ ခင်တွယ်အားကိုးတဲ့သူ အမေဖြစ်စေ၊ အဖေဖြစ်စေ နဲ့ လိင်ကိစ္စ ပြောကြားရာမှာ ရဲရဲဝံ့ဝံ့နဲ့ ပွင့်ပွင့်လင်းလင်း ရှိနေမှာပါ။

    (၅)      ပြစ်တင်ဝေဖန်ခြင်းကို လုံးဝလုံးဝ မလုပ်မိပါစေနဲ့။

    စာသင်ခန်းထဲမှာ စာသင်နေသလို အသံအနေအထား ဟန်ပန်မျိုးနဲ့ လုံးဝမပြောမိပါစေနဲ့။ သူတို့ လေးတွေရဲ့ နားမလည်မှုအပေါ်မှာလည်း ပြစ်တင်မှုမျိုးမလုပ်ပါနဲ့။ ကလေးဆိုတဲ့ သဘောဟာ အရာအားလုံးကိုတော့ အလွယ်တကူ နားလည်မှာမဟုတ်ပပါဘူး။

    (၆)      စိတ်ရှည်ကြင်နာပါ။

    ကလေးတွေဆီမှာလည်း လိင်ဆိုတဲ့ အရာကို ထင်မြင်ချက်တွေ ရှိနေတတ်ကြပါတယ်။ သူတို့ နားလည် သဘောပေါက်ထားဖူးတဲ့ “လိင်မှုရေးရာ”တွေ၊ သူတို့လေးတွေရဲ့ ထင်မြင်ချက်တွေဟာ မိမိလို လူကြီး တစ်ယောက်နဲ့ မတူကွဲပြားနေနိုင်ပါတယ်။ ဒီလိုအချိန်မှာ ဒေါသမထွက်လိုက်ပါနဲ့။ မိမိရဲ့ ထင်မြင်ချက်ကို စိတ်ရှည်ရှည်၊ တည်တည်ငြိမ်ငြိမ်နဲ့ ပြန်လည်ပြောပြပေးပါ။

    (၇)      ရိုးသားပါ

    လိင်မှုရေးရာ အပေါ် ကလေးကမေးခွန်းတွေထုတ်လာတဲ့အခါ အဖြေမှန်ကိုသာ ဖြေကြား ပေးပါ။ သူတို့လေးတွေ စိတ်ကျေနပ်အောင်  အမှန်တရားကို ဖုံးကွယ်လိုက်တာမျိုး လုံးဝမလုပ်ပါနဲ့။ မိမိကိုယ်တိုင် မသိရင်လည်း မသိတဲ့အကြောင်း အမှန်အတိုင်း ဖြေပါ။ ကျား/မလိင် ကွဲပြားမှုအပေါ် မိမိတစ်ဦးတည်းရဲ့ တစ်ဖက်သတ်အမြင်ကိုလည်း မချပြပါနဲ့။

    (၈)      ပြောတဲ့အတိုင်းလုပ်ပါ။

    လိင်မှုရေးရာမှာ ဘယ်လိုအပြုအမူဟာ ကောင်းတယ်၊ ဘယ်ဟာကတော့ မကောင်းဘူး ဆိုတာတွေ ပြောပြနေပြီး မိမိကိုယ်တိုင်လည်း မိမိပြောသလို ကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်အောင် နေထိုင်ပါ။ အပြောတင် မဟုတ် အလုပ်နဲ့ သက်သေပြပါ။ ကလေးအတွက် စံပြုပုဂ္ဂိုလ်ဖြစ်နေပါစေ။

    (၉)      သင်ထောက်ကူပစ္စည်းတွေအသုံးချပါ။

    လိင်ပညာပေးစာအုပ်တွေ၊ ဗီဒီယိုတွေကိုပြသပြီး ကလေးနဲ့တူတူ အပြန်အလှန်ဆွေးနွေးပါ။ အရိုင်း ဆန်ဆန်ဇာတ်ကားမျိုးကို ဆိုလိုခြင်းမဟုတ်ပါဘူး။ လိင်အသိပညာအကြောင်း ပညာသားပါပါ ရိုက်ကူး ထားတဲ့အရာမျိုးတွေကို ဆိုလိုတာပါ။

    (၁၀)    သူတို့လေးရဲ့ လူမှုဘဝဟာ ကျယ်ပြန့်ပါစေ။

    မိမိကလေးကို ကျောင်းကပြုလုပ်တဲ့ အုပ်စုတွေမှာပါဝင်ပါစေ။ (ဥပမာ လူငယ်စေတနာ့လုပ်အားရှင်များအသင်း၊ ကင်းထောက် လူငယ်များအသင်း၊ အမျိုးသမီးသီးသန့်အားကစားအသင်း၊ ဘောလုံး အသင်းစတဲ့ အသင်းတွေမှာ အဖွဲ့ဝင်တစ်ယောက်ဖြစ်ပါစေ)

    သူတို့ရဲ့ ကျောင်းပတ်ဝန်းကျင်အသိုင်းအဝိုင်းကိုလည်း မိမိနဲ့ မကင်းမကွာရှိနေပါစေ။ မိမိကိုယ်တိုင် လည်း ကလေးတွေရဲ့ လိင်ပညာပေးခြင်းနဲ့ ပညာရေးဘက်ကို ထောက်ပံ့ပေးဖို့ ဖွဲ့စည်းထားတဲ့ အသင်း တွေထဲ ဝင်ရောက်ဆက်သွယ်ပေးပါ။

    ကလေးတွေရဲ့ လိင်မှုရေးရာအပေါ် အမြင်ဟာ သူတို့လေးတွေရဲ့ ကိုယ်ကျင့်တရားနဲ့ တိုက်ရိုက် သက်ရောက်ပါတယ်။ ဒါကြောင့် ငယ်စဉ်အခါကတည်းက လက်ဦးဆရာဖြစ်တဲ့ မိဘတွေဟာ မိမိရဲ့ကလေးကို လိင်ပညာပေးထားဖို့ လွန်စွာအရေးကြီးပါတယ်။ ဒါမှသာ သူတို့လေးတွေအပေါ် ကျရောက်လာနိုင်တဲ့ အန္တရာယ်တွေကို ကျော်လွှားနိုင်ကြမှာပါ။

    ရေးသားသူ-ဒေါက်တာမှူးခင်

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement