backup og meta

စိတ်အေးချမ်းသာ ပျော်ရွှင်အောင် အပင်လေးတွေစိုက်ကြမယ်


Ye Myo Myat မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်အေးချမ်းသာ ပျော်ရွှင်အောင် အပင်လေးတွေစိုက်ကြမယ်

    ကျွန်တော်တို့ ရုံးပိတ်ရက် အားလပ်ချိန်လေးတွေမှာ နယ်ဘက်တွေ ခရီးထွက်ရင် အရမ်းစိတ်ချမ်းသာရတယ်နော်။ ကျေးလက်သဘာဝရဲ့ ရိုးရှင်းမှုတွေ၊ တောတောင်ရေမြေရဲ့ အေးချမ်းမှုတွေ၊ သဘာဝသစ်ပင်ပန်းမန်တွေရဲ့ စိမ်းစိုနေမှုတွေ မြင်လိုက်ရင် ရင်ထဲမှာ ဖြစ်နေတဲ့ ပူလောင်တာ၊ စိတ်ညစ်စရာ၊ စိတ်ဖိစီးမှုတွေ တော်တော်လေး သက်သာသွားမလို ခံစားဖူးကြမှာပါ။

    ဒါဆို ကိုယ့်အိမ်မှာ ကိုယ့်လက်ကိုယ့်ခြေနဲ့ သေချာ ပန်းပင်လေးတွေ စိုက်ပျိုးတာဆိုရင်ရော ပိုမကောင်းဘူးလား။ အနည်းဆုံးတော့ဗျာ ကိုယ့် မနက်ခင်းနိုးထလာတဲ့အချိန်တွေ၊ ကိုယ်အရမ်း စိတ်ညစ်နေတဲ့အချိန်မျိုးမှာ ကိုယ်သေချာ စိုက်ထားတဲ့ ပန်းပင်လေးတွေ စိမ်းစိုနေတာ မြင်ရရင် တော်တော်လေးကို စိတ်ချမ်းသာမိမှာ အသေအချာပါပဲ။

    သစ်ပင်စိုက်ပျိုးခြင်းဟာ စိတ်ကို ငြိမ်းချမ်းစေတဲ့ ကုထုံးတစ်မျိုးပါပဲ။

    ၁။ နေ့စဉ် စိတ်ဖိစီးမှုကို ခံစားနေရသူတွေအတွက် သစ်ပင်ပန်းမန် စိုက်ပျိုးခြင်းဟာ ကိုယ့်ရဲ့ နေ့စဉ်စိတ်ကျန်းမာရေးပြဿနာကို မေ့ပျောက်သွားစေဖို့ ထွက်ပေါက်တစ်ခု ဖြစ်စေပါတယ်။

    ၂။ တစ်ယောက်တည်း နေရတဲ့သူ တော်တော်များများက သူများထက် ပိုပြီး အထီးကျန်တတ်ပါတယ်။ အထီးကျန်ခြင်းဟာ သိပ်ပြီး စိုးရိမ်စရာ မရှိတဲ့တိုင်အောင် တခြားစိတ်ကျန်းမာရေး ပြဿနာများ ဝင်လာနိုင်ဖို့ တံခါးဖွင့်ပေးလိုက်တာနဲ့ အတူတူပါပဲ။ ဒီပြဿနာအတွက်လည်း ပုံမှန် အပင်စိုက်နေခြင်းဖြင့် ကိုယ့်ရဲ့ စိတ်ကို စုစည်းနိုင်စေတယ်။ အထီးကျန်နေတဲ့ ခံစားချက်ကို ပျောက်ကင်းစေပါတယ်။

    ၃။ လူတွေက စိတ်ညစ်ပြီဆိုရင် အခန်းအောင်းပြီး အရာရာကို အမှောင်ဖုံးထားတတ်ကြတယ်။ သစ်ပင်ပန်းမန်လေးတွေကို ပုံမှန်စိုက်ပျိုးနေရတဲ့အခါ အိပ်ရာကနေ ထပြီး နေရောင်ခြည်နဲ့ ထိတွေ့ခြင်းဖြင့် စိတ်ကို လန်းလန်းဆန်းဆန်း ဖြစ်စေတယ်။

    ၄။ လေ့လာတွေ့ရှိချက်တွေအရ အစိမ်းရောင်အပြင် တခြား တောက်ပပြီး စိုလက်နေတဲ့ အရောင်တွေဟာ လူတွေရဲ့ စိတ်ကို အေးချမ်းစေသလို တက်ကြွလန်းဆန်းစေနိုင်တယ်လို့ ဆိုထားပါတယ်။

    ၅။ သစ်ပင်ပန်းမန်တွေကနေ ရတဲ့ သဘာဝမွှေးရနံ့များက ကိုယ့်ရဲ့ အိမ်ခန်းပတ်ဝန်းကျင်ကို ပျံ့နှံ့သွားစေပြီး အိမ်ထဲမှာ နေနေသူတိုင်းရဲ့ စိတ်ကို ပျံ့လွင့်မသွားစေဘဲ အာရုံစုစည်းမှု ကောင်းစေအောင်လည်း ပံ့ပိုးပေးနိုင်တယ်။ လူကို သက်သောင့်သက်သာ ဖြစ်စေပြီး စိတ်ဖိစီးမှုကြောင့် တောင့်တင်းနေတဲ့ ကြွက်သားတွေကိုလည်း ပြေလျော့စေနိုင်ပါတယ်။

    ၆။ စိတ်ကျန်းမာရေး ပြဿနာရှိနေပြီး ဆေးသောက်ဖို့အတွက် မယုံကြည်သူ၊ မဝံ့မရဲဖြစ်နေသူတွေအတွက် သစ်ပင်ပန်းမန် စိုက်ပျိုးခြင်း စိတ်ကုထုံးဟာ လူတစ်ယောက်ရဲ့ စိုးရိမ်ပူပန်ခြင်း၊ စိတ်ဖိစီးမှု၊ အာရုံဝေဝါးထွေပြားမှု၊ လွန်နေတဲ့ အတွေးတွေကို အဝေးလွင့်ဖယ်စေကာ ဒီအလုပ်တစ်ခုတည်းကိုပဲ အာရုံစူးစိုက်စေပါတယ်။

    ၇။ သတိမေ့တတ်သူတွေ၊ အလုပ်အရမ်းများတဲ့သူတွေအတွက်လည်း ဒီအလေ့အကျင့်ဟာ ကိုယ့်ဦးနှောက်အာရုံကြောစနစ်ကို ပုံမှန်အတိုင်း အလုပ်လုပ်နိုင်စေဖို့ ကူညီပေးနိုင်ပါတယ်။

    ၈။ သစ်ပင်ပန်းမန် စိုက်ပျိုးခြင်းဟာ သက်ရှိသတ္တဝါကို ပြုစုပျိုးထောင်ပေးနေရတာ ဖြစ်လို့ တာဝန်ယူစိတ်၊ မေတ္တာ၊ ဂရုဏာတွေကိုလည်း တိုးပွားစေနိုင်တယ်။ ကိုယ့်လက် ကိုယ့်ခြေနဲ့ ပျိုးထောင်ပေးနေတဲ့ အပင်၊ ကိုယ့်မျက်စိမှာပဲ ကြီးပြင်းလာရတာကို မြင်ရတဲ့အခါ ဂုဏ်ယူပီတိဖြစ်မှု၊ မိမိကိုယ်ကိုယ်ရော တခြားသူကိုပါ တန်ဖိုးထားစိတ်တွေ ဖြစ်စေနိုင်ပါတယ်။

    ၉။ စိတ်ဆိုးဒေါသထွက်နေတဲ့ သူတစ်ယောက်အတွက်လည်း စိတ်အာရုံ အပြောင်းအလဲ ဖြစ်စေဖို့ ကူညီပေးနိုင်သလို ကိုယ့်တာဝန်တွေ ပြီးဆုံးသွားတဲ့အခါ ညစ်နေတဲ့စိတ်တွေ အနည်းငယ် ပေါ့ပါးသွားတာကို ခံစားမိမှာပါ။

    ဒါဆို မကြာခဏ စိတ်ညစ်နေသူတွေ၊ စိတ်ဖိစီးမှုကို ခံစားနေရတယ်ဆိုရင် ကိုယ့်အိမ်ခန်းလေးထဲမှာ သစ်ပင်ပန်းမန်းလေးတွေ စိုက်တဲ့ အလေ့အကျင့်လေး စမ်းလုပ်ကြည့်ပါလို့ အကြံပေးလိုက်ချင်ပါတယ်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement