Hypothalamus ဆိုတာ ဟော်မုန်းတွေရဲ့ ခေါင်းဆောင်ပါ။ သူ့မှာ ရောဂါတစ်ခုခုဖြစ်လို့ ဟော်မုန်းတွေ မထုတ်နိုင်တော့ဘူးဆိုရင် ရာသီမလာတာ အပါအဝင် တခြား ဟော်မုန်း ပြဿနာတွေပါ ကြုံရမှာပါ။
မျိုးဗီဇပြဿနာထဲမှာဆိုရင်တော့
ဒီရောဂါမှာ အမျိုးသမီး ခရိုမိုဆုမ်း ဖြစ်တဲ့ X တစ်ခု ဒါမှမဟုတ် နှစ်ခုလုံး ပျောက်နေနိုင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသမီးတစ်ယောက်လိုပဲ ပုံပန်းသွင်ပြင်ရှိပြီး သာမန်လူတစ်ယောက်လို နေနိုင်ပါတယ်။ အရွယ်ရောက်လို့ ရာသီမပေါ်လို့ စစ်ဆေးကြည့်မိတော့မှ ဒီပြဿနာ ရှိမှန်း သိတာပါ။
ကြုံခဲ့ဖူးတာ တစ်ခုက ကလေးမလေးက ဘွဲ့ရပညာတတ်လေးပါ။ သူကြည့်တော့လည်း သာမန်ပါ။ အိမ်ထောင်ပြုခါနီး ရာသီတစ်ခါမှ မလာလို့ နောက်ပိုင်း ကိုယ်ဝန်ဆောင်ဖို့ အခက်အခဲရှိမှာစိုးလို့ စစ်ရာကနေ မျိုးဗီဇပြဿနာ Turner syndrome ရှိနေမှန်း သိရတာပါ။
- သားဥအိမ် ရေအိတ်တည်ခြင်း ပြဿနာ (PCOS)
ဒါကတော့ တော်တော်များများ သိကြမှာပါ။ အမျိုးသမီးဖြစ်ပေမယ့် အမျိုးသားဟော်မုန်း အန်ဒရိုဂျင်များနေတာပါ။ ရောဂါအနေအထားပေါ်လိုက်ပြီး ရာသီလုံးဝမလာတာကနေ ရာသီမမှန်တာအထိ ဖြစ်တတ်ပါတယ်။ အဖြစ်များတဲ့ မျိုးပွားခြင်းဆိုင်ရာ၊ ဟော်မုန်းဆိုင်ရာ ပြဿနာ တစ်ခုပါပဲ။ ရာသီမလာတာအပြင် တခြားလက္ခဏာတွေဖြစ်တဲ့ အဝလွန်တာ၊ အမွေးအမျှင်များတာ၊ အင်ဆူလင် ခံနိုင်ရည်ရှိပြီးသွေးတွင်းသကြားဓာတ်များနေတာ စတဲ့ ပြဿနာတွေလည်း ရှိပါတယ်။
အပျိုလေး တစ်ယောက်မှာ ရာသီမလာစေ၊ ရာသီနောက်ကျစေတဲ့ တခြားအကြောင်းတွေကတော့
-စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ စိတ်ဖိစီးမှုများတာ
-လေ့ကျင့်ခန်း အပြင်းအထန်လုပ်တာ
-အာဟာရချို့တဲ့တာ
-နာတာရှည်ရောဂါတစ်ခုခုရှိနေတာ
-မိသားစုမျိုးရိုးကိုက ရာသီနောက်ကျတဲ့ မျိုးရိုး ဖြစ်နေတာ စတာတွေလည်း ဖြစ်နိုင်ပါတယ်။
မေမေတွေကို မှာချင်တာက အပျိုအရွယ်သမီးလေးက ရာသီလာရမယ့်အရွယ်မှာ မလာရင် သားဖွားမီးယပ်ဆရာဝန်နဲ့ ဆွေးနွေးဖို့ လိုပါမယ်။ သွေးဆေးတွေ၊ အပုပ်ကျဆေးတွေ၊ ချပ်ဆေးတွေနဲ့ အိမ်မှာ ကုမနေစေချင်ပါဘူး။ ရာသီလာသွားစေချင်တာထက် နောက်ခံအကြောင်းအရင်းကို ရှာပြီး ကုဖို့က လိုရင်းပါပဲ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။