home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ရာသီထိန် တယ်။ နှစ်ကြောင်းလည်း မပေါ်ဘူး။ ဘာဖြစ်နိုင်လဲ။

ရာသီထိန် တယ်။ နှစ်ကြောင်းလည်း မပေါ်ဘူး။ ဘာဖြစ်နိုင်လဲ။

Hello ဆရာဝန်ကို လာမေးကြတဲ့ မေးခွန်းတွေထဲမှာ အတွေ့ရများတာက ရာသီထိန် နေတယ်။ ဆီးစစ်တော့လည်း နှစ်ကြောင်း မပေါ်ဘူး။ ဘာဖြစ်နေတာလဲပေါ့။ ဒါမျိုးတွေ ခဏ ခဏ လာမေးကြပါတယ်။ တကယ်တော့ ရာသီထိန်ရင် အရင်ဆုံး စဉ်းစားရမှာ ကိုယ်ဝန်ပါပဲ။ ကိုယ်ဝန်မဟုတ်ဘူး သေချာရင် တခြား အကြောင်းတွေကို စဉ်းစားမှာပါ။ ဒါတွေက ဘာဖြစ်နိုင်လဲ။ ကြည့်ကြည့်ရအောင်။

ရာသီထိန် ခဲ့ရင် . . . . .

  • ကိုယ်အလေးချိန် အပြောင်းအလဲ

ရုတ်တရက် ကိုယ်အလေးချိန် အများကြီး တက်လာတယ် ဒါမှမဟုတ် အများကြီး ကျသွားတယ်။ ဒီလိုဆိုရင် ကိုယ်ထဲမှာ ရှိတဲ့ ဟော်မုန်းတွေက ကမောက်ကမ ဖြစ်ပြီး ရာသီထိန်တတ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းကျရင်တော့ ရာသီပြန်ပေါ်လာပါတယ်။

  • စိတ်ဖိစီးမှု

အချိန်တော်တော်ကြာ ဒါမှမဟုတ် ပြင်းပြင်းထန်ထန် စိတ်ထိခိုက်ရတယ်။ စိတ်ဖိစီးရတယ်ဆိုရင် ဦးနှောက်မှာရှိတဲ့ မျိုးပွားခြင်းနဲ့ ဆိုင်တဲ့ဟော်မုန်းတွေ ထုတ်တာကို ထိခိုက်ပါတယ်။ ဒါကြောင့် မျိုးဥကြွေတာကို ထိခိုက်ပြီး ရာသီထိန်တာပါ။ စိတ်ဖိစီးမှု သက်သာသွားရင် ရာသီပြန်ပေါ်ပါတယ်။ တစ်ခါတစ်လေ စိတ်ဖိစီးမှုများလို့ ရာသီထိန်တယ်။ ရာသီထိန်တာ ဘာကြောင့်လည်းလို့ တွေးပြီး စိတ်တွေ ဖိစီး။ အဲ့ဒီတော့ ရာသီကပိုထိန်နဲ့ သံသရာလည်နေတာမျိုးလည်း ရှိတတ်ပါတယ်။

  • လေ့ကျင့်ခန်း အလွန်အကျွံလုပ်ခြင်း

လေ့ကျင့်ခန်း အလွန်အကျွံလုပ်ခြင်းက ရာသီထိန်ခြင်းကို ဖြစ်စေပါတယ်။ အထူးသဖြင့် ကိုယ်အလေးချိန် နည်းလွန်းတဲ့သူတွေ၊ အဆီနည်းတဲ့သူတွေက ပိုပြီး သတိထားသင့်ပါတယ်။ ဒါကို exercise-associated amenorrhea လေ့ကျင့်ခန်းကြောင့် ရာသီထိန်ခြင်းလို့ ခေါ်ပါတယ်။

  • ပရိုလက်တင် အထွက်များခြင်း

ပရိုလက်တင် (Prolactin) ဆိုတာ နို့တိုက်ချိန်မှာ ထွက်တဲ့ ဟော်မုန်း တစ်မျိုးပါ။ သူက ရာသီကို ထိန်စေပါတယ်။ ဒါကြောင့် နို့တိုက်မိခင်တွေ ရာသီမလာတာပေါ့။ နို့မတိုက်ပေမယ့် နို့သီးခေါင်းကနေ နို့ရည်လိုမျိုးထွက်နေမယ်ဆိုရင် ဒါဟာ ခန္ဓာကိုယ်က ပရိုလက်တင်အများကြီး ထုတ်နေလို့ပါ။ ပရိုလက်တင် အထွက်များတာက ဆေးကုသလို့ရပါတယ်။ ကုလိုက်ရင် ရာသီပြန်လာပါတယ်။

  • သိုင်းရွိုက်ပြဿနာ

သိုင်းရွိုက်ဂလင်းကနေ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်အတွက် လိုအပ်တဲ့ သိုင်းရွိုက်ဟော်မုန်းကို ထုတ်ပေးပါတယ်။ သိုင်းရွိုက်ဟော်မုန်း ထုတ်တာနည်းတဲ့ Hypothyroidism ဖြစ်ဖြစ် အထုတ်များတဲ့ Hyperthyroidism ဖြစ်ဖြစ် ရာသီလာတာကို ထိခိုက်ပါတယ်။ ရာသီမမှန်တာအပြင် တခြားလက္ခဏာတွေကတော့

-အကြောင်းရင်းမရှိဘဲ နှုံးနေတာ၊ အားမရှိသလို ခံစားရတာ

-ဆံပင်တွေ ကျွတ်တာ

-အကြောင်းရင်းမရှိဘဲ ဝလာတာ၊ ပိန်လာတာ

-အချိန်တိုင်း ချမ်းနေတာ ဒါမှမဟုတ် ပူနေတာ စတာတွေပဲ ဖြစ်ပါတယ်။

  • သားဥအိမ် ရေအိတ်တည်ခြင်း ရောဂါစု (PCOS)

PCOS ရှိတဲ့သူတွေက သားဥအိမ်မှာ ရေအိတ်တည်တာတွေ အပြင် ဟော်မုန်း မမျှတတာကြောင့် တခြား ကျန်းမာရေး ပြဿနာတွေလည်း ရှိနိုင်ပါတယ်။ အရွယ်ရောက်ပြီး အမျိုးသမီးရဲ့ ၁၀ ရာခိုင်နှုန်းက PCOS ရှိတတ်ပါတယ်။ လက္ခဏာတွေကတော့

-ရာသီမမှန်တာ၊ ထိန်တာ

-ရာသီလာပြန်တော့လည်း နည်းလွန်းတာ၊ များလွန်းတာ

-ဝက်ခြံအထွက်များတာ၊ တင်းတိပ်လို အညိုကွက်တွေ၊ အသားပိုတွေ ထွက်တာ

-အဝလွန်တာ

-ဆံပင်ပါးတာ

-အိပ်ဟောက်ရှူရပ်ရောဂါရှိတာ

-ကိုယ်ဝန်အရခက်တာ

-မျက်နှာ၊ ကျောနဲ့ ပေါင်မှာ အမွေးထူတာ စတာတွေပဲ ဖြစ်ပါတယ်။

  • အစားအသောက် ပြဿနာ

Anorexia လို့ ခေါ်တဲ့ ဝမှာစိုးလို့ အစားမစားတဲ့ ပြဿနာရှိတဲ့သူတွေမှာ ရာသီထိန်တတ်ပါတယ်။ အစားမစားတော့ ပိန်လာပြီး ကိုယ်တွင်းအဆီ နည်းလာတဲ့အတွက် သားဥမကြွေတော့ပါဘူး။

သွေးဆုံးတယ်လို့ ပြောဖို့အတွက်ဆိုရင် ၁၂လတိတိ ရာသီလုံးဝမလာမှ သွေးဆုံးတယ်လို့ သတ်မှတ်လို့ရတာပါ။ အမေရိကန်မှာတာ့ အမျိုးသမီးတော်တော်များများက ၅၂နှစ်လောက်ဆို သွေးဆုံးပါပြီ။ ပုံမှန်ရာသီလာတာနဲ့ သွေးမဆုံးခင်စပ်ကြားကိုတော့ သွေးဆုံးခါနီး အချိန် perimenopause လို့ ခေါ်ပါတယ်။ သွေးမဆုံးခင် နည်းနည်း ငယ်တဲ့ အရွယ်မှာ ဖြစ်ပါတယ်။ လက္ခဏာတွေကတော့

-ရာသီမမှန်တာ

-ရာသီနည်းတာ ဒါမှမဟုတ် များတာ

-ရင်ပူ ကျောပူထတာ

-အိပ်မပျော်တာ

-စိတ်အပြောင်းအလဲမြန်တာ၊ စိတ်တို စိတ်ဆတ်တာ

-မိန်းမကိုယ်ခြောက်သွေ့တာ

-လိင်စိတ်နည်းပါးတာ စတာတွေပဲ ဖြစ်ပါတယ်။

  • ဆေးစစ်လို့ မပေါ်တာ

တစ်ခါတစ်လေ ကိုယ်ဝန်ရှိနေလို့ ရာသီထိန်နေတာ ဖြစ်ပေမယ့် ဆေးစစ်လို့ မပေါ်တာမျိုးလည်း ရှိပါတယ်။ ဒါကို false negative လို့ ခေါ်ပါတယ်။ ဆီးစစ်ပြီး ကိုယ်ဝန်စစ်တာ မှန်မမှန်ဆိုတာ ဘယ်လိုစစ်တာလဲ၊ ဘယ်အချိန်မှာ စစ်တာလဲဆိုတာပေါ် မူတည်ပါသေးတယ်။ နောက်ပြီး ဆီးစစ်တံမသုံးခင်မှာ အညွှန်းကို သေချာ ဖတ်ပါ။ ဥပမာပြောရရင်

-အစောကြီး စစ်မိတာ

အိမ်သုံးဆီးစစ်တံတွေက ဆီးထဲမှာ hCG ဟော်မုန်း ရှိမရှိကို စစ်တာပါ။ တချို့ဆီးစစ်တံတွေက ရာသီထိန်ထိန်ခြင်း ပထမဆုံးနေ့မှာ စစ်လို့ ပေါ်ပေမယ့် အများစုကတော့ နောက်ကျမှ ပေါ်တာပါ။ ဆိုလိုတာက ရာသီထိန်ထိန်ခြင်း စစ်လို့ နှစ်ကြောင်း မပေါ်ရင် နောက်တစ်ပတ်လောက်နေတဲ့အခါ ထပ်စစ်သင့်ပါတယ်။

-ဟော်မုန်း နည်းနေတာ

ဆီးစစ်တာက မနက်စောစောမှာ အိပ်ရာနိုးနိုးချင်းမှာ စစ်တာ ပိုကောင်းပါတယ်။ အဲ့အချိန်မှာ ဆီးက ပိုနောက်ပြီး ဟော်မုန်း စစ်ရ ပိုလွယ်ပါတယ်။

အကြံပြုရရင် အမျိုးသမီးတစ်ယောက် ရာသီထိန်နေရင်၊ လိင်ဆက်ဆံမှုလည်း ရှိထားတယ်ဆိုရင် ကိုယ်ဝန်ကို အရင်စစ်ပါ။ ကိုယ်ဝန်မရှိတာ သေချာမှ တခြား အကြောင်းတွေကို ဆက်စဉ်းစားပါမယ်။ လိင်ဆက်ဆံမှု မရှိထားတာ သေချာရင် ကိုယ်ဘာဖြစ်နေနိုင်လဲဆိုတာ အပေါ်က အချက်တွေနဲ့ တိုက်ဆိုင်စဉ်းစားပါ။ ရာသီထိန်တိုင်း ကိုယ်ဝန်ရှိတာ မဟုတ်ပါဘူး။ ရာသီထိန်တာ ၃လလောက်ရှိပြီ။ ဆီးစစ်တိုင်းလည်း ၂ကြောင်း မပေါ်ဘူးဆိုရင် ဆရာဝန်နဲ့ ပြသပြီး နောက်ခံအကြောင်းရင်းကို ရှာသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 18/10/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။