ဟော်မုန်းတွေဟာ အပျိုဖော်ဝင်ကာစ ဆယ်ကျော်သက်အရွယ်မှာ စတင်မြင့်တက်လာပြီး အသက် ၂၀နောက်ပိုင်းမှာ ဖြည်းဖြည်းချင်းစီ ကျသွားတတ်ပါတယ်။ အမျိုးသမီးတွေမှာတော့ မ ဟော်မုန်းထက် ကျားဟော်မုန်းက ပိုများနေပြီဆိုရင် ကျန်းမာရေးနဲ့ လိင်မှုဆက်ဆံရေးမှာလည်း ထိခိုက်လာနိုင်ပါတယ်။ အမျိုးသမီးတွေမှာ ကျားဟော်မုန်း ပိုများတဲ့အခါ ဘာတွေဖြစ်နိုင်လဲ ဆိုတာကို ဆက်ကြည့်လိုက်ရအောင်နော်။
အမျိုးသမီးတွေမှာ ကျားဟော်မုန်း ပိုများတဲ့အခါ တွေ့ရတတ်တဲ့ လက္ခဏာတွေ
- မျက်နှာနဲ့ ကိုယ်ခန္ဓာမှာ အမွေးအမျှင်တွေ ထူလာမယ်
- ဆံပင်ပါးပြီး ထိပ်ပြောင်လာမယ်
- ဝက်ခြံတွေ ပေါက်လာမယ်
- မ အင်္ဂါစေ့က ကြီးလာမယ်
- ရင်သား သေးသွားမယ်
- အသံက သြသြကြီး ဖြစ်လာမယ်
- ကြွက်သားထုကြီး တက်လာမယ်
- ရာသီသွေးဆင်းတာ မမှန်တာ
- လိင်စိတ်ဆန္ဒ ကျဆင်းတာ
- စိတ်ခံစားချက် အပြောင်းအလဲမြန်တာတွေအပြင်
- ကလေးရဖို့ခက်လာတာ
- အဝလွန်လာတာတွေပါ ဖြစ်နိုင်ပါတယ်။
ဘာကြောင့် အမျိုးသမီးတွေမှာ ကျားဟော်မုန်း များလာတာလဲ။
တချို့သော ရောဂါတွေနဲ့ ဟော်မုန်းမျှခြေ ပုံမှန်မဟုတ်တဲ့ ရောဂါတွေကြောင့် အမျိုးသမီးတွေမှာ မ ဟော်မုန်းထက် ကျားဟော်မုန်းက ပိုများလာတတ်ပါတယ်။ အဖြစ်များစေတဲ့ အကြောင်းရင်းတွေကတော့
၁။ အမွေးထူရောဂါ (Hirsutism)
အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ဟော်မုန်းဆိုင်ရာ ရောဂါတစ်မျိုးဖြစ်ပါတယ်။ မျိုးရိုးဗီဇကြောင့် မဟုတ်ဘဲ ကျားဟော်မုန်း များလွန်းနေတဲ့အတွက် ကျောကုန်း၊ မျက်နှာနဲ့ ရင်သားပေါ်မှာ အမွေးအမျှင်တွေ ထူထဲစွာ ပေါက်နေတာပါ။
၂။ သားဥအိမ် ရေအိတ်တည်တဲ့ ရောဂါစု (Polycystic Ovary Syndrome)
ဒီရောဂါရှိတဲ့ အမျိုးသမီးတွေမှာ ရာသီပုံမှန်မလာတာ ဒါမှမဟုတ် လာရင်လည်း ရက်ကြာလွန်းတာ၊ ကိုယ်ခန္ဓာမှာ အမွေးတွေ ထူလာတာ၊ သားဥအိမ်မှာ အရည်အိတ်တွေ များလာတာတွေ ဖြစ်နိုင်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ မျိုးမအောင်တာ၊ ကိုယ်ဝန်ပျက်ကျတာ၊ အမျိုးအစား ၂ ဆီးချိုရောဂါတွေအပြင် အဝလွန်တာ၊ သားအိမ်ကင်ဆာရောဂါ (Endometrial Cancer) ပါ ဖြစ်လာနိုင်ပါတယ်။
၃။ မွေးရာပါ အဒရီနယ်ဂလင်း ထူခြင်း (Congenital Adrenal Hyperplasia)
ဒီရောဂါဟာ အမျိုးသမီးတွေရဲ့ ကျောက်ကပ်နားမှာ ရှိတဲ့ အဒရီနယ်ဂလင်း (Adrenal Glands) တွေနဲ့ ကိုယ်ခန္ဓာရဲ့ ဟော်မုန်းထုတ်လုပ်နိုင်စွမ်းအပေါ် တိုက်ရိုက်သက်ရောက်မှု ဖြစ်စေပါတယ်။ အမျိုးသမီးတွေမှာ မျိုးမအောင်ခြင်း၊ ကြွက်သားတောင့်တင်းခြင်း၊ ဆီးခုံမွေးညှင်း စောစီးစွာ ထွက်လာခြင်း၊ ဆင်ဝက်ခြံတွေ ထွက်လာခြင်း အစရှိတဲ့ လက္ခဏာတွေကို တွေ့ရနိုင်ပါတယ်။
ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲ။
အထက်မှာ ပြောပြခဲ့တဲ့ လက္ခဏာတွေကို တွေ့ရပြီဆိုရင် ဆရာဝန်နဲ့ သေချာပြသကြည့်ဖို့ လိုပါတယ်။ ဆရာဝန်အနေနဲ့ ကိုယ်ခန္ဓာပေါ်က အမွေးအမျှင်၊ ဝက်ခြံအခြေအနေအပြင် တခြားသော လက္ခဏာတွေ ရှိမရှိကို အရင်စစ်ဆေးမှာပါ။ ပြီးသွားမှ သွေးအနည်းငယ်ထုတ်ယူပြီး သွေးထဲမှာ ရှိတဲ့ ကျားဟော်မုန်း ပမာဏကို ဓာတ်ခွဲခန်းမှာ လေ့လာစစ်ဆေးကြည့်မှာဖြစ်ပါတယ်။
ပုံမှန်အားဖြင့်တော့ ကျားဟော်မုန်းတွေဟာ မနက်ခင်းပိုင်းမှာ အမြင့်ဆုံး အခြေအနေ ရောက်နေတဲ့အတွက် မနက်ပိုင်းမှာ သွေးစစ်သင့်ပါတယ်။ စစ်ဆေးနေစဉ်မှာ စမ်းသပ်မှုအဖြေကို ကမောက်ကမ ဖြစ်စေတဲ့ ဆေးဝါး၊ အစားအစာတွေကို ရှောင်ကြဉ်ရပါမယ်။ အဖြေထွက်လာတဲ့အချိန်မှ ကိုယ့်ရဲ့ ရောဂါအခြေအနေပေါ် မူတည်ပြီး ကုသမှု စတင်ခံယူဖို့ အကြံပေးပါလိမ့်မယ်။
ကုသနေစဉ်နဲ့ ပျောက်ကင်းသက်သာသွားပြီးတဲ့အခါမှာလည်း ကိုယ့်ရဲ့ နေ့စဉ်စားသောက်နေထိုင်မှုပုံစံကို ပြင်ဖို့ လိုပါတယ်။ အာဟာရပြည့်ဝတဲ့ အစားအစာတွေကို များများစားပေးပါ။ လေ့ကျင့်ခန်းကို မှန်မှန်လုပ်ပါ။ ကိုယ်အလေးချိန်ကို လျှော့ချပါ။ ညဘက်တွေမှာ ကောင်းစွာ အိပ်စက်အနားယူပါ။ စိတ်ဖိစီးမှုကို လျှော့ချဖို့လည်း အရေးကြီးပါတယ်။
အများစုက ထိန်းချုပ်လို့ရတဲ့ ရောဂါဖြစ်တဲ့အတွက် ကိုယ့်မှာ လက္ခဏာတွေ စတင်တွေ့ရတာနဲ့ အမြန်ဆုံး ဆရာဝန်နဲ့ ပြသသင့်တယ်နော်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။