backup og meta

ကျားဟော်မုန်း နှင့် အမျိုးသားများ ထိပ်ပြောင်ခြင်း ဆက်စပ်မှုရှိလား


Ye Myo Myat မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျားဟော်မုန်း နှင့် အမျိုးသားများ ထိပ်ပြောင်ခြင်း ဆက်စပ်မှုရှိလား

    ကျားဟော်မုန်း (testosterone) ဆိုတာ အမျိုးသားတွေရဲ့ ဝှေးစေ့ကနေ အဓိက ထုတ်လုပ်တဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပြီး အမျိုးသမီးတွေမှာလည်း တွေ့ရတတ်ပါတယ်။

    လိင်ပိုင်းစွမ်းဆောင်ရည်ကိုသာမက ကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာ အလုပ်လုပ်နိုင်စေဖို့နဲ့ ကြွက်သားတွေ ဖွံ့ဖြိုးကြီးထွားဖို့အတွက် တာဝန်ကို ယူထားပါတယ်။ ကျားဟော်မုန်း နည်းခြင်း၊ များခြင်းဟာ မျိုးရိုးဗီဇနဲ့ သာမက ကိုယ့်ရဲ့ နေပုံထိုင်ပုံ၊ အစားအစာ အာဟာရနဲ့လည်း သက်ဆိုင်မှု ရှိပါတယ်။

    ဒါဆိုရင် ထိပ်ပြောင်ခြင်းနဲ့ ကျားဟော်မုန်း ဘယ်လိုသက်ဆိုင်မှု ရှိသလဲ။ ဘာလို့ ကျားဟော်မုန်းများတဲ့ အမျိုးသားတွေမှာ မြန်မြန်ထိပ်ပြောင်နိုင်လဲဆိုပြီး လူတွေ ထင်နေကြတာလဲ။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးချင်ပါတယ်။

    ထိပ်ပြောင်ခြင်း ဆိုသည်မှာ

    အမျိုးသားတွေရဲ့ နဖူး ဘေး နှစ်ဖက်မှာ စတင်နောက်ပြန်ကျပြီး ဆံပင်ပေါက်နှေးတာ၊ ဆံသားပါးလာတာ၊ ဆံပင်ကျွတ်မြန်တာ စတင်ဖြစ်လာပါတယ်။ ဆံပင်ပါးလာတဲ့ ဘေးနှစ်ဖက်ကနေ တဖြည်းဖြည်း သွားစုမိတဲ့အခါ “U” ပုံသဏ္ဍာန် ဖြစ်လာပါတယ်။ ဦးရေပြားရဲ့ အလယ်တည့်တည့်မှာ ကွက်ပြီး ထိပ်ပြောင်တာမျိုးလည်း ရှိသလို ရင်ဘတ်မှာ ရှိတဲ့ အမွေးအမျှင်တွေထိပါ ကူးစက်လာနိုင်ပါတယ်။

    အသက်အရွယ် ကြီးသူတွေမှာ အတွေ့များပြီး အမျိုးသားတွေမှာ ပိုဖြစ်တတ်ပါတယ်။ ဆံသားမွေးညှင်းပေါက်တွေ ကျုံ့သွားရာကနေ ဆံသားကျန်းမာရေးကို ထိခိုက်ပါတယ်။ တဖြည်းဖြည်းနဲ့ ဆံပင်တွေ ကျွတ်ရာကနေ နောက်ပိုင်းမှာ မွေးညှင်းပေါက်တွေကနေ ဆံပင်လုံးဝပြန်မပေါက်တော့တဲ့အထိ ဖြစ်လာပါတယ်။

    အရွယ်မတိုင်ခင် ထိပ်ပြောင်ခြင်းကို အဓိက ဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့ စိတ်ဖိစီးမှုများတာ၊ ဟော်မုန်းအပြောင်းအလဲ ဖြစ်တာနဲ့ ဆံသားကျန်းမာရေးကို ထိခိုက်စေတဲ့ မကောင်းတဲ့ နေထိုင်စားသောက်ပုံ အမူအကျင့်တွေပဲ ဖြစ်ပါတယ်။ ဆံပင်ကျွတ်တာ၊ ထိပ်ပြောင်တာ မျိုးရိုးလိုက်တဲ့သူတွေမှာလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ထိပ်ပြောင်နိုင်ပါတယ်။

    ကျားဟော်မုန်း ဆိုသည်မှာ

    ခန္ဓာကိုယ်ထဲမှာ testosterone လို့ ခေါ်တဲ့ ကျားဟော်မုန်းတွေဟာ ပုံစံအမျိုးမျိုးနဲ့ ဖြစ်တည်နေပါတယ်။ ပရိုတင်းဓာတ်နဲ့ မသက်ဆိုင်ဘဲ လွတ်လပ်စွာ ဖြစ်တည်နေတဲ့ ကျားဟော်မုန်းတွေဟာ ခန္ဓာကိုယ်က လိုအပ်တဲ့အခါမှာ အချိန်မရွေး အသုံးပြုဖို့ အတွက်ပဲ ဖြစ်ပါတယ်။

    သွေးထဲမှာရှိတဲ့ အယ်လ်ဗျူမင် (albumin) လို့ခေါ်တဲ့ ပရိုတင်းနဲ့ ဆက်စပ်နေတာလည်း ရှိသလို ဟော်မုန်းအများစုကတော့ လိင်စိတ်ဆန္ဒကို ဖြစ်ပေါ်စေတဲ့ ဂလိုဗျူလင် (globulin) ဆိုတဲ့ ပရိုတင်းနဲ့ ဆက်စပ်နေပါတယ်။

    အင်ဇိုင်းကနေ တစ်ဆင့် ပြုလုပ်ထားတဲ့ DHT ကျားဟော်မုန်း (Dihydrotestosterone) ဟာ ပုံမှန် ကျားဟော်မုန်းတွေထက် အာနိသင် ၅ ဆ ပြင်းထန်ပြီး အဓိကအားဖြင့် ဆီးကျိတ်၊ အရေပြားနဲ့ ဆံသားမွေးညှင်းပေါက်မှာ တည်ရှိနေပါတယ်။

    DHT အရေအတွက်ဟာ ဆံသားမွေးညှင်းပေါက်အပေါ် သက်ရောက်မှု ရှိစေတဲ့အတွက် ဆံပင်ကျွတ်ခြင်း ဖြစ်ပေါ်လာပါတယ်။ DHT နည်းတဲ့အခါ ဆီးကျိတ်ကောင်းစွာ အလုပ်မလုပ်နိုင်သလို များလွန်းတဲ့အခါမှာလည်း ဆီးကျိတ်ကင်ဆာ ဖြစ်လာနိုင်ပါတယ်။

    လေ့လာတွေ့ရှိချက်တွေအရ ထိပ်ပြောင်တဲ့အမျိုးသားတွေမှာ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ ပိုများတယ်လို့ သိရှိရပါတယ်။ DHT များခြင်းဟာ ဆီးချိုရောဂါအပြင် တခြားသော ကျန်းမာရေးပြဿနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

    ဒါဆိုရင် ထိပ်ပြောင်ခြင်းဟာ ကျားဟော်မုန်းများတာနဲ့ သက်ဆိုင်မှု ရှိသလား။

    အမျိုးသားတွေမှာ ထိပ်ပြောင်ခြင်းဟာ ကိုယ်ခန္ဓာထဲမှာ ရှိနေတဲ့ ကျားဟော်မုန်း၊ DHT ပမာဏ များခြင်းနဲ့ မသက်ဆိုင်ပဲ မျိုးရိုးဗီဇနဲ့သာ သက်ဆိုင်ပါတယ်။

    အဓိက မျိုးရိုးဗီဇကြောင့် ဆံသားမွေးညှင်းပေါက်တွေ အားနည်းလာတဲ့အခါ DHT ကျားဟော်မုန်းတွေဟာ ဆံသားမွေးညှင်းပေါက်တွေကို အလွယ်တကူ ထိခိုက်မိပြီး ဆံပင်ကျွတ်လာရာမှ ထိပ်ပြောင်ခြင်း စတင်ပါတယ်။

    အမျိုးသမီးတွေမှာ DHT ဟော်မုန်းပမာဏ များလွန်းတဲ့အခါ ထိပ်ပြောင်နိုင်သလို အသက်အရွယ်ကြီးရင့်သူတွေ၊ စိတ်ဖိစီးမှု များသူတွေ၊ ဘဝကို မှားယွင်းစွာ နေထိုင်ကြသူတွေ၊ အစာအာဟာရမျှတစွာ မစားသောက်သူတွေမှာလည်း ထိပ်ပြောင်ခြင်း ဖြစ်နိုင်ပါတယ်။

    ဒီပြဿနာကို ဘယ်လို ကုသမလဲ။

    အရေပြားအထူးကု ဆရာဝန်နဲ့ သေချာပြသပြီး ဆံပင်ကျွတ်ခြင်းရဲ့ ပြဿနာအရင်းအမြစ်ကို အရင်သိအောင် လုပ်ဖို့ လိုအပ်ပါတယ်။ လေဆာဖြင့် ကုသခြင်း၊ ဆံပင်မပေါက်တော့တဲ့ ဆံသားမွေးညှင်းပေါက်ထဲကို ဆံသားစိုက်ခြင်း အစရှိတဲ့ နည်းလမ်းတွေနဲ့ ကုသလို့ ရပါတယ်။

    မဖြစ်အောင် ကာကွယ်ဖို့ အတွက် နေ့စဉ် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ပြည့်ဝအောင် စားသုံးပေးပါ။ လိုအပ်ရင် ဖြည့်စွက်အားဆေးတွေ သောက်ပေးပါ။

    အားကစား၊ လေ့ကျင့်ခန်း မှန်မှန်လုပ်ပေးပါ။ ဆံသားကို ထိခိုက်စေမယ့် အမူအကျင့်တွေ ဖြစ်တဲ့ မကြာခဏ ဆံပင်ပုံသွင်းတာ၊ ခေါင်းလျှော်တာ၊ ဆံပင်ဖြောင့်တာ၊ ကောက်တာမျိုးကို လျှော့ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement