home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

အဝတ်pad တစ်ခုကပဲ ပတ်ဝန်းကျင်မညစ်ညမ်းအောင် ထိန်းသိမ်းနိုင်မှာလား

အဝတ်pad တစ်ခုကပဲ ပတ်ဝန်းကျင်မညစ်ညမ်းအောင် ထိန်းသိမ်းနိုင်မှာလား

ခေတ်အဆက်ဆက်မှာ အမျိုးသမီးတွေဟာ ရာသီလာခြင်းနဲ ပတ်သက်ပြီး ဖိနှိပ်မှုများစွာ ခံခဲ့ရပါတယ်။ ရာသီသွေးဆင်းတဲ့ အမျိုးသမီးတွေဟာ ယုတ်နိမ့်တယ်၊ ရာသီသွေးဟာ မသန့်ဘူး၊ အိန္ဒိယလို နိုင်ငံမျိုးမှာဆို ရှေးတုန်းက ရာသီလာတဲ့အမျိုးသမီးတွေကို ရွာပြင်ထုတ်ထားတာမျိုး၊ ဒီရာသီလာတဲ့ကိစ္စအတွက် ဘာတစ်ကိုယ်ရည်သုံး ပစ္စည်းကိုမှ သုံးခွင့်မရတာမျိုး ကြုံခဲ့ကြရပါတယ်။ ဒါတင်ပဲလားဆိုတော့ အမျိုးသမီးအတွင်းခံတွေကိုတောင်မှ ယုတ်ညံ့တဲ့ ပစ္စည်းအဖြစ် သတ်မှတ်ပြီး ခိုးကြောင်ခိုးဝှက် ထုတ်လှမ်းရတဲ့အထိပါပဲ။

ခုခေတ်မှာတော့ ကျန်းမာရေးအသိပညာတွေ ရေချိန်ကိုက်သင့်သလောက် ကိုက်လာတာကြောင့် ရာသီလာတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သိပ်ပြီး ချိုးနှိမ်တာမျိုး မရှိတော့ဘူး။ တချို့အတွဲတွေဆို မိန်းကလေးရာသီလာလို့ သုံးစရာ ပါမလာခဲ့ရင် ယောက်ျားလေးက အေးအေးဆေးဆေး သွားဝယ်ပေးကုန်ပြီ။ ဒီလို ပြောင်းလဲလာတာက တကယ်ကျေနပ်ဖို့ ကောင်းပါတယ်။

ခုနောက်ဆုံး ဖေ့ဘွတ်မှာ လူပြောသူပြောများနေတဲ့ ကိစ္စကတော့ အမျိုးသမီးသုံး padတွေဟာ ပလတ်စတစ်တွေမို့လို့ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ဖြစ်စေတယ်။ ဒါကြောင့် အဝတ်padတွေကို သုံးသင့်တယ်ဆိုတဲ့ အကြောင်းပါ။ padတွေက တကယ်ပဲ ပတ်ဝန်းကျင်ကို ပျက်စီးစေတာလား။ အဝတ်padကို သုံးမှပဲ ပတ်ဝန်းကျင်သန့်ရှင်းမှာလား စတဲ့အကြောင်းလေးကို ပြောပြချင်ပါတယ်။

padတွေနဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှု

စာရင်းဇယားတွေအရတော့ padတွေရော၊ tamponတွေရောက တကယ်ပဲ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေပါတယ်။ ဥပမာ ပြောရရင်

-ပလတ်စတစ်နဲ့ လုပ်ထားတဲ့ padတွေ၊ tamponတွေ ပျက်စီးဖို့ နှစ်ဆယ်ဂဏန်းကနေ ရာဂဏန်းထိ ကြာနိုင်ပါတယ်။

-အမျိုးသမီးတစ်ယောက်က သူ့ဘဝတစ်လျှောက်လုံးမှာ လစဉ်သုံးပစ္စည်းပေါင်း ၁၆,၀၀၀ လောက် သုံးပါတယ်။

-ဒါ့ပြင် လစဉ်သုံးပစ္စည်းတွေကို အိမ်သာထဲကို စွန့်ပစ်တာကြောင့် ဒီကနေတဆင့် ရေထုထဲကိုရောက်ပြီး ရေနေသတ္တဝါတွေပါ သေဆုံးကြရတယ်လို့ဆိုပါတယ်။

Pad တစ်ခုကို ထုတ်မယ်ဆိုရင် အပြင်အကာ၊ တောင်ပံ၊ ကပ်ခွာ၊ ထုပ်ပိုးတဲ့အိတ် စတာတွေက ပလတ်စတစ်တွေပါ။ Tamponဆိုလည်း ကြိုးတွေ၊ အပြင်က ပတ်ထားတဲ့ ပလတ်စတစ်တွေ၊ Applicatorလို့ ခေါ်တဲ့ အထဲကို ထည့်ပေးတဲ့ပစ္စည်း၊ ထုတ်ပိုးတဲ့အိတ် စတာတွေက ပလတ်စတစ်တွေပဲ ဖြစ်ပါတယ်။ ဒါ့ပြင် အမျိုးသမီးတစ်ယောက်က ရာသီတစ်ရက်ကို pad ဒါမှမဟုတ် tampon ၃ခုလောက် သုံးနေရတော့ ဒီလောက်ထိ ပလတ်စတစ်တွေပုံတာ ဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။

ဒါကြောင့်ပဲ ပတ်ဝန်းကျင်ညစ်ညမ်းတယ်လို့ ပြောခံရတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်ညစ်ညမ်းတယ်ဆိုပြီး မသုံးဘဲ နေလို့ရတဲ့ကိစ္စလည်း မဟုတ်တော့ ရာသီလာချိန်မှာလည်း သန့်ရှင်းနေအောင်၊ ပတ်ဝန်းကျင်လည်း မထိခိုက်အောင် သုံးလို့ရမယ့် နည်းလမ်းလေးများ မရှိဘူးလား။

ပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ အမျိုးသမီး လစဉ်သုံးပစ္စည်းများ

  • ပလတ်စတစ်မပါတဲ့ pad

ဒါမျိုးကို biodegradable padလို့ ခေါ်ပါတယ်။ ဆွေးမြေ့ပျက်စီးလွယ်တဲ့ padပေါ့။ Reusable ပြန်သုံးလို့ရတဲ့ အမျိုးအစားတော့ မဟုတ်ပါဘူး။ တစ်ခါသုံးကိုမှ ပျက်စီးလွယ်တဲ့ အမျိုးအစားနဲ့ ပြုလုပ်ထားတာကြောင့် ပတ်ဝန်းကျင်ကို မထိခိုက်ပါဘူး။ ဝါးချည်၊ ဝါဂွမ်း၊ ငှက်ပျောမျှင် စတာတွေနဲ့ လုပ်ထားတာပါ။

ကောင်းကျိုး

-ပုံမှန်သုံးနေကြ padတွေလိုပဲ သုံးနိုင်ပြီး စွန့်ပစ်လိုက်ရင်လည်း ပလတ်စတစ်တွေလို ပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိပါဘူး။

-သဘာဝပစ္စည်းတွေပဲ သုံးထားတာကြောင့် စိတ်ချလက်ချ သုံးလို့ရပါတယ်။

ဆိုးကျိုး

-သဘာဝပစ္စည်းတွေရဲ့ ထုံးစံအရ လက်ရှိသုံးနေတဲ့ ပလတ်စတစ်တွေထက် စျေးများနိုင်ပါတယ်။

-ပစ္စည်းရှားနိုင်ပါတယ်။

  • ပလတ်စတစ်မပါတဲ့ tampon

Tamponကိုလည်း padလိုပဲ ပလတ်စတစ် နည်းနည်းနဲ့ ပတ်ဝန်းကျင်မထိခိုက်အောင် ထုတ်ထားတာမျိုးတွေ ရှိပါတယ်။ ဒါမှမဟုတ် လက်ရှိသုံးနေကြကိုပဲ ပလတ်စတစ်နည်းနိုင်သမျှ နည်းအောင် ထုတ်ထားတာမျိုးလည်း ရှိပါတယ်။

ကောင်းကျိုး

-ပလတ်တစ်နည်းအောင် Applicatorလို့ ခေါ်တဲ့ အထဲကို ထည့်ပေးတဲ့ပစ္စည်း မပါတာ၊ ကြိုးကို သာမန်ချည်နဲ့ လုပ်ထားတာ၊ ပလတ်စတစ်နဲ့ ထုပ်ပိုးတာမျိုး မဟုတ်ဘဲ စက္ကူနဲ့ ထုတ်ပိုးတာမျိုးကို ဝယ်မယ်ဆိုရင် ပတ်ဝန်းကျင်ကို မထိခိုက်စေပါဘူး။

-မိန်းမကိုယ်ထဲမှာ နေရာတကျ ရှိနေတဲ့အတွက် လှုပ်ရှားမှုများတဲ့ အမျိုးသမီးတွေအတွက် ရွေးချယ်စရာ တစ်ခုပါပဲ။

ဆိုးကျိုး

-Padတွေလိုပဲ သဘာဝပစ္စည်းတွေပဲ သုံးထားတဲ့ tamponတွေက စျေးအနည်းငယ်ကြီးနိုင်ပါတယ်။

-Tamponတွေ စပေါ်တုန်းက သွေးဆိပ်သင့်တဲ့ပြဿနာ (Toxic shock syndrome) ဖြစ်ခဲ့ပါတယ်။ ခုအခါမှာတော့ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ဒီပြဿနာ နည်းသွားပါပြီ။

-မိန်းမကိုယ်ထဲကို ထည့်ရမှာ ဖြစ်တဲ့အတွက် ပတ်ဝန်းကျင် ထိခိုက်သည် ဖြစ်စေ၊ မထိခိုက်သည်ဖြစ်စေ တချို့အမျိုးသမီးတွေအတွက် ဒါကစဉ်းစားစရာ အချက်တစ်ခုပါပဲ။

သုံးရလွယ်တာကြောင့်ရော ပတ်ဝန်းကျင် မထိခိုက်တာကြောင့်ရော M-cupလေးတွေဟာ ခေတ်စားလာပါပြီ။ Reusableအမျိုးအစားဖြစ်တဲ့အတွက် ပြန်ဆေးပြီး သုံးလို့ရပါတယ်။

ကောင်းကျိုး

-သေသေချာချာ သုံးမယ်ဆိုရင် တစ်ခုကို ၆လကနေ နှစ်ပေါက်တဲ့ထိအောင် သုံးလို့ရပါတယ်။ ဒါကြောင့် စရိတ်စက သက်သာပါတယ်။

-အထဲမှာ အံဝင်ခွင်ကျ ဖြစ်နေတဲ့အတွက် လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရပါတယ်။

-သွေးတွေကောင်းကောင်း မစုပ်လို့ ပိုးဝင်မှာလည်း စိုးရိမ်စရာစရာ မရှိပါဘူး။ ပုံမှန်သွန်ပေးရုံပါပဲ။

ဆိုးကျိုး

-Tamponလိုပဲ မိန်းမကိုယ်ထဲကို ထည့်ရမှာ ဖြစ်တဲ့အတွက် တချို့တွေအတွက် ကသိကအောက် ဖြစ်နိုင်ပါတယ်။

-စစသုံးချင်းဆို ခွက်ကို မထုတ်တတ်ရင် ဖိတ်တာ၊ ပေတာ ဖြစ်တတ်ပါတယ်။

-သူ့အရွယ်နဲ့ သူပဲ သုံးရပါတယ်။ အရွယ်မကိုက်ရင် ချောင်တာ၊ ကျပ်လွန်းတာ ဖြစ်တတ်ပါတယ်။

-ဆီလီကွန်၊ ရာဘာနဲ့ လုပ်ထားတာ ဖြစ်တဲ့အတွက် ဒါတွေနဲ့ မတည့်ရင် မိန်းမကိုယ် ယားတတ်ပါတယ်။

  • အဝတ် pad

သူကတော့ reusableအမျိုးအစားပါ။ လျှော်ပြီး သုံးရတဲ့ အမျိုးအစားပေါ့။ ဟိုးအရင် ခုလိုသုံးနေတဲ့ padတွေ မပေါ်ခင် အဘွားတွေ လက်ထက်က သုံးခဲ့တဲ့ padတွေနဲ့ ဆင်တူပါတယ်။ အဝတ်တွေကို ထပ်ပြီး ချုပ်ထားတဲ့ သဘောပါပဲ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေ၊ padပေါပေါများများ မရှိတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ သုံးကြပါတယ်။ ခုအခါမှာတော့ ပတ်ဝန်းကျင်မညစ်ညမ်းအောင် အစားထိုးတဲ့အနေနဲ့ ကုမ္ပဏီကြီးတွေကနေ ထုတ်လာကြတာကိုလည်း တွေ့ရပါတယ်။

ကောင်းကျိုး

-ပိတ်သားနဲ့ လုပ်ထားတဲ့အတွက် ပတ်ဝန်းကျင် မညစ်ညမ်းပါဘူး။

-ပြန်လျှော်ပြီး သုံးလို့ရတဲ့အတွက် စရိတ်သက်သာပါတယ်။

-အစအဆုံး သဘာဝပစ္စည်းတွေကိုပဲ သုံးထားပါတယ်။

-သာမန်အဝတ်တွေလိုပဲ လျှော်လို့ရပါတယ်။

-အိမ်မှာတင် ချုပ်လို့ရပါတယ်။

ဆိုးကျိုး

-padတစ်ခုထုတ်တယ်ဆိုရင် စုပ်ယူမှုကောင်းမကောင်း၊ အနံ့အသက် ထွက်မထွက် စတာတွေကိုပါ ထည့်သွင်းစဉ်းစားရတဲ့အတွက် ပိတ်သားချည်းပဲ သက်သက်ဆိုရင် ဒီပြဿနာရှိနိုင်ပါတယ်။

-စုပ်ယူမှုမကောင်းဘူး၊ အနံ့အသက်ထွက်မယ်ဆိုရင် လူကြားထဲမှာ နေရခက်နိုင်ပါတယ်။

-သွေးတွေ မစုပ်ယူနိုင်ဘူးဆိုရင် ဒီကနေတဆင့် ပိုးပေါက်လာနိုင်ပါတယ်။

-ပြန်လျှော်ပြီး သုံးမှာဖြစ်တဲ့အတွက် အပြင်သွားရင်း လဲချင်လာရင် အဟောင်းကို ထည့်ပြီး သိမ်းဆည်းဖို့ ကရိကထများပါတယ်။

-ပြန်လျှော်တဲ့အခါ အတွင်းထဲထိ သွေးတွေ စင်ကြယ်အောင် စနစ်တကျ လျှော်ရပါမယ်၊ ပြီးရင် အတွင်းထဲထိ ခြောက်သွေ့အောင် စနစ်တကျ လှမ်းရပါမယ်။ မဟုတ်ရင် မှိုစွဲနိုင်ပါတယ်။

-သုံးတဲ့ပိတ်စ မနူးညံ့ရင် ပေါင်ပွန်းတတ်ပါတယ်။

ရာသီလာတာကလည်း ရှောင်လွှဲလို့ ရတဲ့ကိစ္စမဟုတ် ကိုယ့်ကြောင့်လည်း ပတ်ဝန်းကျင် မပျက်စီးစေချင်ဘူးဆိုရင် ခုပြောထားတာတွေကို အစားထိုး သုံးနိုင်ပါတယ်။ တစ်ခုချင်းစီမှာ ကောင်းကျိုး၊ ဆိုးကျိုး ကိုယ်စီရှိတဲ့အတွက် ကိုယ့်အတွက် ဘယ်ဟာက အဆင်ပြေမလဲ၊ ကျန်းမာရေးအတွက် သင့်တော်မလဲဆိုတာ ဉာဏ်နဲ့ယှဉ်ပြီး ချင့်ချိန်ပါ။ ပလတ်စတစ်ပါတာကိုပဲ သုံးသုံး၊ သဘာဝပစ္စည်းတွေကိုပဲ သုံးသုံး တစ်ကိုယ်ရည်သန့်ရှင်းမှုရှိပြီး ကျန်းမာရေးမထိခိုက်ဖို့က အဓိကပါပဲ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

https://www.womenshealthmag.com/uk/health/female-health/a30029682/reusable-sanitary-pads/

https://www.nationalgeographic.com/environment/2019/09/how-tampons-pads-became-unsustainable-story-of-plastic/

https://en.wikipedia.org/wiki/Sanitary_napkin

https://www.imarcgroup.com/biodegradable-sanitary-napkins-market#:~:text=On%20the%20other%20hand%2C%20biodegradable,capacity%20to%20absorb%20blood%20adequately.

https://www.bustle.com/articles/175720-5-ways-to-make-your-period-more-sustainable

စာရေးသူ ဓာတ်ပုံbadge
Dr. Htet Htet Zaw Win မှ ရေးသားသည်။ 30/12/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။