backup og meta

ရာသီခွက် (Menstrual cups) လေးတွေအကြောင်း ပြောကြမယ်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Yee Mon Lwin မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရာသီခွက် (Menstrual cups) လေးတွေအကြောင်း ပြောကြမယ်။

    မိန်းကလေးတွေရဲ့ လစဉ် ကြုံတွေ့ရတဲ့ ရာသီလာခြင်းကို သက်တောင့်သက်သာအဖြစ်ဆုံးနဲ့ လွတ်လပ်စွာ ဖြတ်သန်းနိုင်ဖို့အတွက် ရာသီလာစဉ် သုံးရတဲ့ အသုံးအဆောင်အမျိုးမျိုးကို ထုတ်လုပ်လာကြပါတယ်။

    ရာသီလာနေတဲ့ချိန်ဆိုရင် အနည်းနဲ့ အများတော့ စိတ်ကသိကအောက်ဖြစ်ရတာပါပဲနော်။ အထူးသဖြင့် ရာသီသွေးအများကြီးဆင်းတတ်တဲ့ သူတွေအတွက်ဆိုရင် လှုပ်လှုပ်ရှားရှားလုပ်လိုက်ရင် စွန်းထင်းသွားလေမလား။ ခရီးသွားတဲ့ချိန်နဲ့ ရာသီလာတဲ့ချိန်နဲ့ တိုက်ဆိုင်ရင်လည်း စိတ်တွေရှုပ်ရတယ်။ ဒီလိုပြဿနာတွေကို တတ်နိုင်သလောက် လျော့ချပေးဖို့ အတွက် လစဉ်သုံးပစ္စည်း အတောင်ပံပါ pad လေးတွေ၊ မိန်းမကိုယ်ထဲ ထိုးသွင်းတဲ့ tampon လေးတွေ၊ ခုနောက်ပိုင်း ခေတ်စားလာတဲ့ ရာသီခွက် (menstrual cups) လေးတွေ ဈေးကွက်ထဲမှာ အမျိုးမျိုးရှိနေပါတယ်။ ဒီထဲကမှ ပျိုမေတို့နဲ့ သိပ်မရင်းနှီးသေးတဲ့ Menstrual cups လေးတွေအကြောင်း ပြောပြချင်ပါတယ်။

    ရာသီခွက်လေးတွေက ဘာလဲ။ ဘယ်လိုအလုပ်လုပ်တာလဲ။

    ရာသီခွက်ဆိုတာက ရာဘာသို့မဟုတ် စီလီကွန်နဲ့ လုပ်ထားတဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းပါ။ Tampon လိုပဲ မိန်းမကိုယ်ထဲ ထိုးသွင်းရတာဖြစ်ပြီးတော့ ရာသီသွေးတွေဟာ ခွက်ထဲမှာစုနေမှာဖြစ်ပါတယ်။

    ခွက်ဖြစ်တဲ့အတွက် tampon၊ pad တို့ထက် သွေးတွေကို ပိုစုဆောင်းနိုင်ပါတယ်။ ထည့်ထားပြီးရင် ၁၂ နာရီကြာ အသုံးပြုနိုင်ပါတယ်။ ပြန်ဆေးပြီး အသုံးပြုလို့ရတဲ့အတွက်လည်း ပတ်ဝန်းကျင်အတွက်လည်း ကောင်းပါတယ်။

    ခွက်ဆိုတော့ မိန်းမကိုယ်ထဲဆန့်ပါ့မလား။

    ခွက်ဆိုပေမဲ့ ရေခွက်ဆိုဒ်လောက်လို့ မထင်လိုက်ပါနဲ့နော်။ ခွက်လေးတွေက အသေးလေးပါ။ မိန်းမကိုယ်ကလည်း ကျုံ့နိုင်၊ ဆန့်နိုင်အား ကောင်းတာမို့ ဆန့်ပါတယ်။

    အပျိုရည်ပျက်မှာလား။

    မိန်းမကိုယ်ထဲ ထည့်တဲ့ပစ္စည်းမို့ အပျိုရည်ပျက်မှာလား၊ အပျိုအမြှေးပါးပျက်စီးသွားမလားဆိုတဲ့ အတွေးတွေရှိနေကြပါတယ်။ ဒါ့အတွက်လည်း အပျိုရည်ပျက်ရလောက်အောင် ကြီးတဲ့ပစ္စည်းမဟုတ်သလို အပျိုအမြှေးပါးနားရောက်လောက်တဲ့အထိလည်း ထိုးသွင်းစရာမလိုပါဘူးနော်။

    ခွက် size လေးတွေက အမျိုးမျိုးလာပါတယ်။ ကိုယ့်ရဲ့ အသက်၊ ရာသီသွေးများ၊မများ၊ ကလေးမွေးဘူးလား၊ စတာတွေပေါ် မူတည်ပြီး ရွေးချယ်နိုင်ပါတယ်။

    ရာသီခွက်ကို ထည့်တဲ့ ပထမဆုံးအကြိမ်မှာတော့ ကသိကအောက်ဖြစ်ပါလိမ့်မယ်။ ခွက်ကို ချောဆီသုတ်လိမ်းပြီးထည့်တာ ပိုပြီးလွယ်ကူပါလိမ့်မယ်နော်။

    ထည့်ပုံ၊ ထည့်နည်း။

    Tampon ထည့်ဖူးတဲ့သူဆိုရင်တော့ menstrual cup ကိုထည့်ရတာ လွယ်ကူပါလိမ့်မယ်။

    ၁။ လက်သေချာဆေးပါ။

    ၂။ ရေကို အခြေခံတဲ့ ချောဆီကို ခွက်ရဲ့ နှုတ်ခမ်းသားတွေကို သုတ်လိမ်းပေးပါ။

    ၃။ ခွက်ကို ထက်ခြမ်း ခေါက်ချိုးလိုက်ပြီး၊ ခွက်နှုတ်ခမ်းသားကို အပေါ်ထောင်ပြီး လက်တစ်ဖက်နဲ့ ကိုင်ပါ။

    ၄။ မိန်းမကိုယ်ထဲ ထည့်ပါ။ တတ်နိုင်သလောက် မြင့်မြင့်ထည့်ထားပါ။

    ၅။ မိန်းမကိုယ်ထဲ ရောက်သွားပြီဆိုရင် လှည့်လိုက်ပါ။ လှည့်လိုက်တဲ့ချိန်မှာ ခေါက်ချိုးထားတဲ့ ခွက်လေးဟာ ဖွင့်သွားပြီး သွေးယိုစိမ့်ခြင်းကို ကာကွယ်နိုင်တဲ့ ခွက်ကလေးဖြစ်သွားပါလိမ့်မယ်။

    မှန်မှန်ကန်ကန် ထည့်ထားတယ်ဆိုရင် မိန်းမကိုယ်ထဲမှာ ခွက်ရှိနေတာကို ခံစားရမှာမဟုတ်ပါဘူး။ လှုပ်လှုပ်ရှားရှား သွားသွားလာလာ လုပ်ရင်လည်း ထွက်မကျနိုင်ပါဘူးနော်။

    ဘယ်ချိန်မှာထုတ်ရမလဲ။

    Menstrual cup ကို ရာသီသွေးနည်းများပေါ်မူတည်ပြီး ၆ နာရီကနေ ၁၂ နာရီကြား ထည့်ထားလို့ရပါတယ်။ ညဘက်အိပ်ရင် အသုံးပြုဖို့အတွက် အဆင်ပြေဆုံးပါ။

    ၁၂ နာရီပြည့်ရင်တော့ ထုတ်သင့်ပါတယ်။ ယိုစိမ့်မှုတွေမဖြစ်အောင် သေချာဂရုတစိုက်ထုတ်ပေးပါ။

    ဘယ်လိုထုတ်ရမလဲ။

    ၁။ လက်သေချာဆေးပါ။

    ၂။ လက်ညှိုးနဲ့ လက်မကို အသုံးပြုပြီး ခွက်အောက်ခြေမှာရှိတဲ့ အတံလေးကို ဖြေးဖြေးချင်းဆွဲထုတ်ပါ။

    ၃။ သွေးတွေလျှံမထွက်အောင် အောက်ခြေကို လက်နှစ်ချောင်းနဲ့ ညှစ်ထားပြီးမှ ဆွဲထုတ်ပါ။

    ၄။ သွေးတွေကို အိမ်သာထဲမှာ သွန်ထုတ်ပြီး ပြန်သုံးလို့ရတဲ့ ခွက်ဆိုရင် သေချာဆေးကြော၊ ခြောက်သွေ့အောင်လုပ်ပြီးမှ ပြန်ထည့်သင့်ပါတယ်။

    အရည်အသွေးကောင်းတဲ့ menstrual cups တွေဆိုရင် ၆ လကနေ ၁၀ နှစ်အထိခံပါတယ်တဲ့။

    Menstrual cups တွေက pads တွေ tampon တွေထက် ဈေးများကောင်းများလိမ့်မယ်။ ဒါပေမဲ့ အကြာကြီးခံတဲ့အတွက် ငွေချွေတာရာလည်း ရောက်ပါတယ်။

    ဒါဆိုရင် menstrual cups ရဲ့ ကောင်းတဲ့အချက်လေးတွေကို ပြန်ပြောကြည့်ရအောင်

    ၁။ ပြန်သုံးလို့ရတဲ့အတွက် ငွေချွေတာနိုင်တယ်။

    ၂။ tampon တွေလိုမျိုး မိန်းမကိုယ်ထဲထည့်တဲ့အခါ ယားယံတာမျိုးမဖြစ်ဘူး။

    ၃။ Pads ရော tampons ရောထက် သွေးများများခံနိုင်တယ်။ ခဏခဏ လဲစရာမလိုဘူး။

    ၄။ ပတ်ဝန်းကျင်အတွက်လည်း ကောင်းတယ်။

    ၅။ လိင်ဆက်ဆံနေတဲ့ချိန်လည်း တပ်ထားလို့ရတယ်။

    ၆။ သားဆက်ခြား သားအိမ်ထဲထည့်တဲ့ပစ္စည်းနဲ့ အတူတူ ထည့်ထားလို့ရတယ်။

    ၇။ ထည့်ထားပြီးရင် ရေကူးလို့ရတယ်။

    ဒါဆိုရင် မကောင်းတဲ့အချက်တွေကရော။

    ၁။ ထည့်တဲ့၊ ထုတ်တဲ့ချိန်မှာ သွေးတွေပေပွနိုင်တယ်။

    ၂။ ထုတ်ရသွင်းရ ခက်ခဲနိုင်တယ်။

    ၃။ မိန်းမကိုယ်နဲ့ ကွက်တိဖြစ်တဲ့ ဆိုဒ်ကိုရှာရခက်နိုင်တယ်။

    ၄။ မိန်းမကိုယ်ယားယံတာ၊ အက်လာဂျီ (allergy) ဖြစ်တာမျိုးတွေဖြစ်နိုင်ပါတယ်။

    ဘယ် ပစ္စည်းဘယ်လိုပဲကောင်းကောင်း၊ မိန်းကလေးတွေအနေနဲ့ ကိုယ့်ခန္ဓာကိုယ် အကြောင်းကိုယ်ပဲ သိတာမို့ ကိုယ်နဲ့ အဆင်ပြေတာကို ပဲရွေးချယ်အသုံးပြုသင့်ပါတယ်။

    လစဉ်သုံးပစ္စည်းဝယ်တော့မယ်ဆိုရင် ဒီသုံးချက်ကို အလေးပေးစဉ်းစားပါ။

    ဈေးပိုသက်သာရဲ့လား။

    အသုံးပြုရလွယ်ကူရဲ့လား။

    ရာသီလာစဉ် ချစ်သူနဲ့ အတူနေမှာလား။

    ဒီမေးခွန်းသုံးခုလုံးရဲ့ အဖြေက Yes ဖြစ်မယ်ဆိုရင်တော့ ရာသီခွက်လေးတွေက အသင့်တော်ဆုံးဖြစ်မှာပါ။ သုံးသင့်၊ မသုံးသင့် မသေချာသေးဘူးဆိုရင်တော့ နီးစပ်ရာ ဆရာဝန်ကို ပြသပြီး ဆွေးနွေးသင့်ပါတယ်နော်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Yee Mon Lwin မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement