backup og meta

၀မ်းဗိုက်အတွင်း ပြည်တည်နာဖြစ်ခြင်း


Dr. Thant Zin မှ ရေးသားသည်။ · 22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ၀မ်းဗိုက်အတွင်း ပြည်တည်နာဖြစ်ခြင်း

    ပြည်တည်နာဆိုတာကတော့ ပြည်တွေနဲ့ပြည့်နေပြီး ရောင်ရမ်းနေတဲ့ တစ်ရှူးအစုအဝေးကို ဆိုလိုပါတယ်။ ပြည်တည်နာများဟာ ကိုယ်ခန္ဓာရဲ့ ဘယ်နေရာမှာမဆို ဖြစ်ပေါ်နိုင်ပါတယ်။ အရေပြားပေါ်မှာ အများဆုံးဖြစ်တတ်ပါတယ်။ တခါတရံမှာတော့ ဝမ်းဗိုက်အတွင်းမှာပါ ဖြစ်နိုင်ပါတယ်။

    ဝမ်းဗိုက်အတွင်း ပြည်တည်နာဖြစ်ရာမှာ ဝမ်းဗိုက်အရှေ့မျက်နှာပြင်နားမှာ ဖြစ်ပေါ်နိုင်တာရှိသလို နောက်ကျောဘက်မှာကပ်ပြီး ဖြစ်တာလည်း ရှိပါတယ်။ ဝမ်းတွင်း ကလီစာအစိတ်အပိုင်းတွေဖြစ်တဲ့ အသည်း၊ ပန်ခရိယ၊ ကျောက်ကပ် စတာတွေရဲ့ဝန်းကျင်မှာလည်း ဖြစ်ပေါ်နိုင်ပါတယ်။

    ဝမ်းဗိုက်အတွင်း ပြည်တည်နာဘာကြောင့်ဖြစ်ရသလဲ

    ပြည်တည်နာဖြစ်ပေါ်ရခြင်းကတော့ ဘက်တီးရီးယားပိုးများ ဝင်ရောက်ကူးစက်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဝမ်းဗိုက်အတွင်း ပေါက်ပြဲစေတဲ့အထိ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာရခြင်း၊ ရောဂါကြောင့် အူလမ်းကြောင်း ပေါက်ပြဲခြင်း၊ ဝမ်းဗိုက်ကို ခွဲစိတ်ကုသမှုပြုလုပ်ခြင်း စတဲ့အကြောင်းတခုခုကြောင့် ဘက်တီးရီးယားပိုးများ ဝမ်းဗိုက်အတွင်းမှာ ဝင်ရောက်ပေါက်ပွားနိုင်ပါတယ်။

    ဝမ်းဗိုက်အတွင်း တနေရာရာမှာ ပြည်တည်နာဖြစ်ပွားရင် ဝမ်းခေါင်းအတွင်းက တခြားနေရာတွေ၊ အင်္ဂါအစိတ်အပိုင်းတွေဆီပါ ပျံ့နှံ့သွားနိုင်ပါတယ်။ ဝမ်းဗိုက်အတွင်းက အင်္ဂါအစိတ်အပိုင်းတခုခု ရောဂါဖြစ်ပွားရာကနေလည်း ပြင်ပကနေ ဘက်တီးရီးယားများ ဝင်ရောက်ဖို့ ပိုမိုလွယ်ကူစေပါတယ်။ ဥပမာ အူအတက်ရောင်ခြင်း ဖြစ်ပါတယ်။

    ဝမ်းဗိုက်အတွင်း ပြည်တည်နာဖြစ်ရင် ဘာလက္ခဏာတွေဖြစ်သလဲ

    ဝမ်းဗိုက်အတွင်းမှာ ပြည်တည်နာဖြစ်ခဲ့ရင် အများအားဖြင့် အောက်ပါလက္ခဏာတွေ ပြတတ်ပါတယ်။

    ဗိုက်အောင့်ခြင်း

    – ပျို့အန်ခြင်း

    – ကိုယ်လက်မအီမသာဖြစ်ခြင်း

    – အဖျားတက်ခြင်း

    – အစားပျက်ခြင်း

    နောက်ဆက်တွဲပြဿနာ ဘာတွေရှိသလဲ

    ဝမ်းဗိုက်အတွင်းပြည်တည်နာကို ထိရောက်စွာ မကုသရင် နောက်ဆက်တွဲပြဿနာတွေ ပေါ်လာနိုင်ပါတယ်။ ကလီစာများ ထိခိုက်ပျက်စီးခြင်း၊ သွေးဆိပ်တက်ခြင်း စတာတွေဖြစ်ပေါ်ပြီး အသက်အန္တရာယ်ထိ ကြုံနိုင်ပါတယ်။

    ရောဂါရှာဖွေမှု ဘယ်လိုလုပ်သလဲ

    ဝမ်းဗိုက်အတွင်းမှာ ပြည်တည်နာအပါအဝင် တခြားရောဂါလက္ခဏာတွေဟာ ဆင်တူပါတယ်။ ရောဂါလက္ခဏာတွေ ဆင်တူတာကြောင့်လည်း ဝမ်းဗိုက်အပိုင်းနဲ့ ပတ်သက်ရင် ဆရာဝန်များဟာ သဲသဲကွဲကွဲဖြစ်အောင် စစ်ဆေးကြပါတယ်။ အထူးသဖြင့် ပုံရိပ်ဖော်စစ်ဆေးခြင်းတွေ ပြုလုပ်ပါလိမ့်မယ်။ဓာတ်မှန်၊ အာထရာဆောင်း၊ စီတီဓာတ်မှန် စသဖြင့် လိုအပ်သလို စစ်ဆေးပါလိမ့်မယ်။ ဝမ်းဗိုက်ထဲက အရည်နမူနာကို စုပ်ယူစစ်ဆေးခြင်းလည်း ပြုလုပ်နိုင်ပါတယ်။

    ဘယ်လိုကုသမလဲ

    ပထမဆုံးကုသမှုကတော့ ပြည်တည်နာကို ဖောက်ထုတ်ခြင်း ဖြစ်ပါတယ်။ ပြည်စုနေတဲ့နေရာကို အပ်နဲ့ဖောက်ပြီး စုပ်ယူပါတယ်။ ဒီလိုစုပ်ယူနိုင်ဖို့အတွက် အာထရာဆောင်း၊ စီတီဓာတ်မှန် စတာတွေရဲ့ အကူအညီ လိုပါတယ်။ ပြည်များကို စုပ်ယူပြီးချိန်မှာ ဓာတ်ခွဲခန်းကိုလည်း နမူနာပို့ပြီး စစ်ဆေးပါလိမ့်မယ်။ ပဋိဇီဝဆေးတွေလည်း သုံးစွဲရနိုင်ပါတယ်။ လိုအပ်ရင် ပဋိဇီဝဆေးတွေကို သွေးကြောကနေတဆင့်လည်း ပေးသွင်းရတတ်ပါတယ်။

    တခါတရံမှာ ခွဲစိတ်ကုသမှုလည်း လိုနိုင်ပါတယ်။ အပ်နဲ့စုပ်ယူဖို့ မဖြစ်နိုင်တဲ့အခါ၊ ကလီစာအစိတ်အပိုင်းတွေ ထိခိုက်စုတ်ပြဲနေတဲ့အခါ ခွဲစိတ်ကုသပါတယ်။ ခွဲစိတ်ပြီး ဝမ်းဗိုက်အတွင်းက ပြည်များကို ကုန်စင်အောင် သန့်ရှင်းရေးလုပ်ရပါတယ်။ ခွဲစိတ်ပြီး ဆေးရုံမှာ ရက်အနည်းငယ်နေပြီး နောက်ဆက်တွဲပြဿနာများ မကြုံရရင်တော့ ဆေးရုံဆင်းနိုင်ပါတယ်။ နောက်ပိုင်းမှာ ဆရာဝန်ချိန်းဆိုတိုင်းမှာ မပျက်မကွက် ပြန်လည်ပြသဖို့ လိုအပ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement