backup og meta

ဆောင်းရာသီနှင့် အရေပြားအလှအပ ထိန်းသိမ်းခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆောင်းရာသီနှင့် အရေပြားအလှအပ ထိန်းသိမ်းခြင်း

    ဘာလိုလိုနဲ့ ဆောင်းရာသီထဲကို ဝင်လာပြီနော်။ မနက်ပိုင်းတွေမှာတော့ သိပ်မသိသာပေမယ့် ညနက်လာလေ အေးစိမ့်စိမ့်လေး ဖြစ်လာတာ သတိထားမိကြမှာပါ။

    ဆောင်းတွင်းေရာက်ပြီဆိုတာနဲ့ လူတော်တော်များများက အအေးမိဖျားနာမှာ ကြောက်ကြလို့ ကျန်းမာရေးကို ပိုဂရုစိုက်တတ်ကြတယ်။ ဒါဟာ ကောင်းတဲ့အလေ့အကျင့်လေး တစ်ခုပါပဲ။ ဒါပေမယ့် ကျန်းမာရေးတစ်ခုတည်းကိုပဲ ဂရုစိုက်လို့ မဖြစ်ဘူးနော်။ အေးပြီး ခြောက်သွေ့နေတဲ့ ရာသီဥတုမျိုးမှာ မကြာခဏဖြစ်တတ်တဲ့ အရေပြား ခြောက်တာ၊ အက်ကွဲတာမျိုးမဖြစ်ရလေအောင် ဘယ်လိုကာကွယ်မလဲ၊ ဆောင်းရာသီမှာ ကိုယ့်အသားအရေကို ဘယ်လိုထိန်းသိမ်းလို့ရမလဲဆိုတဲ့ အလှအပဆိုင်ရာ နည်းလမ်းလေးတွေ ဝေမျှပေးလိုက်မယ်နော်။

    ၁။ ရေနွေးလေးနဲ့ ရေချိုးပေးပါ။

    ဆောင်းရာသီလို အေးစက်နေတဲ့ အချိန်ကာလမျိုးမှာ ရေနွေးလေးနဲ့ ရေချိုးပေးတာဟာ အရေပြားအတွင်းထဲမှာ ပိတ်နေတဲ့ အညစ်အကြေး၊ အဆီတွေကို သန့်စင်ပေးလို့ အသားအရေကို ကြည်လင်စေတယ်။ အစိုဓါတ်ကိုလည်း ခမ်းခြောက်မသွားစေဖို့ ရေနွေးက ကာကွယ်ပေးနိုင်တယ်။ ကျန်းမာရေးနဲ့လည်း ညီညွတ်စေလို့ ရေပူ၊ ရေအေးထက်စာရင် ရေကျက်နွေးလေးနဲ့ ရေချိုးပေးတာက အကောင်းဆုံးပါပဲ။

    ၂။ ရေချိုးပြီးတိုင်း အစိုဓါတ်ထိန်း ခရင်မ်လိမ်းဖို့ မမေ့ပါနဲ့။

    အရေပြားက စိုပြည်ဝင်းပနေစေဖို့ အစိုဓါတ်ကောင်းကောင်းရဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ရေချိုးပြီးတဲ့အချိန်တိုင်း အစိုဓါတ်ထိန်းခရင်မ် (moisturizer) ပြန်လိမ်းပေးပြီး အရေပြားကို ရေဓါတ်ခမ်းခြောက်မသွားအောင် ကာကွယ်ပေးနိုင်ပါတယ်။

    ၃။ အသားအရေကို ကာကွယ်ပါ။

    အေးတိအေးစက် ညတွေမှာ ခြေတွေ၊ လက်တွေ အသားပပ်တာ၊ ခြောက်သွေ့တာမျိုး မဖြစ်ရအောင် လက်အိတ်၊ ခြေအိတ်စွပ်ပြီး အိပ်ပါ။ အပြင်ထွက်ရင်လည်း နေလောင်ကာ ခရင်မ် (sunscreen) လိမ်းပေးဖို့ မမေ့ပါနဲ့နော်။ ရာသီဥတုက ပူပူ၊ အေးအေး၊ နေလောင်ဒဏ်ဟာ အသားအရည်ကို ပျက်စီးစေတဲ့ အကြောင်းရင်းထဲက တစ်ခုဖြစ်လို့ အပြင်ထွက်တော့မယ်ဆိုရင် မျက်နှာ၊ လည်ပင်း၊ ဂုတ်သား၊ လက်တွေကို နေလောင်ကာခရင်မ် လိမ်းပေးဖို့ လိုအပ်ပါတယ်။

    ၄။ ရေများများသောက်ပါ။

    ရေဟာ လူ့ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာပါ။ ဆောင်းရာသီလို အေးတဲ့အချိန်မျိုးမှာ လူတော်တော်များများက ရေထက် ကော်ဖီ၊ ရေနွေးကြမ်း ပူပူနွေးနွေးကို ပိုပြီး သောက်တတ်ကြပါတယ်။ မကောင်းတဲ့ အလေ့အကျင့်တော့ မဟုတ်ပေမဲ့ ကိုယ့်ရဲ့ ခန္ဓါကိုယ်က ရေဓါတ်ကို အမြဲလိုအပ်နေတယ်ဆိုတာ သိထားရပါမယ်။ ဒါကြောင့် ရေကို တစ်နေ့ အနည်းဆုံး ၃လီတာဝန်းကျင်လောက် သောက်ပေးပါ။ ရေခဲရေကိုတော့ ဘယ်ရာသီမဆို ရှောင်တာအကောင်းဆုံးပါပဲ။

    ၅။ ဒူးခေါင်းနဲ့ တံတောင်ဆစ်ကိုလည်း မမေ့ပါနဲ့။

    လူတော်တော်များများက မျက်နှာ၊ ဆံပင်နဲ့ ခန္ဓါကိုယ်ကိုသာ အဓိက ဂရုစိုက်တတ်ကြပြီး ဒူးခေါင်းနဲ့ တံတောင်ဆစ်ကို မေ့တတ်ကြပါတယ်။ ဒူးခေါင်းနဲ့ တံတောင်ဆစ် အရေပြားဟာ ပိုထူပြီး အစိုဓါတ်ဆုံးရှုံးတာ ပိုမြန်ပါတယ်။ ဒီလိုနေရာတွေကို သေချာဂရုစိုက်ဖို့ မေ့လျော့တဲ့အခါမှာ အချိန်ကြာလာတာနဲ့အမျှ အရေပြားက ခြောက်သွေ့ပြီး မည်းညစ်လာပါတယ်။ ဒါကြောင့် ရေချိုးတဲ့အခါမှာ တံတောင်ဆစ်နဲ့ ဒူးခေါင်းကို သေချာတိုက်ချွတ်ပေးပါ။ ရေချိုးပြီးရင်လည်း အစိုဓါတ်ထိန်းခရင်မ်လေး ပြန်လိမ်းပေးဖို့ သတိထားပေးနော်။

    ၆။ ခန္ဓါကိုယ်တွင်းမှာလည်း ရေဓါတ်ပြည့်ဝနေပါစေ။

    အပြင်ပန်း အသားအရေကို အစိုဓါတ်ထိန်းခရင်မ်တွေ လိမ်းပေးတဲ့အချိန်မှာ ကိုယ်တွင်းမှာ ရေဓါတ်တွေ ပြည့်ဝနေဖို့ အရေးကြီးပါတယ်။ ဆောင်းရာသီလိုအချိန်မျိုးမှာ ဆုံးရှုံးသွားတဲ့ ကိုယ်တွင်းရေဓါတ်တွေကို ပြန်လည် ဖြည့်တင်းပေးဖို့ ရေများများ သောက်ပေးရမယ့်အပြင် အသီးအနှံေတွလည်း များများ စားပေးဖို့ လိုအပ်ပါတယ်။ ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ သခွားသီးတွေမှာ ရေဓါတ် အများအပြားပါဝင်လို့ ထမင်းစားတဲ့အချိန် မှန်မှန်လေး စားပေးပါ။ အသားအရေကို စိုပြည်ဝင်းမွတ်နေစေဖို့ ဗီတာမင် C နဲ့ Omega-3 fatty acid ပေါကြွယ်ဝတဲ့ ငါးတွေလည်း ပုံမှန်စားပေးပါ။

    ဆောင်းရာသီမှာ အရေပြားအလှအပကို ဂရုစိုက်ဖို့ လိုအပ်သလို ကျန်းမာရေးကိုလည်း မေ့ထားလို့ မဖြစ်ဘူးနော်။ အာဟာရမျှတတဲ့ အစားအစာတွေကို မှန်မှန်စားပါ။ ရေများများသောက်ပါ။ အိပ်ချိန်ပြည့်ဝစေဖို့ ဂရုစိုက်ပါ။ ကိုယ်လက်လေ့ကျင့်ခန်း များများလုပ်ပါ။ မှန်ကန်တဲ့ စားသောက်နေထိုင်မှုပုံစံနဲ့ ဆောင်းရာသီကို အန်တုဖို့ အခုထဲက စပြီး ကြိုးစားလိုက်ကြရအောင်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေး ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement