backup og meta

အိမ်မှာအလွယ်တကူလုပ်လို့ရတဲ့ ဆံပင်ပေါက်စေမယ့် ကုထုံးတွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 31/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိမ်မှာအလွယ်တကူလုပ်လို့ရတဲ့ ဆံပင်ပေါက်စေမယ့် ကုထုံးတွေ

    ဆံသားဆိုတာ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာဆိုလည်း မမှားပါဘူး။

    တချို့တွေ ဆံပင်ပါးလို့၊ ဆံပင်တွေ အရမ်းကျွတ်လို့ စိတ်တွေ ညစ်ကြတယ်။ ကိုယ်က သူများတွေနဲ့ ယှဉ်လိုက်ရင် ဆံပင်ပေါက်တာနှေးတယ်၊ ဆံပင်မသန်ဘူး၊ ဆံပင်အုံမထူဘူး။ ဆံပင်ပါးတဲ့ ပြဿနာဟာ ကျား၊ မ မရွေး ဖြစ်နိုင်ပေမယ့် အသက်ကြီးတဲ့ သူတွေမှာ ပိုပြီး အဖြစ်များတတ်ပါတယ်။

    ဘာအကြောင်းရင်းကြောင့်ပဲ ဖြစ်စေ အိမ်မှာ အလွယ်တကူ လုပ်လို့ရတဲ့ ဆံပင်ပေါက်မြန်စေတဲ့ နည်းလမ်းတွေကို ဝေမျှပေးချင်ပါတယ်။

    ၁။ ရှားစောင်းလက်ပပ်

    ရှားစောင်းလက်ပပ်က ရတဲ့ ဂျယ်လ်အနှစ်ကို ဗောက်ပြဿနာတွေ ဖြေရှင်းတဲ့နေရာမှာ အသုံးပြုကြသလို ဆံပင်ကျွတ်လွန်းတဲ့သူတွေ ဆံပင်အမြန်ပြန်ပေါက်စေဖို့လည်း အသုံးပြုနိုင်ပါတယ်။ ရှားစောင်းလက်ပပ်ရဲ့ အဆီအနှစ်ဟာ ဦးရေပြားကို အေးမြစေပြီး ဗောက်တွေကို ဖယ်ရှားပေးတယ်။ ယားယံတာကိုလည်း သက်သာစေပြီး ဦးရေပြားခြောက်တာကို သက်သာစေတယ်။ ဆံသားမွှေးညှင်းပေါက်ထဲမှာ ပိတ်မိနေတဲ့ အဆီတွေ၊ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ သဘာဝက ရတဲ့ ဂျယ်လ်အနှစ်ကို အသုံးပြုနိုင်သလို ရှားစောင်းလက်ပက်ပါဝင်တဲ့ ခေါင်းလျှော်ရည်ကိုလည်း အသုံးပြုပေးလို့ ရပါတယ်။

    ၂။ အုန်းဆီ

    ကျွန်တော်တို့ မြန်မာလူမျိုးတွေ ဆံသားနဲ့ ဦးရေပြားကို အမြဲကျန်းမာစေဖို့ လိမ်းပေးတတ်တဲ့ ဆီတွေထဲမှာ အုန်းဆီဟာ နာမည်ကြီးပါပဲ။ အုန်းဆီမှာ ပါဝင်တဲ့ အဆီတွေဟာ ဦးရေပြားအတွင်းထဲထိပါ စိမ့်ဝင်သွားပြီး ဆံသားကို ပရိုတင်းဓာတ် ဖြည့်တင်းပေးနိုင်ပါတယ်။ ဆံသားအဆီပြန်တဲ့သူတွေအတွက် ညအိပ်တဲ့အချိန်မှာ အုန်းဆီလိမ်းပြီး အိပ်ပါ။ မနက်နိုးတာနဲ့ ခေါင်းလျှော်လိုက်ပါ။ ဦးရေပြားခြောက်သူတွေဆိုရင် ခေါင်းလျှော်ပြီးရင် အုန်းဆီလိမ်းထားလိုက်ပါ။ အုန်းဆီဟာ ဆံပင်သားကို နူးညံ့ချောမွေ့စေပြီး ဆံပင်ပေါက်လာစေဖို့ အားဖြစ်စေပါတယ်။

    ၃။ ငါးကြီးဆီ

    ငါးနဲ့ ပင်လယ်စာကနေ သဘာဝအတိုင်းရတဲ့ အဆီတွေဟာ အသားအရေအတွက်သာမက ဦးရေပြားကျန်းမာရေးကိုပါ အထောက်အကူပေးနိုင်ပါတယ်။ ငါးကြီးဆီကို ဒီအတိုင်းစားပေးနိုင်သလို ဖြည့်စွက်အားဆေးအနေနဲ့လည်း မှီဝဲလို့ ရပါတယ်။ ဆံသားကို ထူစေပြီး ဦးရေပြားအောက်က ဆဲလ်တွေကို ပုံမှန်အလုပ်လုပ်စေပြီး ဆံပင်အမြန်ပြန်ပေါက်လာစေတယ်။ ကိုယ်ခံအားကိုလည်း ကောင်းစေလို့ ရောဂါကြောင့် ဆံပင်ကျွတ်တာတွေ မဖြစ်စေပါဘူး။

    ၄။ ဂျင်ဆင်းအားဆေး

    ဂျင်ဆင်းဟာ ကျန်းမာရေးအတွက်သာမက အသားအရေနဲ့ ဦးရေပြားကျန်းမာရေးကိုပါ ကောင်းမွန်စေပါတယ်။ ဂျင်ဆင်းအမြစ်မှာ ပါဝင်တဲ့ ဆေးဖက်ဝင်တဲ့ အာနိသင်တွေဟာ ဆံသားကျွတ်တာ သက်သာစေပြီး ဆံပင်အမြန်ပြန်ပေါက်လာစေဖို့ ကူညီပေးနိုင်ပါတယ်။ ဂျင်ဆင်းကို ဟင်းချက်ပြုတ်ရာမှာဖြစ်စေ၊ ဖြည့်စွက်အားဆေးအနေနဲ့ ဖြစ်စေ သောက်သုံးပေးနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးကင်းစေဖို့အတွက် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ သောက်ပေးတာ အကောင်းဆုံးပါပဲ။

    ၅။ ကြက်သွန်အရည်

    ကြက်သွန်နီကို ညှစ်ပြီး ရလာတဲ့အရည်ဟာ ဆံပင်တအားကျွတ်တာ၊ ထိပ်ပြောင်တာတွေကို သက်သာပျောက်ကင်းစေပြီး ဆံပင်ပြန်ပေါက်လာစေတယ်။ အရေပြားတွင်း သွေးလည်ပတ်မှုကောင်းစေပြီး ဦးရေပြားအားဖြစ်စေတယ်။ ကြက်သွန်အနည်းငယ်ကို ကြိတ်စက်ထဲမှာ ထည့်ကြိတ်ပြီး ရလာတဲ့အရည်ကို ဦးရေပြားပေါ် သုတ်လိမ်းပေးပါ။ ၁၅မိနစ်ခန့် ထားပြီးရင် ခေါင်းလျှော်ပေးလိုက်ရုံပါပဲ။

    ၆။ သံပုရာ

    ဆံသားကို ထူစေပြီး ဆံပင်ပေါက်လာစေဖို့ သံပုရာရည် သို့မဟုတ် သံပုရာအဆီအနှစ်ကို လိမ်းပေးရင်လည်း အဆင်ပြေပါတယ်။ သံပုရာအဆီအနှစ်က ဗောက်တွေပျောက်စေတဲ့အပြင် ဦးရေပြားကို အေးမြစေတယ်။ အိမ်မှာ အလွယ်တကူလုပ်နိုင်တဲ့အတွက် အချိန်ကုန်၊ လူပင်ပန်းလည်း မဖြစ်စေပါဘူး။ ခေါင်းမလျှော်ခင် သံပုရာရည်၊ အဆီအနှစ်ကို ဦးရေပြားအနှံ့ ပွတ်လိမ်းပေးပါ။ ၁၅မိနစ်ခန့် ထားပြီးသွားရင် ရေပြန်ချိုးပေးလိုက်ရင် ရပါပြီ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 31/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement