backup og meta

လှပတဲ့အသားအရေလေးရနိုင်ဖို့ နည်းစနစ်မှန်မှန်ထိန်းသိမ်းကြရအောင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 05/06/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လှပတဲ့အသားအရေလေးရနိုင်ဖို့ နည်းစနစ်မှန်မှန်ထိန်းသိမ်းကြရအောင်

    ကျောင်းပြီးကတည်းက ကိုယ်စီအလုပ်ဝင်နေကြတာနဲ့ သူငယ်ချင်းတွေပြန်မဆုံဖြစ်တာတော်တော်တော်ကြာနေပြီလေ။ အိမ်ထောင်တွေကျပြီး သားသမီးကိုယ်စီနဲ့ဖြစ်လာတော့ သူငယ်ချင်းတွေဆုံဖြစ်ဖို့ဆိုတာက ပိုလို့တောင်ခက်ခဲသွားတော့တာပေါ့။ ခေတ်ကာလရဲ့အနေအထားအရ အမျိုးသမီးတွေအနေနဲ့လည်း အိမ်ရဲ့ဝင်ငွေအတွက် တစ်ဖက်တစ်လမ်းကနေ ရှာဖွေနေကြရပါသေးတယ်။ ဒီလိုမျိုး အိမ်ထောင်ရှင်အမျိုးသမီးတွေထဲမှာ ဇာခြည်လည်းတစ်ဦးအပါအဝင်ပါပဲ။ ဒီနေ့တော့ သူငယ်ချင်းတစ်ယောက်ရဲ့ကလေးမွေးနေ့ပွဲလည်းရှိ၊ ပိတ်ရက်လည်းဖြစ်နေတော့ သူငယ်ချင်းတွေနဲ့တွေ့ဖို့သွားမယ်လေ။

    နီနီရဲ့ ကလေးမွေးနေ့ပွဲမှာ သူငယ်ချင်းတွေဆုံတဲ့အခါကျတော့ အားလုံးကတော်တော်လေးပြောင်းလဲနေကြပြီလေ။ အရမ်းလှလာတဲ့သူတွေရှိသလို အချို့ကလည်းတော်တော်လေးကို အိမ်ထောင်ရှင်မကြီးပုံပေါက်နေကြပြီ။ ပြောင်းလဲသွားတဲ့သူငယ်ချင်းတွေကိုကြည့်ရင် တရားတောင်ရမိပါရဲ့။ ဇာခြည်ကတော့ တချို့လောက် အဖွားကြီးပုံစံပေါက်မနေပေမယ့် အပျိုလေးတွေအတိုင်းအရမ်းလန်း အရမ်းလှနေကြတဲ့ထဲတော့လည်း မပါပြန်ဘူး။ ဇာခြည်ရဲ့ အဓိကပြဿနာက အသားအရေကတော်တော်ဆိုးနေတာပါပဲ။ ဒါပေမယ့် အသားအရေမထိန်းသိမ်းလို့လားဆိုတော့လည်းနေ့တိုင်း မျက်နှာသစ်ဆေးနဲ့သစ်ပြီး Day Creamတော့လူးတာပဲလေ။ပြီးရင်တော့ အလုပ်ခွင်ဝင်ရတာဆိုတော့ မိတ်ကပ်ထပ်လူးပြီးပြင်ဆင်ခြယ်သတာတွေတော့လုပ်ရတာပေါ့။ သူငယ်ချင်းတွေဆုံတုန်းလေး Selfie ဆိုတော့ အသားအရေမလှတာက ပိုသိသာသွားရောပဲ။

    ဒါနဲ့ အသားအရေလှတဲ့ သူငယ်ချင်း နီကိုမေးကြည့်မိတာပေါ့။ သူကအရင်ကတည်းက အသားအရေကောင်းတယ်ဆိုပေမယ့် ဇာခြည်နဲ့ သိပ်မကွာဘူးလေ၊ ခုကျတော့သူကတော်တော်လေး လှလာတယ်။ ကလေးအမေလို့တောင်မထင်ရအောင်ပါပဲ။ သူကပြောပြမှ မျက်နှာကို မျက်နှာသစ်ဆေးနဲ့သစ်ပြီး Day Cream လိမ်းရုံနဲ့ အမျိုးသမီးတွေအတွက် မလုံလောက်ဘူးဆိုတာကို စသိရတယ်။ ဇာခြည်ဖြင့် သူ့ကိုကြည့်ပြီး ကိုယ့်ကိုယ်ကို စိတ်ဓာတ်တောင်ကျသွားတယ်။ သူကသူ့ရဲ့အသားအရေထိန်းသိမ်းနည်းကိုပြောပြလို့ ဇာခြည့်လို ခံစားနေရတဲ့ အားလုံးလည်း သိပြီးလိုက်လုပ်နိုင်အောင် ဇာခြည်ပြောပြမယ်နော်။

    မျက်နှာကိုသန့်စင်ဖို့က ပထမ

    အသားအရေလှပအောင်အရင်ဆုံးလုပ်ရမှာက မျက်နှာကိုသန့်စင်ဖို့ပါတဲ့။ မိတ်ကပ်လိမ်းနေရတဲ့သူဆိုရင် မျက်နှာပေါ်က ချွေးပေါက်တွေထဲမှာ မိတ်ကပ်အကြွင်းအကျန်တွေပိတ်ဆို့နေနိုင်ပါတယ်။ အဲ့ဒါတွေက အရွယ်မတိုင်ခင်အိုမင်းတာတွေဖြစ်တတ်တယ်တဲ့။ရေခပ်နွေးနွေးလေးကိုသုံးပြီး မျက်နှာပေါ်က အညစ်အကြေးတွေကိုဖယ်ရှားတာက ချွေးပေါက်တွေကို ပွင့်စေပြီး အသားအရေကိုလည်း ကြည်လင်စေတယ်လေ။ မျက်နှာကိုဖြည်းဖြည်းလေးနှိပ်နယ်ပေးတာကလည်း မျက်နှာသွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။ မျက်လုံးတဝိုက်က မိတ်ကပ်တွေကို သင့်တော်တဲ့ မိတ်ကပ်ဖျက်ဆေးရွေးပြီးသုံးပေးဖို့လည်း မမေ့ပါနဲ့။

    မျက်နှာသစ်ဆေးကိုရွေးချယ်ပါ

    မျက်နှာသစ်ဆေးရွေးတဲ့အခါမှာလည်း မျက်နှာသစ်ဆေးဖြစ်ရင်ပြီးရောမရွေးနဲ့လေ။ အသားအရေနဲ့လိုက်ဖက်မယ့်ဟာမျိုးကိုရွေးပေါ့တဲ့။ မျက်နှာပေါ်က အညစ်အကြေးတွေကိုသန့်စင်ပေးပြီး အသားအရေကိုဖြူဝင်းစေတယ်တဲ့။

    တိုနာအလှည့်

    ပြီးရင်တော့တိုနာသုံးရမယ်။ တိုနာသုံးတာကတော့ လွယ်လွယ်လေးပါ။ ဂွမ်းစလေးနဲ့ယူပြီး မျက်နှာအနှံ့ကိုလိမ်းလိုက်ရုံပါ။ ဒါပေမယ့် အယ်လ်ကိုဟောပါဝင်မှုမရှိတဲ့ တိုနာကိုအသုံးပြုပေးဖို့လိုပါတယ်။ တိုနာက မျက်နှာပေါ်ကအဆီပိုတွေကိုဖယ်ရှားပေးတယ်လေ။

    ပြီးရင် moisturizer ပါ

    ဒါတွေပြီးရင် Day Cream လူးလို့ရပြီလားဆိုတော့ မရသေးဘူး။ အစိုဓါတ်ထိန်းခရင်မ်တစ်မျိုးမျိုးသုံးပေးရဦးမယ်တဲ့။ မနက်မျက်နှာသစ်ပြီးတိုင်း အစိုဓာတ်ထိန်းခရင်မ်လိမ်းပေးတာက အသားအရေထိန်းသိမ်းမှုမှာတော်တော်လေးအရေးပါပါတယ်။ အစိုဓာတ်ထိန်းခရင်မ်ကနေရောင်ခြည်ဒဏ်ကနေကာကွယ်ပေးပြီး အစိုဓာတ်ထိန်းပေးသလို အရေပြားကို ရေဓာတ်ဖြည့်ပေးတယ်။ မဖြစ်မနေလူးပေးဖို့လိုမယ်တဲ့။ပြီးရင်တော့ Serum လူးပေးရဦးမယ်တဲ့ အရေပြားပြဿနာတွေကိုဖြေရှင်းပေးနိုင်တဲ့ အဓိကဇာတ်လိုက်က Serum ပါ။ အစိုဓာတ်ထိန်းခရင်မ်နဲ့မတူတာက Serum က အသားအရေအတွင်းပိုင်းအထိ စိမ့်ဝင်နိုင်ပြီး အသားအရေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေရော အစိုဓာတ်ကိုပါဖြည့်တင်းပေးပါတယ်။ ကိုယ်အသားအရေအလိုက်တော့ကွာတာပေါ့။ အရွယ်တင်ချင်တာလား၊အသားအရေကြည်ချင်တာလား၊ ဝက်ခြံကင်းချင်တာလားဆိုတော့ကွာတာပေါ့။

    နေရောင်ခြည်ကို ကာကွယ်ဖို့ မမေ့ပါနဲ့

    ဒါတွေအဆင့်ဆင့်လူးပြီးရင်လူးရမှာကနေလောင်ကာခရင်မ်ပါ။ ပြီးရင်တော့ မိတ်ကပ်လူးတယ်တဲ့။

    ညဘက် မျက်နှာသစ်ပြီးရင် Night cream

    နောက်တစ်ခုကတော့ ညဘက်ကိုမအိပ်ခင်မျက်နှာသစ်ပြီး Night Cream တစ်ခုခုလိမ်းဖို့လိုတယ်တဲ့လေ။ မနက်လင်းလာရင်အသားအရေတော်တော်လေးကောင်းတယ်တဲ့လေ။ မျက်နှာပေါ်က ဆဲလ်သေတွေဖယ်ရှားတာကို မအားရင်တောင် အနည်းဆုံးတစ်ပတ်တစ်ကြိမ်လောက်လုပ်ပေးဖို့နဲ့ မျက်နှာပေါင်းတင်တာကိုလည်း တစ်ပတ်တစ်ခါလောက်တော့ အနည်းဆုံးလုပ်ပေါ့လို့မှာလိုက်သေးတယ်။

    အခုတော့ပြောင်းလဲလာနေပါပြီ

    သူပြောပြတဲ့နည်းအတိုင်းလည်းသုံးကြည့်နေပြီလေ။ တဖြည်းဖြည်းချင်းတော့ သိသာလာပါတယ်။ သူ့လိုမျိုး အသားအရေလေးပိုင်ဆိုင်ချင်တော့ မအားတဲ့ကြားကပဲအချိန်ပေးပြီး လုပ်နေရတာပေါ့။ အခုမှလည်း အသားအရေကို ဘယ်လိုထိန်းသိမ်းရလဲဆိုတာကို သိတာလေ။ အခုတဖြည်းဖြည်းချင်းနဲ့အသားအရေကပြောင်းလာပြီး ကြည်လည်းကြည်လာတော့ လူတွေကြားမှာလည်း ထင်းခနဲလှလာသလိုပဲ။ အလုပ်မှာဆိုလည်း ယုံကြည်မှုပိုရလာသလိုပဲ။ ဇာခြည်တို့မိန်းကလေးတွေအတွက် အလှအပကလည်း အားတစ်ခုဖြစ်တယ်နော်။ ဒီတစ်ခါသူငယ်ချင်းတွေဆုံဖြစ်ကြရင်လှနေတဲ့ထဲမှာ ကိုယ်လည်းပါတော့မှာပေါ့လေ။ ခုတော့အသားအရေကြောင့် စိတ်ညစ်တာမျိုးမရှိတော့ဘဲ မှန်ကြည့်လိုက်တိုင်း လှလာတဲ့အသားအရေကြောင့် အလိုလိုပျော်လာတယ်လေ။ ယုံကြည်မှုတွေလည်းတိုးလာတယ်လေ။ပြောပြခဲ့တဲ့နည်းလေးတွေအတိုင်း လိုက်လုပ်ကြည့်ပြီး ကြည်လင်ဝင်းပတဲ့အသားအရေကို တူတူပိုင်ဆိုင်ကြစို့လေနော်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 05/06/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement