backup og meta

အိပ်ရာထတဲ့ အခါ နူးညံ့အိစက်နေတဲ့ မျက်နှာလေး ပိုင်ဆိုင်ရစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိပ်ရာထတဲ့ အခါ နူးညံ့အိစက်နေတဲ့ မျက်နှာလေး ပိုင်ဆိုင်ရစေဖို့

    ပြောင်းလဲလာတဲ့ ခေတ်ကြီးထဲမှာ မိန်းကလေးတွေသာမက ယောက်ျားလေးတွေပါ အလှအပရေးရာကို စိတ်ဝင်စားလာကြပါတယ်။ အသားအရေကို ဂရုစိုက်ပြီး ထိန်းသိမ်းကြတယ်။ အလှကုန်ပစ္စည်းတွေကို အသုံးပြုလာကြတယ်။ အလှအပဆိုင်ရာ နည်းလမ်းတွေ ရှာဖွေဖတ်ရှုလာကြတယ်။

    လူတော်တော်များများ မေ့တတ်ကြတဲ့ အရာကတော့ အိပ်စက်ခြင်းပါပဲ။ လူတစ်ယောက်ရဲ့ တစ်နေ့အိပ်ချိန်ဟာလည်း ကိုယ့်ရဲ့ အသားအရေပေါ်မှာ သက်ရောက်မှုတွေ အများကြီး ဖြစ်စေနိုင်ပါတယ်။ အိပ်ချိန်ပြည့်ဝမှ ကျန်းမာမယ်။ လန်းဆန်းတက်ကြွပြီး စိတ်ရွှင်လန်းမယ်။ တစ်နေ့တာလုံး အားအင်တွေ ပြည့်ဝနေစေမယ်။ ဒါ့အပြင် အသားအရေကိုပါ လန်းဆန်းစေပါတယ်။

    အိပ်စက်ခြင်းဟာ အသားအရေကို ဘယ်လိုသက်ရောက်မှု ရှိစေလဲ။

    ညဘက်မှာ အိပ်ရေးမဝတဲ့ သူတွေဟာ မနက်ခင်းထလာတဲ့အခါ မျက်ရစ်ပျော့တွဲနေတာ၊ မျက်လုံးတွေ မို့ဖောင်းအစ်နေတာ၊ ပန်ဒါမျက်ဝန်းလို့ လူသိများကြတဲ့ မျက်ကွင်းညိုတာ၊ အသားအရေ ဖြူဖပ်ဖြူရော် ဖြစ်နေတာ၊ အရေးအကြောင်းတွေ ထင်လာတာ အစရှိတဲ့ လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။

    လူတစ်ယောက်ဟာ တစ်နေ့ကို အနည်းဆုံး အိပ်ချိန် ၇နာရီ ရှိဖို့ အရေးကြီးပါတယ်။ အိပ်ရေးဝမှသာ အရေပြားဆဲလ်အသစ်တွေ လျင်မြန်စွာ ထုတ်လုပ်ပေးနိုင်ပြီး အသားအရေကို ကြည်လင်စေမှာပါ။ ဒါ့အပြင် အိပ်နေတဲ့အချိန်မှာ အရေပြားပေါ်က ပျက်စီးနေတဲ့ ဆဲလ်တွေကို ဖြည်းဖြည်းချင်း ပြန်လည်ပြုပြင်ပေးပါတယ်။

    ဒီတော့ မနက်ခင်းနိုးထလာတဲ့အခါ မှန်ကြည့်လိုက်တိုင်း ကျန်းမာလှပပြီး နူးညံ့အိစက်နေတဲ့ အသားအရေလေး ပိုင်ဆိုင်ရစေမယ့် နည်းလမ်းကောင်းတွေကို ဝေမျှပေးလိုက်မယ်နော်။

    ၁။ အိပ်ရေးဝအောင် အိပ်ပေးပါ။

    အိပ်ချိန်ပြည့်ဝခြင်းဟာ အလှအပရေးရာအတွက်သာမက ကျန်းမာရေးအတွက်ပါ ကောင်းကျိုးများစွာ ဖြစ်စေပါတယ်။ အိပ်ရေးမဝတဲ့အခါမှာ အိုမင်းရင့်ရော်လာမယ်၊ ပတ်ဝန်းကျင်နဲ့ နေရောင်ခြည်ဒဏ်ကြောင့် ပျက်စီးနေတဲ့ အသားအရေကို လျင်မြန်စွာ ပြုပြင်မပေးနိုင်တော့ပါဘူး။ ဒီအခါမှာ ဆဲလ်သေတွေ စုမိပြီး အသားအရေဟာ အရောင်မှိန်လာမယ်။ ဒါကြောင့် မနက်နိုးထလာတဲ့အခါ အသားအရေလေး စိုပြေနေစေချင်ရင် အိပ်ရေးဝအောင် အိပ်ပေးဖို့ လိုအပ်ပါတယ်။

    ၂။ မအိပ်ခင် မျက်နှာသစ်ဖို့ မမေ့ပါနဲ့။

    အသားအရေထိန်းသိမ်းဖို့ အခြေခံကျတဲ့ အချက်တွေထဲက တစ်ခုအပါအဝင်ပါပဲ။ တစ်နေ့တာလုံး ဖုန်တွေ၊ အဆီတွေဟာ မျက်နှာပေါ်မှာ စုနေပါတယ်။ မျက်နှာမသစ်ပဲ ဒီအတိုင်း အိပ်လိုက်တဲ့အခါ အရေပြားအတွင်းမှာ အညစ်အကြေးတွေ ပိတ်မိနေတဲ့အတွက် ပျက်စီးနေတဲ့ ဆဲလ်တွေကို ကောင်းစွာ မပြုပြင်နိုင်တော့ပါဘူး။ ကြာလာရင် ချွေးပေါက်ကျယ်တာ၊ အသားအရေခြောက်တာ၊ အနီကွက်ထတာ၊ ဝက်ခြံ၊ အဖုအပိမ့်ထွက်လာတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မအိပ်ခင်လေးမှာ မျက်နှာကို သေချာသန့်စင်ပေးပါ။ မိတ်ကပ်တွေ လိမ်းထားတာ ရှိရင် ဖျက်ပေးပါ။

    ၃။ အစိုဓာတ်နဲ့ ရေဓာတ်ပြည့်ဝနေပါစေ။

    နူးညံ့စိုပြေတဲ့ အသားအရေလေး ပိုင်ဆိုင်ရဖို့ ကိုယ်ခန္ဓာက အစိုဓာတ်နဲ့ ရေဓာတ်ပြည့်ဝနေဖို့ လိုအပ်ပါတယ်။ အစိုဓာတ်ဟာ ခန္ဓာကိုယ်အပြင်ကနေ ချွေးပေါက်ထိ စိမ့်ဝင်စေတယ်။ ရေဓာတ်ဟာ ခန္ဓာကိုယ်အတွင်းကနေ အသားအရေကို ပြုပြင်ပေးနိုင်ပါတယ်။ ဒါကြောင့် မျက်နှာသစ်ပြီးတိုင်း အစိုဓာတ်ထိန်းခရင်မ် တစ်မျိုးမျိုး လိမ်းပေးပါ။ ရေဓာတ်ခမ်းခြောက်မှု မဖြစ်စေဖို့ ကိုယ့်အိပ်ရာနားမှာ ရေဘူးတစ်ဘူး အမြဲဆောင်ထားပါ။ တစ်ရေးနိုးရင်း ရေတစ်ငုံလောက် သောက်ပေးပါ။ မနက်နိုးလာရင်လည်း ရေတစ်ဖန်ခွက် အပြည့် သောက်ပေးပါ။

    ၄။ ပက်လက်အနေအထားနဲ့ ကျောမှီအိပ်ပေးပါ။

    လူတော်တော်များများက ဘေးစောင်းအိပ်တတ်တဲ့ အကျင့်ရှိပါတယ်။ ဘေးစောင်းအိပ်တဲ့အခါ မျက်နှာကို ဖိထားသလို ဖြစ်စေတာကြောင့် အသားအရေကို ပွန်းပဲ့စေတာ၊ ယားယံစေတာ ဖြစ်စေသလို ဖိမိ၊ တိုက်မိတာကြောင့်လည်း အရေးအကြောင်းတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ညဘက်တွေမှာ ပက်လက်အိပ်တဲ့ အလေ့အကျင့်မျိုး လုပ်ထားပေးပါ။ ဘေးစောင်းပဲ အိပ်ချင်တယ်ဆိုရင်လည်း အသားအရေကို မထိခိုက်စေမယ့် ပိုးသား၊ ချည်သား ခေါင်းအုံးစွပ်မျိုး စွပ်ပေးပါ။

    ၅။ အိပ်နေစဉ် ခေါင်းကို မြင့်မြင့်ထားပါ။

    ညဘက်တွေမှာ ဟောက်တတ်တာ၊ နှာရည်ယိုကျတာကြောင့် အိပ်စက်ခြင်းကို ထိခိုက်စေပါတယ်။ အိပ်ရေးမဝတဲ့အခါ အသားအရေ ပျက်စီးလာမယ်ဆိုတာ ပြောစရာတောင် လိုမယ်မထင်တော့ပါဘူးနော်။ အိပ်နေစဉ် ခေါင်းကို မြင့်မြင့်ထားပေးတဲ့အခါ မျက်လုံးမို့ဖောင်းတာ၊ မျက်ကွင်းညိုတာကို သက်သာစေတယ်။ အရေပြားတွင်း သွေးလည်ပတ်မှု ကောင်းစေပါတယ်။ ဒါကြောင့် ကိုယ့်ခေါင်းအုံးက သေးတယ်ဆိုရင်လည်း အောက်ကနေ ခေါင်းအုံးတစ်ထပ် သို့မဟုတ် စောင်ကို လိပ်ပြီး ခံပြီး အိပ်ပေးပါ။

    ၆။ တစ်ရေးအိပ်နေစဉ် နေနဲ့ ဝေးရာမှာ အိပ်ပေးပါ။

    နေ့လည်နေ့ခင်းမှာ တစ်ရေးအိပ်တတ်တဲ့ အကျင့်ရှိတဲ့သူဆိုရင် နေရောင်ခြည် တိုက်ရိုက်ကျတဲ့ နေရာမှာ အိပ်တာမျိုး ရှောင်သင့်ပါတယ်။ နေရောင်ခြည်ဟာ အရေပြားနဲ့ တိုက်ရိုက်ထိတွေ့တဲ့အခါမှာ အသားအရေကို ညိုမည်းပျက်စီးလာစေတယ်။ အိုမင်းစေတယ်။ အိပ်ပျော်နေတာကြောင့် နေလောင်ကာခရင်မ်တွေ မလိမ်းထားမိတဲ့အခါ ပိုပြီးတောင် ဆိုးနိုင်ပါတယ်။ ဒါကြောင့် နေ့လည်ဘက် ခဏမှိန်းမယ်ဆိုရင်လည်း နေအလင်းရောင် မကျတဲ့ အခန်း၊ အမှောင်တစ်နေရာရာမှာ အိပ်ပေးပါ။

    ကျန်းမာလှပပြီး စိုပြေတဲ့ အသားအရေမျိုး ပိုင်ဆိုင်ရဖို့ သိပ်ပြီး အချိန်ပေးစရာမလိုပါဘူး။ အိပ်တဲ့အချိန်မှာ ဒီနည်းလမ်းတွေကိုနေ့စဉ်ပြုလုပ်ပေးမယ်။ အစားအသောက်ကိုလည်း ဆင်ခြင်မယ်။ အသားအရေကိုလည်း ပုံမှန်ထိန်းသိမ်းပေးမယ်ဆိုရင် အချိန်တိုအတွင်းမှာ နူးညံ့စိုပြေတဲ့ အသားအရေမျိုး ပိုင်ဆိုင်ရမှာ အသေအချာပါပဲ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement